spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် ဝယ်ဒူလျားစစ်ရှောင်စခန်းက စစ်ရှောင်တွေ တောထဲမှာ ပိတ်မိနေ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ် ထားလဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကြောင့် ဝယ်ဒူလျားစစ်ဘေးရှောင်စခန်းက စစ်ရှောင်တွေဟာ တောတောင်တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေကြရပြီး၊ ပိတ်မိနေတာ တပတ်ဝန်းကျင်ရှိနေပြီလို့ ဝယ်ဒူလျားစစ်ရှောင်စခန်းကော်မတီဝင် တဦးကပြောပါတယ်။

“သူတို့က ဒီစစ်ကြောင်းတက်လာတာက ကားလမ်းရှိတဲ့ဘက် တက်လာတော့ ဒီစစ်ရှောင်တွေက ဒီတောထဲမှာပဲ အကုန်လုံး ပိတ်မိတဲ့ခြေနေမျိုးမှာ ဖြစ်တယ်။ ကားလမ်း ရှိတဲ့နေရာ လုံးဝ ထွက်လိုမရတော့တဲ့ အခြေအနေဖြစ်သွား‌တော့ ခြေလျင်နဲ့ပဲပေါ့နော်၊ တခြားရွာကူးမယ်ဆိုတောင်မှ ခြေလျင်နဲ့ပဲ ကူးရမဲ့ အနေအထားမှာရှိတယ်၊ သက်ကြီးရွယ်အိုလည်း ခေါ်မသွားနိုင်ဘူး။” လို့ ဝယ်ဒူလျားစစ်ရှောင်စခန်းကော်မတီဝင် တဦးကပြောပါတယ်။

လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေကနေ လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတာကြောင့် စစ်ရှောင်တွေက ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

“တော်တော်များများတော့ ငိုကြတာပေါ့လေနော၊ ဒီ မိန်းကလေးအရွယ်တွေ၊ ယောကျာ်းလေးတော့ ခံသာသေးတာပေါ့၊ မိန်းကလေးတွေက ငိုရင်းနဲ့ပစ္စည်းတွေသယ်တယ်၊ စောင်တွေရွက်တယ်၊ စားစရာတွေ နည်းနည်းပါးပါးရွက်ကြတယ်၊ လမ်းမှာ နားရင်းနဲ့ နားပြီဆို အပင်အောက်မှာ သွားသွားထိုင်ငိုကြပြီ။ အိမ်ကညီမဆိုလည်း အသားကုန်ငိုတယ်၊ သူငိုတာကိုချော့လို့မရဘူး။” လို့ စစ်ရှောင်စခန်းကော်မတီဝင်တဦးက ဆက်ပြောပါတယ်။

လက်ရှိပိတ်မိနေတဲ့နေရာမှာဆိုရင်လည်း နေရာထိုင်ခင်းအခက်အခဲရှိသလို စားနပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

“လူလတ်ပိုင်းနည်းနည်း ရာသီဥတုဒဏ်ခံနိုင်တဲ့ အပိုင်းဆိုရင် တချို့တွေက စိုတဲ့နေရာမှာ အိပ်ပေးရတယ်၊ ဘာလို့လဲဆိုတော့ မိုးကာတထည်‌အောက်ဆို မိသားစု တစု နှစ်စု သုံးစု ထိနေရတဲ့ အခြေအနေမျိုးမှာရှိနေတော့ အထူးသဖြင့် မိုးကာပေါ့နော်၊ အရမ်းခက်ခဲတယ်။ နောက်ချက်ပြုတ်ဖို့နေရာ၊ ချက်ပြုတ်ဖို့နေရာကတော့ သူက ထင်းတွေလည်း စိုပြီးတော့ ချက်ပြုတ်တဲ့နေရာဆို မြေကြီးစိုပြီးတော့မှ ဘယ်လိုမှ မီးမမွှေးနိုင်တဲ့ အခြေအနေ အနေအထားမှာရှိတယ်” လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။

အဆိုပါဒေသဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် စစ်ကောင်စီစစ်ကြောင်းက ကားလမ်းပေါက်တဲ့ ဘက်ခြမ်းကနေ ထိုးလာတာကြောင့်လည်း စစ်ရှောင်တွေပိတ်မိနေတာဖြစ်ပါတယ်။ ဝယ်ဒူလျားစခန်းမှာ စုစုပေါင်း အိမ်ခြေ ၁၇၀ ရှိပြီး လူဦးရေ ၈၀၀ ကျော်ရှိတာဖြစ်ပါတယ်။

ဖရူဆိုကနေ ဘောလခဲနဲ့ ဖားဆောင်းဘက်ကို ထောက်ပို့ယာဉ်တန်းတွေပို့ဆောင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ စစ်ကြောင်းခြောက်ခုနဲ့ ပြည်ထောင်စုလမ်းမကြီးတလျောက်ကို ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

ဖရူဆိုကနေ စစ်ကြောင်းစတင်ထိုးလာတဲ့ အချိန်ကစပြီး ယနေ့အထိဆိုရင် တလနီးပါးရှိလာပြီဖြစ်ကာ၊ မိန်းလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးတာမျိုးမဟုတ်ဘဲ လမ်းမကြီး အရှေ့ခြမ်း ၊ အနောက်ခြမ်း ကျေးရွာတွေအထိ စစ်ကြောင်းတွေသွားလာတာရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts