ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအုပ်စုက ဖိုးစိုး၊ လေဒူခေါင်၊ ခေါင်တလို ကျေးရွာသုံးရွာမှာ လသားအရွယ် ကလေးငယ်တွေနဲ့ လူကြီးတွေပါ အရေပြားရောဂါ ကူးစက်မှု ဖြစ်ပွားနေကြတာကို တွေ့ရတယ်လို့ ကယန်းအမျိုးသမီး အစည်းအရုံးမှ ကွင်းဆင်းလေ့လာရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
အဆိုပါ ကျေးရွာသုံးရွာမှာ လူဦးရေ ၇၀၀ ကျော်ရှိပြီး ဖြစ်ပွားသူ ၁၅၀ ဝန်းကျင်ရှိနေတာကြောင့် လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဟာ အရေပြားယားရောဂါတွေ ဖြစ်ပွားနေတာပါ။ ဖြစ်ပွားသူတွေထဲမှာ လသားအရွယ်ကလေးငယ်တွေများပြီး ကုသရခက်တဲ့ အနေအထားမျိုးရှိတယ်လို့ ကွင်းဆင်းလေ့လာရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“လူကြီးတွေခါကျတော့ တစ်ချို့က ယားယံပြီးတော့မှ အမျိုးအစားနည်းနည်းကွဲတာမျိုး မပြောတတ်ဘူး ယားတယ် ယားပြီးတော့မှ တစ်ချို့တွေကျ အနာစီးပုံစံ မျိုးပေါ့။ စီးပြီးတော့မှ ခွဲရတဲ့ပုံစံမျိုးလည်းတွေ့ရတယ်ပေါ့နော်။ ကလေးငယ်တွေကျ လည်ပင်းမှာလည်း အနာပေါက်တာမျိုးထပ်ဖြစ်တော့ ဘယ်လို ကုပေးရမလဲမသိဘူး ဆိုတဲ့ဟာမျိုးလည်း ကျမတို့မြင်မိတာပေါ့နော်” လို့ ကယန်းအမျိုးသမီး အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

အဆိုပါဖြစ်ပွားနေတဲ့ ကျေးရွာ ၃ရွာထဲမှာ ဆေးပေးခန်း ၁ခုရှိနေပေမဲ့ တရွာနဲ့တရွာ အလှမ်းဝေးပြီး၊ မိုးတွင်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ဆေးပေးခန်းကို မသွားရောက်နိုင်ကြဘူးလို့ သိရပါတယ်။
“မိုးရာသီရောက်တဲ့အခါမှာ လမ်းတအားချော်တော့ လမ်းကအခက်အခဲဖြစ်တယ်။ သူတို့လမ်းသွားလမ်းလာဖို့ တော်တော်လေး အခက်ခဲရှိတဲ့ဟာမျိုးရှိတယ်။ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ဆေးခန်းထိသွားပြဖို့ အဲ့ကျေးရွာထဲမှာ ဆေားခန်းဖွင့်ထားတာရှိတယ်ပေါ့နော်။ သူတို့ ဆေးခန်းထိ သွားဖို့လာဖို့ အခက်ခဲရှိတော့ သူတို့ ကျန်းမာရေး နဲ့ပတ်သက်ပြီး လက်လှမ်းမီဖို့ သူတို့အခက်ခဲရှိတာလည်း တွေ့ရတယ်ပေါ့နော်။” လို့ ကယန်းအမျိုးသမီး အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ သိကျိတ်အုပ်စုထဲက ဖိုးစိုး၊ လေဒူခေါင်၊ ခေါင်တလို စတဲ့ ကျေးရွာတွေမှာ မိုးဗြဲ၊ လွိုင်ကော် နဲ့ ဖယ်ခုံက စစ်ရှောင်တချို့ လာရောက် စစ်ဘေးရှောင်နေကြတာရှိတယ်လို့ သိရပါတယ်။