spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့ရှိ စကခ (၇) လက်အောက်က စစ်ကောင်စီတပ်သားတွေကို ပြည်သူနဲ့အတူ ရပ်တည်ဖို့ ဗိုလ်ကြီး နေမျိုးဇင် သွားရောက်တိုက်တွန်းဖိတ်ခေါ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူနဲ့ အတူပူးပေါင်းဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) “ဘက်ပြောင်းရေး အစီအမံ စီမံကြီးကြပ်ရေးကော်မတီ” ရဲ့ ညွန်ကြားရေးမှူး ဖြစ်တဲ့ တပ်မတော် အရာရှိဟောင်း ဗိုလ်ကြီး နေမျိုးဇင်က သွားရောက် ဖိတ်ခေါ်ခဲ့ပါတယ်။

တပ်မတော်အရာရှိဟောင်းဖြစ်တဲ့ ဗိုလ်ကြီးနေမျိုးဇင်ဟာ လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြေပြင်မှာ သွားရောက်တွေ့ဆုံနေတာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖယ်ခုံမြို့က စစ်ကောင်စီတပ်သားတွေကို ကိုက် ၇၀၀ အကွာကနေ လော်စပီကာနဲ့ သွားရောက်တိုက်တွန်းဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့နဲ့အတူ သွားရောက်ဖိတ်ခေါ်ထားတဲ့ ဗီဒီယိုဖိုင်ကို ဗိုလ်ကြီးနေမျိုးဇင်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

“ပြည်သူတစ်ရပ်လုံးက ခင်ဗျားတို့ကို နွေးထွေးစွာ ကြိုဆိုနေတဲ့အတွက် ဘက်ပြောင်းလာတဲ့ စစ်သည်တော် အရာရှိများအား အခုဆိုရင် ကျနော်နှင့်အတူ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း ရှိနေပြီဖြစ်တယ်။ ကျနော်တို့ စစ်အရာရှိဟောင်းတစ်ယောက်ကို ယုံကြည်စွာနဲ့ တိုင်းရင်းသား အထူးသဖြင့် အခု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကျနော့်ကို ဘက်ပြောင်းရေး အစီအမံ စီမံအုပ်ချုပ်ရေးကော်မတီရဲ့ ညွန်ကြားရေးမှူးအဖြစ် တရားဝင် ခန့်အပ်ပြီးတော့ ဘက်ပြောင်းလာတဲ့ စစ်သည်အရာရှိတွေကို နွေးနွေးထွေးထွေး ကြိုဆိုနေရာချထားဖို့ အဆောက်အဦးတွေ၊ မိသားစုလိုက် ထားစရာ နေရာတွေ ခင်ဗျားတို့ သားသမီး ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်ဖို့ အစီအစဥ်တွေ အားလုံး ပြင်ဆင်ထားပြီး ဖြစ်တယ်။” လို့ ဗိုလ်ကြီးနေမျိုးဇင်က သူ့ရဲ့ဗီဒီယိုဖိုင်မှာ ပြောဆိုထားပါတယ်။

ပြည်သူ့စစ်သားကောင်း သစ္စာစကားနဲ့အညီ လုပ်ဆောင်နေဖို့၊ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်လာပြီး မိမိတို့ရဲ့ သားသမီးတွေရဲ့ ရှေ့ရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ ကောင်းစားဖို့ နွေးထွေးစွာ ကြိုဆိုတယ်လို့ ဗိုလ်ကြီး နေမျိုးဇင်က ဆက်လက် ပြောဆိုထားပါတယ်။

“ခင်ဗျားတို့ ဆိုနေတဲ့ သစ္စာမှာ ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိ ရိုသေပါ့မယ်လို့ နေ့စဥ် ဆိုနေတာဖြစ်တယ်။ ငါတို့သည် မင်းအောင်လှိုင်နဲ့ သူ့မိသားစု ပြည်သူ့ဘဏ္ဍကို ခိုးချင်ရာ ခိုးပိုင်ခွင့်ရဖို့ ငါတို့ အသက်ကို ပေးရပါမည်လို့ ဆိုနေတာမဟုတ်ပါဘူး။”လို့ ဗိုလ်ကြီးနေမျိုးဇင်က ဆက်ပြောပါတယ်။

ဆက်သွယ်လိုတဲ့ တပ်ရင်းမှူးဖြစ်စေ၊ အရာရှိဖြစ်စေ၊ တပ်သားဖြစ်စေ ဆက်သွယ်ရေးချန်နယ်ဖြစ်တဲ့ 067770 ကို အချိန်မရွေး ဆက်သွယ်လာနိုင်တယ်လို့ ဗိုလ်ကြီးနေမျိုးဇင်က ဆိုပါတယ်။

ဗိုလ်ကြီးနေမျိုးဇင် နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်ဖိတ်ခေါ်နေစဉ်အတွင်းမှာပဲ စစ်ကောင်စီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတာရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ တပ်သားတွေကို IEC ရဲ့ “ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးကော်မတီ”ကနေ ဖိတ်ခေါ်နေပြီး ဘက်ပြောင်းလာတဲ့ မည်သည့်တပ်သားကိုမဆို အာမခံချက်နဲ့အညီ ဆောင်ရွက်ပေးသွားမယ်လို့ IEC က ပြောပါတယ်။ “ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးကော်မတီ” ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကော်မတီဝင် ၅ ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း IEC ကထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts