spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှာ လက်နက်ကြီးကျရောက်ပြီး အမျိုးသမီးသုံးဦး ထိမှန်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများပြား

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ရက်နေ့) နေ့လည်ပိုင်းအချိန်မှာ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကျေးရွာတွေထဲကို ဖယ်ခုံမြို့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ပြီး အမျိုးသမီးသုံးဦး ထိမှန်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

“ဖယ်ခုံကနေလှမ်းပစ်တာ ဘယ်တပ်ကနေလဲတော့မသိဘူး ရုတ်တရက် ပစ်လာတဲ့အခါကျတော့ စစ်ရှောင်တဲ့ပြည်သူတွေကော ရွာခံကော အဲ့လိုဖြစ်ကုန်တာ မနေ့ကအထိ ဆုံးသွားတာကတော့ ၃ယောက်ပေါ့။ တယောက်ခါကျတော့ တူမလေး နောက်တစ်ပိုင်းမရှိတော့ဘူး။ ကျောင်းသူလေး ကျောင်းကအပြန် လမ်းပေါ်မှာဖြစ်သွားတယ်။ ဆိုင်ကယ်တစ်စီးထိတယ် မီးလောင်တယ်။ သက်ကယ်ပစ်နေတဲ့ အဖွားကြီးတစ်ယောက်လည်း ခြေတစ်ခြမ်းတောင်မရှိတော့ဘူး အဲ့လိုလေးတွေ ထိတာပေါ့။ ဒဏ်ရာပြင်းထန်တဲ့သူတွေလည်း ဘယ်နဦးမှန်းမသိရသေးဘူး ဒဏ်ရာအပြင်းအထန်ရတဲ့သူလည်းများတယ် ရှပ်ထိတဲ့သူတွေလည်းများတယ် ဝရုန်းသုန်းကားဖြစ်သွားကြတာပေါ့ တောင်ပြေးမြောက်ပြေးပေါ့။ ရွာသားတွေကော စစ်ရှောင်လာတဲ့ပြည်သူတွေကောပဲ။” လို့ ထိခိုက်သေဆုံးရသူရဲ့ မိသားစုနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးမှာ ဆယ်တန်းကျောင်းသူ စစ်ဘေးရှောင်တစ်ဦး၊ အသက် ၃၀ ကျော်အရွယ် ဒေသခံ ကလေးမိခင်တစ်ဦးနဲ့ အသက် ၅၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦး တို့ဖြစ်ကြတယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ နေရာဟာ တစ်ကြိမ်တစ်ခါမှ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့အပြင် မည်သည့်တော်လှန်ရေးအင်အားစုတွေမှ နေထိုင်ခြင်း မရှိတဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ ကျေးရွာမှာ ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေ တစ်ထောင်ဝန်းကျင် လာရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။

” ပထမဆုံးအကြိမ် လက်နက်ကြီးကျတာ၊ စစ်ကြောင်းထိုးတာလည်း မရှိဘူး။ ပြီးတော့ အဲ့ဖက်မှာက ရွာသားနဲ့ စစ်ရှောင်တွေဘဲ ရှိတယ်။ တိုက်ပွဲလည်း တခါမှ မရှိဖူးဘူး။ အကြောင်းမဲ့ပေါ့ ဘားမှတိုက်ပွဲတွေလည်းမဖြစ်ဘူး စစ်ရှောင်တွေအများကြီးနေတဲ့ရွာလေ” လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။

စစ်ကောင်စီအခြေစိုက်တပ်ရင်းကနေ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးကျရောက်မှုကြောင့် လူထိခိုက်သေဆုံးမှုအပြင် နေအိမ်၊ ဆိုင်ကယ်လည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

မိုးဗြဲ-ဖယ်ခုံ ပြည်ထောင်စုလမ်းမကြီးမှာ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်း၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၃၆)၊ ခမရ (၄၂၁) နဲ့ အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) တို့ တည်ရှိပြီး မည်သည့်တပ်ရင်းက ပစ်ခတ်တယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းအရ ကရင်နီပြည်အတွင်းနဲ့ ရှမ်း – ကရင်နီနယ်စပ်မှာ ၂၀၂၄ ခုနှစ် တစ်လကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၃ ဦး ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၅ ဦးနဲ့ သတ်ဖြတ်ခံရတဲ့ အရပ်သား ၇ ဦး စုစုပေါင်း ၁၅ ဦးအထိ ရှိလာခဲ့ပါတယ်။

spot_img
spot_img