CJ ( ကန္တာရဝတီတိုင်း( မ် ))
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေါလာစောကျေးရွာ စစ်ဘေးရှောင်စခန်းမှာ ကြားကာလပြည်သူ့အခြေပြုစာသင်ကျောင်း အခြေခံပညာ သင်ကြားရေးကိုယ်ထူကိုယ်ထ ကျောင်းဆင်းပွဲကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
“ဒီတစ်ခေါက်တော့ အတန်းပြီးဆုံးကြောင်း လက်မှတ်ပေးမယ်၊ ဒီ ဘုတ်အဖွဲ့ကနေပြီးတော့ အတန်းပြီးဆုံးကြောင်း လက်မှတ် စီစစ်တာကနေပြီးတော့ ကျောင်းပိတ်ကာလ သတ်မှတ်တယ်၊ တစ်လအတွင်း ကျောင်းပြန်ဖွင့်လစ်နိုင်ဖို့ ကျောင်းကော်မတီတွေနဲ့ ပြန်ညှိနှိုင်းမယ်၊ ကျောင်းပြန်ဖွင့်ဖို့ အဆင်ပြေတယ်ဆိုရင် လက်ရှိ အတန်းပြီးဆုံးတဲ့သူတွေ အတန်းတင်ဖို့ ဆုံးဖြတ်ထားတယ်” လို့ တာဝန်ခံ ဆရာတစ်ဦးက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိကို သင်ကြားရေးကာလ ပထမနှစ်ဝက်၊ ဇွန်လမှ အောက်တိုဘာလအထိ သင်ကြားရေးကာလ ဒုတိယ နှစ်ဝက်သတ်မှတ် သင်ကြားခဲ့တယ်လို့ သိရပါတယ်။
ကိုယ်ထူကိုယ်ထကျောင်းမှာ ဆရာ/မ ၁၄ ဦးနဲ့ KG ကနေ Grade – 11 အထိ ကျောင်းသား/သူ ၂၉၂ ဦး သင်ကြားပေးခဲ့ပြီး Grade – 9 အထိ ကျောင်းသား/သူ ၂၃၂ဦးကို အတန်းပြီးဆုံးကြောင်း လက်မှတ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Grade – 10နဲ့ Grade – 11 အတန်းကိုတော့ သင်ကြားမှုမပြီးမြောက်သေးတဲ့အတွက် အတန်းပြီးဆုံးကြောင်း လက်မှတ် မပေးသေးပဲ Grade – 11ကို အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ကပြုလုပ်မဲ့ Online စာမေးပွဲကို ဖြေဆိုနိုင်တဲ့ အတိုင်းအတာအထိ သင်ကြားပေးထားတယ်လို့ ဆိုပါတယ်။
” Grade – 11နဲ့ Grade – 10 ကတော့ မပေးနိုင်သေးဘူး။ Grade – 11ကိုခါကျတော့ ဒီ NUG ပြောတဲ့ Online စာမေးပွဲ ဖြေနိုင်တဲ့ အတိုင်းအတာအထိတော့ သူတို့ကို သင်ပေးထားတယ်ပေါ့။ ဒီပြီးဆုံးကြောင်းလက်မှတ်ကိုတော့ ဒီ Grade – 9 ( ၈တန်းအဟောင်း ) အထိပဲ ပေးနိုင်တယ်ပေါ့။ KG ကနေပြီးတော့။” လို့ တာဝန်ခံဆရာတစ်ဦးက ဆက်ပြောပါတယ်။
နောက်ထပ် စာသင်ကာလ ထပ်မံသင်ကြားနိုင်ဖို့ မျှော်လင့်ပြီး လာမယ့် စာသင်ကာလမှာ စာရေးကိရိယာများ၊ ဗလာစာအုပ်များဟာ တစ်လစာ အတွက်သာ ရှိနေတဲ့အတွက် အလှူရှင်ထပ်မံ လိုအပ်နေကြောင်းလည်း သိရသည်။ ဝေးလံတဲ့ ဒေသဖြစ်တဲ့အတွက် အလှူရှင်တွေ လာရောက်တာနည်းပါးပြီး စာရေးကိရိယာအတွက် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ စားနပ်ရိက္ခာကော်မတီတွေကို အလှူရှင်တွေ တောင်းခံနေရတယ်လို့ ဆိုပါတယ်။