spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်ကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ပျက်စီးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၁၀ နာရီခွဲအချိန်မှာ စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးနဲ့ နှစ်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ်နဲ့ စာသင်ကျောင်းဆောင်တွေ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ” လူကို ထိခိုက်သွားတာတော့မရှိဘူးပေါ့နော။ အိမ်ကိုတော့ ပျက်စီးသွားတယ်ပေါ့။ လူက ဗုံးခိုကျင်းထဲဝင်နေလိုက်လို့ပေါ့။ အကုန်လုံးဝင်တယ်ပေါ့။ မောင်လေးက ဝင်ပြီး သေချာတောင်မဝင်လိုက်သေးဘူး။ အဲ့တာ ကျသွားတယ် နောက် ဒါပေမယ့် ကံကောင်းလို့ပေါ့ မထိဘူး။ အိမ်မှာအိပ်နေတဲ့မိသားစုက ၇ယောက်ရှိတယ်။ ကလေးငယ် ၃ယောက်ရှိတယ်။ ၅နှစ်ကျော်တစ်ယောက်ရယ် ၊ ၄ နှစ်ကျော်တစ်ယောက်ရယ်၊ ၁နှစ်ကျော် ၁ယောက် ရယ်။ ” လို့ ပြောပါတယ်။

စာသင်ကျောင်းဆောင်အနီးမှာ တလုံးကျရောက်ခဲ့ပြီး စာသင်ကျောင်းဆောင်၊ အိမ်သာ၊ ဆရာ ဆရာမနေအိမ်တွေကို ထိမှန်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် လူနေအိမ်အနီးမှာလည်း တလုံးကျရောက်ခဲ့တာကြောင့် အိမ် ၄ လုံး ပျက်စီးခဲ့သလို အခြားသော ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အဆိုပါ ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်နေကြရပြီး စစ်ရှောင်ကြသူတွေလည်း ရှိနေပါတယ်။

” လန့်သွားတာပေါ့ တော်တော်ကို အဖိုးအဖွားကိုလည်းတော်တော်စိုးရိမ်သွားတယ်။ ရုတ်တရက်ကြီးဆိုတော့လည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတယ်ပေါ့။ ဒါပေမယ့် လူကဘာမှမဖြစ်တော့ တော်တော်ကံကောင်းတယ်လို့ပဲထင်တာပေါ့နော။ အကယ်၍ အရင်သာမကြားခဲ့ရင်ပေါ့နော ကျောင်းမှာကျတဲ့တစ်လုံး အရင်သာ မကြားခဲ့ရင် မတွေးရက်စရာကြီးပေါ့ ။ ဒီဘက်မှာအိပ်တော့ ဟို အိမ်ကလည်း တော်တော်ပျက်သွားတယ် ဟို သစ်သားကြီး ပြုတ်ကျပြီး ဒဏ်ရာရရင်ရ မရရင် လက်နက်ကြီး မှန်မှာပဲလို့တော့ ထင်တယ်။ “လို့ ဒေသခံအမျိုးသမီးကလည်း ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လေယာဉ်၊ လက်နက်ကြီးရန်ကို ကြောက်လန့်တာကြောင့် အဆိုပါ ကျေးရွာက စာသင်ကျောင်းကိုလည်း ပြီးခဲ့တဲ့ရက်ကတည်းက ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

ဒေသခံတွေနဲ့ စစ်ရှောင်တွေ စုပေါင်းနေထိုင်ကြတဲ့ အဆိုပါ ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ကျေးရွာအတွင်းကို လက်နက်ကြီးမကြာခဏ ကျရောက်ခဲ့တာလည်း ရှိပါတယ်။

လက်ရှိမှာလည်း ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီက ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတွေကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ် ပျက်စီးဆုံးရှုံးမှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img

Recent posts