spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်ရှိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက် တပ်ရင်းမှူးနဲ့ ဒု-တပ်ရင်းမှူးအပါအဝင် (၇၁)ဦး ထိခိုက်သေဆုံးပြီး ပူးပေါင်းတပ်ဖက် (၃)ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်)

သြဂုတ်လ (၂)ရက်နေ့ကတည်းကနေ ဒီးမော့ဆို-ဖရူဆို ပြည်မကြီးတစ်လျောက် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီရဲ့ တပ်မ (၅၅) လက်အောက်ခံတပ်တွေ နဲ့ ကရင်နီဒေသခံကာကွယ်ရေးကူးပေါင်းတပ်တို့ သြဂုတ်လ(၁၄)ရက်နေ့အထိ နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။

ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ် နဲ့ ထီးသော်ကူး ကျေးရွာမှာတော့ ဩဂုတ်လ (၁၀)ကနေ (၁၂)အထိ ၃ရက် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဖက် တပ်မ (၅၅)လက်အောက်ခံတပ် ၊ ခလရ(၃)မှ တပ်ရင်းမှူး နဲ့ ဒုရင်းမှူး အပါအဝင် (၂၆)ဦး နဲ့ ခမရ(၁၁၂) မှ တပ်ဖွဲ့ဝင်(၄၅)ဦး စုစုပေါင်း (၇၁)ဦး ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ ကာကွယ်ရေးပူးပေါင်းတပ်အသီးသီးက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်နက်ငယ်အစုံ(၁၅)လက်၊ လက်နက်ကြီး(၁) လက်၊ ဆက်စပ်ခဲယမ်းမီးကျောက်တွေနဲ့ ကျည်ဆံ၊ အသုံးအဆောင်ပစ္စည်း စတာတွေကို လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ်လ (၁၄)ရက်နေ့အထိ ထိတွေ့တိုက်ပွဲတွေအတွင်းမှာလည်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖက်မှာ ကရင်နီတပ်မတော် မှ ဒုဗိုလ်တစ်ဦး၊ KNDFတပ်ရင်းအမှတ်(၄) မှ ရဲဘော်တစ်ဦး နဲ့ KNDFတပ်ရင်းအမှတ် (၁၉) မှ ရဲဘော်တစ်ဦး စုစုပေါင်း (၃)ဦး ကျဆုံးခဲ့ရပါတယ်။

စစ်ကောင်စီဖက် လေကြောင်းသုံးတိုက်ခိုက်မှုတွေလည်းရှိနေပြီး ဩဂုတ်လ (၁၂)ရက်နေ့ မှာလည်း ထီးသော်ကူးကျေးရွာ ကတ်သလစ်ဘုရားကျောင်းတစ်ကျောင်းကို စစ်ကောင်စီ မှ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိလည်း ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျောက်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ပြည်သူတွေအနေနဲ့ သွားလာခြင်းမပြုလုပ်ဖို့ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက အသိပေးထားပါတယ်။

တိုက်ပွဲအတွင်းမှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ အလယ်ပိုင်းတိုင်း -ကရင်နီ(ကယား)စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ကရင်နီဝံပုလွေစစ်ကြောင်း နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ဟာ အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်းနဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img