spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ လူဦးရေထက်ဝက်ကျော် ရာသီတုပ်ကွေးဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံအနောက်ဘက်ခြမ်းမှ လူဦးရေ ၂၀၀ နီးပါးရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ လူဦးရေထက်ဝက်ကျော်လောက်က ပြီးခဲ့တဲ့ ဇွန်လ ကစပြီး ရာသီတုပ်ကွေး ဖြစ်နေကြတယ်လို့ စစ်ရှောင်တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ က စလို့ ကလေးငယ်တွေကနေ စတင်ဖျားနာကြတာဖြစ်ပြီး၊ တစ်ဦးနဲ့တစ်ဦး ကူးစက်တာကြောင့် စခန်းတစ်ခုလုံးနီးပါး ဖျားနာကြတယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကလေးငယ်တွေ အဖြစ်များတယ် ၆ လ ၇ လ ၊ တစ်နှစ်ကျော် ကလေးတွေလည်း အဖြစ် များတယ်။ အကြီးပိုင်းတော့ ဘယ်လိုဖြစ်လဲမသိဘူး လည်ချောင်းနာတာလား ဘယ်လိုတုန်း၊ အဲလိုဖြစ်တာများတယ် လူကြီးပိုင်းတော့။ ပြီးတော့ အန်တာတို့ အဲလိုမျိုး ဘယ်လိုလဲ မသိဘူး။ ဖြစ်တာ အများကြီး။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှာ ကျန်းမာရေးဝန်ထမ်း‌တွေ မရှိတဲ့အပြင်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ရှိနေတဲ့ဆေးဝါးတွေနဲ့ စခန်းအတွင်း ဆေးဝါးအကြောင်း အနည်းငယ်တတ်သိတဲ့ သူကပဲ ကုသပေးနေရတယ်လို့ဆိုပါတယ်။

“ တချို့ဆရာနဲ့ ဆက်သွယ်ပြီးတော့ ဆေးတော့ယူလာခိုင်းတယ်ပေါ့နော်။ အပြင်မှာရနိုင်တဲ့ဆေး ပမာဏ ဘယ်လောက်ရှိနိုင်လဲဆိုတာ အဲဒီဆေးကနေ ကျနော်တို့ အဆောင်အထိ ယူလာပေးတယ်။ ဒါပေမယ့် ယောက်တိုင်းတော့ မရကြဘူးပေါ့နော်။ တချို့တော့လည်း အပြင်မှာ ဆေးခန်းပို့ပေးတယ်ဗျ” လို့ အဆိုပါ စစ်ရှောင်စခန်းမှ ကော်မတီတစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှ စစ်ရှောင်တွေဟာ မေ လ အတွင်း မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကပျာကယာ ထွက်ပြေးတိမ်းရှောင်ခဲ့သော မိုးဗြဲပြည်သူတွေ ဖြစ်ကြပါတယ်။ လက်ရှိမှာတော့ စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ စောင်၊ ခြင်ထောင်တွေ အဓိကလိုအပ်တယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ခြင်ထောင်ကတော့ မရှိသေးဘူး။ အဝတ်အစားခါကျတော့ သူများလာလှူပေးတာတော့ရှိပါတယ်” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး စတဲ့ ရောဂါတွေဟာ ခြင်ကနေတစ်ဆင့် ကူးစက်တတ်တာကြောင့် ခြင်ကိုက် မခံရအောင် အဓိက ကာကွယ်ပေးရမှာဖြစ်တယ်လို့ ဆရာဝန်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။

“ကျတော်တို့နိုင်ငံ အနေအထားနဲ့ ကာကွယ်နိုင်ဖို့ဆိုတာကတော့ ဒီခြင်ကိုက်မခံရ‌အောင် ကာကွယ်ခြင်း က နံပါတ် ၁ အရေးကြီးဆုံးပဲ။ ကလေးတွေကို ခြင်ထောင်နဲ့ အိပ်ဖို့ပေါ့နော။ ခြင်ထောင်နဲ့အိပ်ဖို့ ခြင်နှိမ်နင်းဖို့ ‌ပေါ့နော။ ခြင်နှိမ်နင်းဖို့ဆိုတာ ပိုးလောက်လမ်း အဆင့်ကတည်းက နှိမ်နင်းနိုင်ဖို့ လိုတာပေါ့” လို့ အဆိုပါ ဆရာဝန်က ပြောပါတယ်။

ကရင်နီပြည်နဲ့ ရှမ်း- ကရင်နီနယ်စပ်မှာ လက်ရှိအချိန်ထိ စစ်ရှောင်လူဦးရေ ၂ သိန်းခွဲကျော်ဟာ တောတောင်ထဲ စစ်ရှောင်နေရကြပြီး၊ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေထံကနေ သိရှိရပါတယ်။

spot_img
spot_img