spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ အများအပြားဖျားနာကြပြီး ဆေးဝါးအခက်အခဲရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်အများအပြား ပြီးခဲ့တဲ့အပတ်ကစပြီး လက်ရှိအချိန်အထိ တုပ်ကွေးလက္ခဏာတွေနဲ့ ဖျားနာမှုရှိနေတဲ့အတွက် ဆေးဝါးအခက်အခဲရှိနေတယ်လို့ ဆေးဝါးကုသမှုပြုလုပ်ပေးနေတဲ့ ဆေးဆရာမတစ်ဦးက ပြောပါတယ်။

“တ‌စ်ယောက်ဖျားပြီဆိုရင် တစ်အိမ်လုံးကူးသွားတယ်။တစ်ယောက်ပြီးတ‌စ်ယောက် ဆေးတွေလာယူကြတယ်။ တစ်ရက်ပြီးတစ်ရက် ပိုများလာတယ်။ ဆေးကမလုံမလောက်နဲ့ ဘယ်မှာ သွားယူရတော့မလဲ။ ဆေးတွေမှာရင်လည်း ခုမှာ ခုချက်ချင်းရတဲ့ဟာမျိုးလဲမဟုတ်ဘူးလေး။” လို့ ဆရာမကပြောပါတယ်။

လူနာအများစုကတော့ ကိုယ်ပူ၊ ချမ်းစိမ့်၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ခေါင်းကိုက်၊ နှာစေး၊ မျက်စိပူ စတဲ့ လက္ခဏာတွေ အဖြစ်များပြီး ကလေးငယ်တွေကတော့ ညသန်းခေါင်ယံမှာ ကိုယ်အပူချိန် အလွန်ကြီးတာတွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဆေးဝါး အဆမတန်ဈေးနှုန်းမြင့်တက်နေတာကြောင့် ဆေးဝယ်ထားနိုင်ခြင်းမရှိတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အလှူရှင်တွေ ကူညီလှူဒါန်းထားတဲ့ ဆေးတွေလည်း စစ်ရှောင်စခန်းထိရောက်ဖို့ ကြန့်ကြာနေတယ်လို့ ဆရာမကပြောပါတယ်။ လက်ရှိမှာတော့ ရှိတဲ့ဆေးဝါးတွေနဲ့ တစ်နိုင်တစ်ပိုင်ကုသပေးနေတာဖြစ်ပါတယ်။

လူကြီးပိုင်းတချို့မှာ ဆေးသောက်ပြီး ပြန်လည်သက်သာလာကြပေမယ့် ကလေးငယ်အများစုမှာတော့ မသက်သာကြသေးဘူးလို့ သိရပါတယ်။

ကလေးရဲ့ဖခင်တစ်ဦးကတော့ “ကလေးက ပထမရက်က မိုးမိထားလို့ ညနေရောက်တော့ စဖျားတယ်။ ခေါင်းကိုက်တယ်။ သူချမ်းတုန်ပြီး‌တော့လည်း ကိုယ်လည်းပူတယ်။ ဒီညကစဖျားတယ်။ မနေ့က စဖျား ချင်နေတာ သူနဲ့လာနေတော့ သူဖျားနေတယ်။ အစာနည်းနည်းပါးပါး စားနိုင်တယ်။ မနေ့က ညနေမှာ သူ ကောင်းကောင်း မစားချင်ဘူး။ သူစောစောအိပ်သွားလို့ သူများများမစားခဲ့ဘူး ။ မနက် ရောက်တော့ သူ နည်းနည်းပြန်စားလာတယ်” လို့ ပြောပါတယ်။

လည်ချောင်းနာတဲ့စစ်ရှောင်အများစုကတော့ ကိုဗစ်ရောဂါဖြစ်ကြမှာကို စိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၄၀၀ နီးပါးရှိပြီး လူဦးရေစုစုပေါင်း ၁၇၀၀ ကျော်နေထိုင်ကြတယ်လို့ သိရပါတယ်။

spot_img

Recent posts