spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံ-ပင်လောင်း နယ်စပ်တစ်နေရာမှာ နှိပ်စက်ခံထားရတဲ့အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိ

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဧပြီလ ၂၆ရက်) မှာ စစ်ကောင်စီတပ်စွဲခဲ့တဲ့ တောင်မဲသင်းနဲ့ မြောက်စလုံး ရွာကြားက လယ်ခြားကျေးရွာမှာ လက်နောက်ပြန် ကြိုးတုပ်ထားပြီး မျက်လုံးနှစ်လုံး အထုတ်ခံထားရသလို ဦးခေါင်း၊ ဦးနှောက်ထွက်ပြီး သေဆုံးနေတဲ့ အရပ်သားပြည်သူ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း (၁၁) က ထုတ်ပြန်ထားပါတယ်။

KNDF တပ်ရင် း(၁၁) နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ မနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အသတ်ခံထားရတဲ့ သူကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံထားရတာဖြစ်နိုင်တယ်လို့ KNDFတပ်ရင်း(၁၁) က ဖော်ပြထားပါတယ်။

အသတ်ခံခဲ့ရတဲ့ အမျိုးသားရဲ့ အမည်၊ နေရပ်လိပ်စာတွေကို စုံစမ်းနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေကနေ မီးသင်္ဂြိုလ်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ လယ်ခြားကျေးရွာမှာ ဧပြီလ (၂၅) ရက်နေ့အထိ စစ်ကောင်စီ တပ်စွဲခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေမှာ အထိနာတဲ့အတွက် တောင်မဲသင်းရွာဖက်ကို ဆုတ်ခွာသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူလူထုတွေအနေနဲ့လည်း တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ သွားလာခြင်းမပြုလုပ်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ထုတ်ပြန်အသိပေးတာတွေလည်း ရှိပါတယ်။ ဖယ်ခုံ-ပင်လောင်း နယ်စပ်ဒေသတွေဖက်မှာဆိုရင် ဖေဖော်ဝါရီလ ၂၄ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

spot_img
spot_img