spot_img
Friday, March 24, 2023
spot_img

ဖရူဆိုမြို့အနောက်ဖက်ခြမ်းစစ်ရှောင်စခန်းတွေမှာ ရိက္ခာပြတ်လပ်မှုရှိ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း (မ်)

ဖရူဆိုမြို့အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတစ်ခုမှာ ရိက္ခာတွေပြတ်လပ်မှုရှိနေပြီး စစ်ရှောင်ကော်မတီကနေ ရိက္ခာမပေးဝေနိုင်တာ ၂ လ ရှိသွားပြီလို့ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီ ၂ လ အတွင်း ကျတော်တို့ ကော်မတီကနေ ဘာမှ မဝေနိုင်ဘူး။ အဲ့ဒီလိုဖြစ်သွားတယ်ပေါ့နော်။ အဲ့လိုပြောချင်တာပေါ့။ ကျတော်တို့ ကော်မတီက ဘာမှ မရှာပေးနိုင်ဘူး ဖြစ်သွားတယ်။ အဲ့ဒီ ၂ လ အတွင်းတော့ CSO အဖွဲ့တွေ လာလှူတာတော့ ရှိတယ်။ ဒါပေမယ့် လုံလောက်တဲ့ အတိုင်းအတာမျိုးတော့မဟုတ်ဘူးပေါ့နော်” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ ၅၀၀၀ ကျော် ရှိပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ဖုန်းလိုင်းပြတ်တောက်တာ ၂ လ ရှိနေပြီဖြစ်ပြီး စားနှပ်ရိက္ခာအပြင် ဆေးဝါးလိုအပ်ချက်တွေ များစွာ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးမြင့်တက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် အလှူရှင်တွေ လာရောက်မှုမရှိသလောက်ဖြစ်နေပြီး အခြေခံစားသောက်ကုန်တွေကို လိုအပ်သလောက် ဝယ်လို့မရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

“အခြေခံစားသောက်ကုန်တွေကတော့ ဝယ်ချင်ရင်တော့ ဥပမာ ကျတော်တို့ တစ်ခါတည်း တစ်ဘရိတ်ထဲ အများကြီးတော့ မရနိုင်ဘူးပေါ့နော်။ တစ်ဗူးစ၊ နှစ်ဗူးစ အဲ့လိုတော့ ဘယ်သူမဆို ဝယ်စားလို့ရတယ်ပေါ့နော်။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် မေလအတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ရှောင်တွေဟာ နေရပ်ကို မပြန်နိုင်သေးတဲ့အပြင် တခြားဝင်ငွေ မရှိတာကြောင့် အလှူရှင်တွေကိုသာ မျှော်လင့်နေကြရတယ် လို့ စစ်ရှောင်ကော်မတီမှ တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ဘေးရှောင်ရင်း သေဆုံးသွားရသူ (၆၁)ဦးရှိပြီး စစ်ကောင်စီကြောင့် သေဆုံးသွားသူ (၂၆၁) ဦးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က စက်တင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Related Stories