spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမှာ နှစ်ဖက်ထိတွေ့မှုရှိနေဆဲ၊ ဒေသခံတွေ နေရပ်မပြန်သေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ အသိပေး

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ပေါ်မှာ နေ့စဥ်နဲ့အမျှ နှစ်ဖက် ထိတွေ့မှု ရှိနေဆဲဖြစ်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိသေးတာကြောင့် ဒေသခံတွေ နေရပ်မပြန်ကြသေးဖို့ တိုက်တွန်း အသိပေးချင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မိမိရဲ့ လုံခြုံရေးကိုသာ အဓိကထားဦးစားပေးပြီး မြို့ထဲ ပြန်မဝင်ကြသေးဖို့ ပြည်သူတွေကို အသိပေးချင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“လုံခြုံမှုမရှိတဲ့အနေအထားတစ်ခုမှာ ကျနော်တို့ တိုက်တွန်းချင်တာကတော့ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ လုံခြုံရေးကို ဦးစားပေးပါပေါ့နော်။ လုံခြုံရေးကို ဦးစားပေးပြီးတော့မှ မပြန်သင့်တဲ့ အနေအထား တစ်ခုလို့ပဲ ကျနော်တို့ကတော့ အသိပေးချင်ပါတယ်ပေါ့နော်။ မြို့ထဲ အဝင်အထွက်လုပ်လို့ မရသေးတဲ့အနေအထားတစ်ခုဖြစ်ပါတယ်။ လတ်တလောမှာက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေက ဆက်တိုက်ရှိနေသေးတဲ့အတွက် လူထုတွေအတွက် လုံခြုံမှုမရှိသေးတဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေ မြို့ထဲ အဝင်အထွက်လုပ်ဖို့က မသင့်တော်သေးတဲ့အခြေအနေမျိုးပါပေါ့” လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာဟာ ပြင်းထန်တဲ့ အခြေအနေမဟုတ်ပေမယ့် နှစ်ဖက်ထိတွေ့မှု‌တွေ နေ့စဥ်နဲ့အမျှ ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ လှုပ်ရှားမှု တစ်စုံတစ်ခုတွေ့ရှိတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေအပြင် လေကြောင်း၊ ဒရုန်းဗုံးသီးတွေနဲ့ လိုက်ကြဲတာတွေ ပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေဟာ လက်ရှိအချိန်ထိ နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အတိအကျတော့မသိဘူး။ အဆက်အသွယ်ရှိတဲ့သူတွေကို မေးကြည့်တာကတော့ မပြန်ကြသေးဘူးလို့တော့ပြောတယ်။ ပြန်လို့ အဆင်မပြေသေးဘူး လို့ပဲပြောပါတယ်။ တိုက်ပွဲ ဖြစ်တာမရှိပေမယ့် စိုးရိမ်ရတဲ့အခြေအနေမှာရှိနေသေးတော့ မပြန်ရဲကြသေးဘူးလို့ ပြောကြတယ်။” လို့ ဒေသခံနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတချို့တွေမှာ ဒေသခံတွေ နေထိုင်ကြပေမယ့် ဖယ်ခုံမြို့ပေါ်မှာတော့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဖယ်ခုံမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကစပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာကြောင့် ဒေသခံတွေဟာ နီးစပ်ရာမြို့နယ်တွေနဲ့ တောတောင်တွေထဲကို တိမ်းရှောင်ကြရတာ ဖြစ်ပါတယ်။

spot_img
spot_img