spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့အတွင်း စစ်ကောင်စီတပ်မှ ဒေသခံနေအိမ်တွေကို ဖောက်ထွင်းခိုးယူနေ

CJ (ကန္တာရဝတီတိုင်း(မ်))

ပြီးခဲ့တဲ့ ဇွန်လလယ်လောက်ကတည်းက ဖရူဆိုမြို့အတွင်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး ဒေသခံနေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“မနက်တိုင်း ညနေတိုင်း မီးခိုးထွက်တယ် စစ်ကောင်စီက ထမင်းဟင်းချက်တာဖြစ်မယ်။ ပြီးတော့ တပ်ထဲကနေ ရွာထဲကို ဝင်တာလည်း မြင်နေရတယ်။ သုံးလေးယောက်လောက်ရှိတယ် ဒီမနက်ပဲ ရွာအတွင်း သွားတာမြင်တယ်။ ယူစရာမရှိတဲ့ အဆုံး ထင်းတွေပါ ယူသွားတာ။ ရွာအတွင်း ဘာမှ ကျန်တော့မှာ မဟုတ်ဘူး” လို့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့အတွင်းမှာ ခမရ ၅၃၁ တပ်က တပ်သားတွေနဲ့ ဇွန်လလယ်လောက်က ဒေါညေးခူတိုက်ပွဲ ကနေ တပ်ဆုတ်လာတဲ့ တပ်မ ၆၆ တပ်သားတွေဟာ ဖရူဆိုမြို့အတွင်းနဲ့ အနီးနားကကျေးရွာတွေမှာ တပ်စွဲနေတယ်လို့ ဒေသခံတွေ တွေ့ရှိချက်ကို ပြောပါတယ်။

“သူတို့ရှိတာ ကြာနေပြီ အရင်ကတည်းက ခုထိပဲ။ တပ်မ ၆၆ တွေလေး အရင်တစ်ပတ်က ကျနော် စပါးခင်း သွားကြည့်တာ ဖရူဆိုဖက်မှာ မြင်ရတယ်။ သူတို့ကို လှမ်းမြင်ရတာ အများကြီးပဲ တွေ့သေးတယ်။ တပ်ထဲမှာ မဟုတ်ဘူး အပြင်မှာလေး။ ဖရူဆိုနဲ့ မြို့ပတ်လမ်း အဲလမ်းကြောမှာပဲရှိတာ။ သူတို့က အင်အားမများလို့ မထွက်ရဲတော့တာလားမသိဘူး။ ပြီးတော့ ဖရူဆို၊ မြို့ပတ်လမ်းနဲ့ ဖရူဆိုအနီးက ရွာတွေလည်း ဘယ်သူမှ မသွားရဲတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေရှိနေတာကြောင့် ဒေသခံတွေ နေရပ်ပြန်ပြီး တောင်ယာ စိုက်ပျိုးရေး ပြန်မလုပ်ရဲကြဘူးလို့လည်း ဆက်ပြောပါတယ်။

ဖရူဆိုမြို့တွင်းမှာ စစ်ကောင်စီတပ်တွေ သွားလာလှုပ်ရှားမှုရှိနေတာကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ ဖရူဆိုမြို့တွင်းကို (လုံးဝ) ပြန်ဝင်လာခြင်း မပြုလုပ်ကြဖို့၊ သတိထားသွားလာကြဖို့၊ တစ်စုံတစ်ခုဖြစ်ပွားပါက လုံးဝတာဝန်ယူပေးမှာမဟုတ်ဘူးလို့ KNDF B-04 က ဇူလိုင်လ ၂၅ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

spot_img
spot_img