spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အရှေ့ဘက်က ကျေးရွာတွေမှာ ယခုနှစ်အတွက် လျာခူ (ဆုအီဘာ) အကျဥ်းချုပ်သာ ပြုလုပ်နိုင်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ရွေ့ပြောင်းတောင်ယာလုပ်ကိုင်တဲ့ ဒေသခံတချို့ဟာ ယခု မတ်လအတွင်းမှာပဲ ခုတ်ထားတဲ့ တောင်ယာတွေမှာ လျာခူ (ဆုအီဘာ) လို့ ခေါ်တဲ့ တောင်ယာမီးရှို့တဲ့ ဓလေ့ကို ပြုလုပ်ခဲ့ကြပါတယ်။

ယခုနှစ်အတွက် လျာခူ (ဆုအီဘာ)ကို အကျဉ်းချုပ်သာပြုလုပ်ခဲ့ကြတာပါ။ ဓလေ့အရတော့ လျာခူ(ဆုအီဘာ) ကို အမျိုးသမီးတစ်ဦးက ဦးဆောင်ပြုလုပ်လေ့ရှိပေမဲ့ ယခုနှစ်မှာတော့ အမျိုးသားတစ်ဦးက ဦးဆောင်ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

” အမှန်က လျာခူဆိုတာ အမျိုးသမီးနဲ့ လုပ်ခိုင်းရမယ်၊ (စိုက်ခင်းတွေကို) တောက သတ္တဝါတွေ မစားလိုတာကြောင့် ပိုကောင်းတယ်၊ ဒါပေမယ့် လက်ရှိ အမျိုးသမီးတွေက သူတို့ ဒီရိုးရာကို လုပ်တာသိပ်မရှိတော့ဘူး မရှိသလောက်ဖြစ်လာတယ်။ ကြာလာရင် ရိုးရာ ပျောက်ပျက်မှာ စိုးရိမ်တယ်၊ အမျိုးသမီး ဆိုတာက တောင်ယာ၊ ယာခင်း အဓိက မျိုးစေ့ချပေးတာကြောင့် အကောင်းဆုံး ဆောင်ရွက်စေချင်တယ် ” လို့ ကြယ်ဖိုးကြီး ဒေသက ရိုးရာဓလေ့ဦးဆောင်သူတစ်ဦးက ဆိုပါတယ်။

ကယားရိုးရာအရ လျာခူ(ဆုအီဘာ) တောင်ယာမီးရှို့တဲ့ ဓလေ့ဟာ ရှေးယခင်ကတည်းက ထိန်းသိမ်းလာတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ ဒေသခံတွေကတော့ ရိုးရာ မပျောက်ပျက်အောင် နှစ်စဥ် ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

လျာခူ (ဆုအီဘာ) တောင်ယာ မီးရှို့တဲ့ဓလေ့ နဲ့ တွဲဖက်ပြီး တောလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ ကယားရိုးရာ အိမ်ဆောက်ခြင်း စတာတွေလည်း ယခုလမှာပဲ ပါဝင် ပြုလုပ်ကြတာ ဖြစ်ပါတယ်။

လျာခူ ပြုလုပ်တဲ့ ကာလမှာ ကျေးရွာအတွင်း ဧည့်သည်၊ သူစိမ်းတွေ ဝင်ရောက်မှုကို ကန့်သတ်ထားပြီး ဒီလိုလုပ်ခြင်းအားဖြင့် တောင်ယာ စိုက်ပျိုးချိန်မှာ ပျက်စီးမှုမရှိသလို၊ ရာသီဥတု ကောင်းမွန်စေတယ်လို့ ရိုးရာဓလေ့ကို လေ့လာလိုက်စားသူတွေက ယုံကြည်ထားကြပါတယ်။

ကယားရိုးရာ လျာခူ တောင်ယာမီးရှို့ခြင်း ဓလေ့ကို နှစ်စဥ် မတ်လ ၁၅ ရက်နေ့မှာ စတင်ဆောင်ရွက်လေ့ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img