spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့ နယ် ထီးပေါ်လာစစ်ဘေးရှောင်စခန်းမှာ အထက်တန်းကျောင်းတစ်ကျောင်းတိုးချဲ့ ဖွင့်လှစ်

Author

Date

Category

CJ – ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း ထီးပေါ်လာစစ်ဘေးရှောင်စခန်းမှာ၂၀၂၃ ဇန်နဝါရီလ ပထမအပတ်အတွင်း အထက်တန်းကျောင်းတစ်ကျောင်းကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဖရူဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ထံကနေ သိရပါတယ်။

“အဓိက ကတော့ သူတို့နေတဲ့နေရာမှာ ကျောင်းမဖွင့်ပေးနိုင်လို့ တစ်ခြားနေရာတွေမှာ ကျောင်းသွားတက်ဖို့ ဆိုရင်လည်း စားဝတ်နေရေး အခက်အခဲကြောင့် ခြေလျင်နဲ့ လက်လှမ်းမီတဲ့ ကျောင်းကိုပဲ လာတက်ကြမှာလေ။ ငွေကြေးရော၊ စားဝတ်နေရေးရော၊ သွားလာရေး၊ လုံခြုံရေးကြောင့်ပေါ့။ အဲဒါကြောင့် အုပ်စုအတွင်း ကျောင်းဖွင့်လှစ်နိုင်အောင် ပြုလုပ်ပေးရတယ်။” လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုးချဲ့ဖွင့်လှစ်လိုက်တဲ့ ထီးပေါ်လာ အထက်တန်းကျောင်းမှာ ဆရာ၊ ဆရာမ ၁၁ ဦးက ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀ ကျော်ကို သင်ကြားပေးသွားမယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ဖရူဆိုမြို့နယ်မှာ ကြားကာလ ကိုယ်ထူကိုယ်ထကျောင်းပေါင်း (၁၀၈) ကျောင်းဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အလက်တန်းကျောင်းကို အခက်အခဲကြောင့် နောက်ပိုင်းမှသာ ဖွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ပထမပတ်အတွင်း ထီးပေါ်လာ အထက်တန်းကျောင်းကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တာကြောင့် ဖရူဆိုမြို့နယ်မှာ အထက်တန်းပညာရေးအဆင့် ၈ ကျောင်း ရှိနေပြီဖြစ်ပါတယ်။

ကျောင်းသားကလေးတွေ ပညာရေးလက်လှမ်းမီဖို့ ကျေးရွာအုပ်စု ၆ အုပ်စုအတွင်း ဖွင့်လှစ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ်အတွင်း အလယ်တန်း အတန်းတင်ပညာရေးကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလမှသာ ကျောင်းဖွင့်လှစ်နိုင်တာကြောင့် နောက်ကျခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒီကာလမှာတော့ ဒီကလေးတွေက ကျောင်းတက်ချင်တယ်။ အားတက်သရောရှိတယ်။ အဓိကကတော့ လုံခြုံရေး အခက်အခဲပေါ့။ ဘယ်သူမှ အာမ မခံနိုင်ဘူး မလုပ်ပေးနိုင်ဘူး။ လိုအပ်တာကတော့ စာရေးကိရိယာလိုအပ်တယ်။ ဆရာမတွေအတွက်ကတော့ မိဘတွေက မုန့်ဖိုးတွေ စီစဥ်ပေးတာ ပရောဂျက်တစ်ခုခုက စီစဥ်ပေးတာ ကိစ္စမရှိပေမယ့် ကလေးတွေအတွက်ကတော့ စာရေးကိရိယာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး။ ဒီကြားကာလမှာက စေတနာ့ဝန်ထမ်း အားကိုးနေရတာများတော့ အဓိက ကတော့ ဘက်ဂျက်လိုနေတယ်။” လို့ ဖရူဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်အတွင်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေ ၂သိန်းဝန်းကျင်က စစ်ဘေးရှောင်ခဲ့ရပြီး ကျောင်းနေအရွယ် ကလေးပညာသင်ခွင့်မဆုံးရှုံးရအောင် ကြားကာလ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေဖွင့်လှစ်သင်ကြားနေတာ ကျောင်းပေါင်း ၄၀၀ ဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။

spot_img
spot_img

Recent posts