spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်တဲ့အတွက် စစ်ဘေးရှောင်တွေ ထပ်ဆင့်စစ်ရှောင်နေကြရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလအစောပိုင်းကစပြီး ကရင်နီပြည် ဖရူဆိုမြို့နယ်က စစ်ရှောင်စခန်း နေရာနှစ်ခုကို စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်မှုရှိနေတာကြောင့် စစ်ရှောင်တွေ စိုးရိမ်ထိတ်လန့်နေကြရပြီး တချို့မှာ ထပ်ဆင့် စစ်ရှောင်ကြတာရှိတယ်လို့ သိရပါတယ်။

စစ်ရှောင်ကာလ နှစ်နှစ်ကျော်ကာလအတွင်း စစ်ရှောင်စခန်းအနီးကို လက်နက်ကြီးကျရောက်တာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ လက်နက်ကြီးကျရောက်တဲ့ စစ်ရှောင်စခန်းတစ်ခုမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“ကျမတို့ စစ်ရှောင်တဲ့ နေရာ နီးနီးနားနား အထိတော့ အဲ့ဒီလက်နက်ကြီး တစ်ချက်နှစ်ချက်တော့ ကျလာတာပေါ့နော်။ လက်နက်ကြီးဆိုတာက သူတို့ပြောတဲ့ ၁၂၀ လာအဲ့လိုတော့ ကျမတို့ စစ်ရှောင်တဲ့ ဒီတစ်နှစ်နှစ်နှစ်အတွင်းကာလမှာက အဲ့လိုမျိုး နီးနီး နားနားကျတာတော့ တစ်ခါမှ မကြားဖူးဘူးပေါ့နော်” လို့ သူက ဆိုပါတယ်။

စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြပြီး စစ်ရှောင်တချို့ဟာ စစ်ရှောင်စခန်းမှာ မနေထိုင်ရဲကြတော့ဘဲ အခြားနေရာကို ထပ်ဆင့် ရွေ့ပြောင်းကြတာ ရှိတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်မှာ ရှိတဲ့ ပြည်သူတွေ ကလည်း သူတို့ကြောက်လန့်ကြခါကျတော့ အခြားနေရာ ထပ်ဆင့် ထပ်ရှောင်ကြတာပေါ့နော်။ ပြီးတော့ ကိုယ့်အိမ်မှာလည်း မနေရဲကြတော့ဘူးပေါ့။ ဘာလို့လဲဆိုတော့ အရင်ကနဲ့ မတူဘဲနဲ့ စစ်ကြောင်းက ကျမတို့ ဖက်ရောက်လာတာပေါ့။ အရင်ကမရောက်လာဘူးပေါ့နော်” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆိုပါတယ်။

ထပ်ဆင့် စစ်ရှောင်ကြတဲ့ စစ်ရှောင်တွေဟာ လုံခြုံတယ်လို့ ယူဆကြတဲ့ ကျောက်ကြား၊ တောင်ကြားမှာ သွားရောက်နေထိုင်ကြပြီး မိုးရာသီကာလဖြစ်တဲ့အတွက် မိုးမိပြီး နေမကောင်းဖြစ်ကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်မှာ ဖရူဆိုမြို့နယ် လောကျေခူကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပြီး လက်ရှိမှာတော့ တိုက်ပွဲ ငြိမ်နေပေမဲ့ နေ့စဉ် လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိတယ်လို့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီတစ်ပတ်အတွင်းကတော့ တိုက်ပွဲတော့ မတွေ့ဘူးပေါ့နော်ဆရာမ။ ဒါပေမဲ့ ဒီ လက်နက်ကြီးပစ်တာတော့ရှိတယ်။ရက်တိုင်းလိုလိုပဲလားဆို‌တော့ ဟိုတစ်ရက်လည်းကြားတယ်။ မနေ့က မိုးချုပ်တဲ့အချိန်လည်းကြားတယ်။ ဘယ်နားမှာကျလဲတော့မသိဘူး” လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ဒီးမော့ဆို- ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်ထိတွေ့ဖြစ်ပွားမှု ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးရင်း ဒေသခံတွေရဲ့ နေအိမ်ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

spot_img
spot_img

Recent posts