spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့၊ အရှေ့ဘက်ခြမ်းရှိ ကျေးရွာအချို့နဲ့ စစ်ဘေးရှောင်စခန်းတွေကို KTEST ကနေ ရေလှူဒါန်းပေး

CJ(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ရေရှားနေတဲ့ ကျေးရွာတချို့နဲ့ စစ်ဘေးရှောင်စခန်းတွေကို KTEST (ကန္တာရဝတီတိုင်း(မ်) ရဲ့ အရေးပေါ်ကူညီမှုအသင်း) ကနေ ရေလှူဒါန်းပေးခဲ့ပါတယ်။

မတ်လ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျေးရွာ ၅ ရွာနဲ့ စစ်ရှောင် အိမ်ခြေ ၁၀၀ ကျော် (စုစုပေါင်း အိမ်ခြေ ၂၃၄ အိမ်) အတွက်ကို ရေပေးဝေးခဲ့ပါတယ်။

“အဲ့ဒီဘက်က ကျေးရွာတွေက နွေရာသီတိုင်း ရေရှားတဲ့ဒဏ်ကို ခေတ်အဆက်ဆက် ကြုံရတယ်။ ရေကို ငွေပေးဝယ်ရတယ်။ ငွေရဖို့ ရရာအလုပ်လုပ်ကြတယ်။ အခုကျတော့ ဒီအာဏာသိမ်းပြီးနောက်ပိုင်း ပိုခက်ခဲလာတာက သူတို့ ရရာအလုပ်ကို လုပ်ဖို့လည်း မရှိဘူး။ ရေထွက်ပေါက်ရှိတဲ့နေရာတို့၊ ရေရှိတဲ့နေရာအထိကို သွားရောက်သယ်ယူဖို့က လုံခြုံရေးအရကော၊ ငွေကြေးလိုအပ်ချက်အရကော အဆင်မပြေနိုင်တာကြောင့် အလှူရှင်ကိုဘဲ သူတို့က မျှော်ကိုးရတဲ့ အနေအထားကို ဖြစ်သွားတာပေါ့။”လို့ KTEST ရဲ့ ဥက္ကဌ မော်ဦးမြာက ပြောပါတယ်။

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာတချို့နဲ့ စစ်ဘေးရှောင်စခန်းတွေကို KTEST အပြင် တခြားသော လူမှုအသင်းအဖွဲ့တွေကနေ ရေပေးဝေ လှူဒါန်းကြပေမဲ့ လိုအပ်မှုတွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“တချို့ကျတော့ မိသားစုများတယ်လေး၊ တချို့ကျတော့လည်း နည်းတယ်၊ လူဦးရေ များတဲ့ မိသားစုက နှစ်ရက်သုံးရက်ပဲ စားရတာပေါ့၊ နည်းတဲ့ မိသားစုက ငါးရက်အထိ စားလို့ရတာပေါ့၊ ကျမတို့က လူဦးရေများတော့ ၁၀ ပုံးအနေနဲ့ တစ်ရက်ကို ၃ ပုံးအထိကုန်တာပေါ့၊ စားဖို့တစ်ခုထဲကိုပေါ့၊ အဝတ်လျှော်ဖို့ မပါဘူးပေါ့ ကုန်သွားရင်တော့ သွားခပ်ရတာပေါ့နော ခြေလျင်နဲ့။”လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်လှဖောက ပြောပါတယ်။

ရေအလှူရှင်မရှိတဲ့ အချိန်တွေမှာ ရေဝယ်ဖို့ အတွက် နေ့စားအလုပ်တွေလုပ်ပြီး ရေဝယ်သုံးနေရသူတွေလည်းရှိနေပါတယ်။ တချို့ ဝင်ငွေမရှိတဲ့ မိသားစုတွေကတော့ ရွာနဲ့နီးတဲ့ ရေနီကန်က ရေနီတွေကိုပဲ သုံးစွဲ နေရတယ်လို့ လည်းဒေါ်လှဖောက ဆက်ပြောပါတယ်။

လက်ရှိ အသုံးပြုနေရတဲ့ စိမ့်စမ်းရေ၊ ရေ ထွက်ပေါက်မှာ ရေထွက်နည်းသလို အသုံးပြုသူ များပြားတာကြောင့် ရေခမ်းလာတဲ့အတွက် ရေအထွက်ကို စောင့်ပြီး ခပ်ယူနေရတယ်လို့ ဆိုပါတယ်။

“ရေထွက်လည်း ထွက်အားမများဘူးနော၊ တအားသေးတယ်၊ ရေအထွက်နည်းတယ်လေနော။ တစ်ပုံးလောက်ခပ်ပြီးရင် တစ်နာရီ၊ နှစ်နာရီလောက်စောင့်ပြီး ခပ်ရတာပေါ့နော။ နည်းနည်းတော့ ဝေးတာပေါ့၊ အဆင်တော့ မပြေဘူးပေါ”လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်နဲ့ ဒေသခံတွေဟာ သောက်သုံးရေတွေ စျေးကြီးကြီးနဲ့ ပေးဝယ်နေရတာကြောင့် ငွေကြေးမတတ်နိုင်သူတွေကတော့ ရေရရှိဖို့ ရေအလှူရှင်ကိုသာ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

“ခြေလျင်နဲ့ ရေသွားခပ်ဖို့လည်း ရေမထွက်တော့ဘူးလေး၊ ဝေးလည်းဝေးတယ် ရေလည်းခမ်းကုန်ပြီ။ ဒီလို အလှူရှင်လေး ရှိတော့ ကောင်းတာပေါ့နော၊ ရေမရှိတော့ ဝယ်ရတာပေါ့၊ ဝယ်တော့လည်း ပိုက်ဆံမရှိဘူးပေါ့။ ငွေရှာဖို့ကျတော့လည်း တော်တော်ခက်ခဲတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေဟာ နှစ်စဉ်ရေရှားပါးမှု ဒဏ်ကို ခံနေရတဲ့ဒေသဖြစ်ပါတယ်။ လာမယ့်မိုးရာသီအထိ ရေရှားပါးမှုကို ဆက်လက်ကြုံတွေ့ရမှာဖြစ်တာကြောင့်လည်း အဆိုပါဒေသခံတွေနဲ့ စစ်ရှောင်အိမ်ထောင်စုတွေအတွက် တတ်စွမ်းသလောက် ရေလှူဒါန်းပေးနိုင်ဖို့ လိုနေတယ်လို့ KTEST ရဲ့က ဥက္ကဌ မော်ဦးမြာကပြောပါတယ်။

spot_img
spot_img