ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဘောလခဲမြို့နယ်ဘက်ကို ဦးတည်သွားနေတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်း အစီး (၆၀) ခန့်ဟာ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြားက ထောက်ပို့ယာဉ် ၃စီးဟာ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဘောလခဲမြို့ထဲကို ရောက်ရှိသွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။
“ လက်ရှိ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကတော့ သူတို့ ထွက်နိုင်အောင် ကြိုးစားနေတယ်။ မနေ့ည မှာပဲ စစ်ကောင်စီယာဉ်တန်းထဲမှာမှ ၃ စီး ဘောလခဲဖက်ရောက်သွားပြီဖြစ်တယ်။“ လို့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။
အဆိုပါ ထောက်ပို့ယာဉ်တန်း အစီး ၆၀ ဟာ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ထဲက တပ်တွေကို လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ ပို့ဆောင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဖရူဆိုမြို့နယ်ထဲမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် လိုရာခရီးမရောက်နိုင်သေးဘူးလို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။
အဆိုပါထောက်ပို့ယာဉ်တန်းတွေပို့ဆောင်နိုင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်ကစပြီး မြေပြင်စစ်ကြောင်းတွေနဲ့ ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျောက် ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
တစ်လကျော်ခန့် ကြာမြင့်နေပြီဖြစ်တဲ့ ထောက်ပို့ယာဉ်တန်းပို့ဆောင်မှုမှာ စစ်ကောင်စီရဲ့ လှုပ်ရှားမှုအပေါ် မူတည်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သလို ယာဉ်တန်းတွေကိုလည်း ဖြတ်တောက်နိုင်အောင် လုပ်ဆောင်နေတယ်လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
“ ကျနော်တို့ကလည်း သူတို့လှုပ်ရှားမှုအပေါ်မှာကြည့်ပြီးတော့မှ မလုပ်နိုင်အောင် ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ဖို့က တာဝန်ရှိတယ်လေ။ ဒါကိုတော့ လုပ်လည်းလုပ်နေပါတယ်။ ” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
ဘောလခဲကို ဦးတည်တဲ့ ထောက်ပို့စစ်ယာဉ်တန်းကတော့ စစ်ကောင်စီတို့အတွက် အရေးကြီးတဲ့ ခရီးစဉ်ဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့အနေနဲ့လည်း ယာဉ်တန်းကို ဖြတ်တောက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ သူတို့ သတ်မှတ်ထားတဲ့ နေရာကို ရောက်ရှိသွားမယ်ဆိုလို့ရှိရင်တော့ သူတို့ ရဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်မယ်။ ကျည်တွေ ဖြည့်တင်းနိုင်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ ကာကွယ်ခုခံနိုင်တဲ့ ပုံစံက ပိုပြီးတော့ မြင့်သွားလိမ့်မယ်။ ဒီယာဉ်တန်းကို ကျနော်တို့ ဖျက်ဆီးနိုင်မှပဲ ဖြတ်တောက်နိုင်မှပဲ စစ်ကောင်စီကို ကျနော်တို့တွေက ဘောလခဲတို့ဖက်ဖြစ်ဖြစ် ၊ ဖားဆောင်းတို့ဖက် ဖြစ်ဖြစ် ၊ မယ်စဲ့ တို့မှာ ဖြစ်ဖြစ် ချေမှုန်းရ ပိုလွယ်ကူနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။ “ လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ဆက်ပြောပါတယ်။
ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတစ်လျောက် ဖရူဆိုမြို့နယ် အခြေစိုက် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းကနေ မားခရော်ရှေ့ ၊ လောကျေခူ၊ ထားလဲ၊ ပရယ်တော် နဲ့ နန်းဖဲကျေးရွာအထိ စစ်ကောင်စီက စစ်ကြောင်း (၆)ကြောင်း နဲ့ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
တိုက်ပွဲကြောင့် ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်အကြား ပြည်ထောင်စုလမ်းမကြီးဘေးတစ်လျှောက်က ကျေးရွာအနည်းဆုံး ၇ ရွာနဲ့ လူဦးရေ ၃၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ လက်နက်ကြီးနဲ့ လေယာဉ်ကို စိုးရိမ်ရတဲ့အခြေအနေမျိုးဖြစ်ခါကျတော့ ရှောင်ရင်းနဲ့ ကိုယ်နေနေကျ နေရာမှာ မနေရဲကြတော့ဘဲနဲ့ ၊ ကိုယ့်အိမ် ကိုယ့်တဲမှာ မနေရဲကြတော့ဘဲနဲ့ ကျောက်ကြား၊ တောင်ကြားမှာ သွားရှောင်နေကြတာပေါ့နော။ ဒီတကြော တော်တော်များများက အဲ့လိုအခြေအနေ ရှိတယ်။ ” လို့ အသက် ၂၀ ကျော်အရွယ် ဖရူဆိုဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားသည်ဖြစ်စေ၊ မဖြစ်ပွားသည်ဖြစ်စေ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာ၊ စစ်ရှောင်စခန်းရှိရာဖက်ကို မကြာခဏ လက်နက်ကြီးတွေ ပစ်ခတ်တာ ၊ လေယာဉ်ဗုံးကြဲတာတွေ ကြောင့်လည်း စစ်ရှောင်တွေနဲ့ ဒေသခံတွေဟာ တောတောင်တွေထဲကို ထပ်ဆင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
“ ပုံမှန်မရှိဘူး သူတို့တခါတလေ ထုရင်(လက်နက်ကြီး) နှစ်လုံး၊ သုံးလုံးထုတာမျိုးရှိတယ်။ တခါတလေ ၆လုံး၊ ၇လုံး၊ တခါတလေလဲ တစ်ညလုံး၊ တစ်မနက်လုံးထုတာရှိတယ်။ ၁၀လုံးကျော်တာမျိုးလဲရှိတယ်။ အနည်းဆုံး ၆ခေါက်၊ တစ်ခါတလေ ၁၀ ခေါက်ကျော်တာလဲရှိတယ်။ မပစ်တဲ့ရက်တွေကတော့ ခပ်နည်းနည်းပေါ့နော။ မပစ်တဲ့ရက်ဆို တစ်ရက်လောက်ပဲ နောက်ရက်ဆို ပြန်ပစ်ပြီ။ ”လို့ အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။
ဖရူဆိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းမှာ အောက်တိုဘာလ (၇)ရက်နေ့က စစ်ရှောင်ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ရှေ့ထွက်ကင်းတွေ ရွေ့ပြောင်းတဲ့အချိန် နဲ့ ယာဉ်တန်းတွေ တပ်ထဲက ထွက်ချိန်တွေမှာ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်ခတ်တာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။
စက်တင်ဘာလအတွင်းက ဖရူဆိုမြို့နယ်အပြင် တခြားမြို့နယ်တွေမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့ပါတယ်။ KNDFရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်အရ တိုက်ပွဲပေါင်း (၂၉)ကြိမ်မှာ စစ်ကောင်စီ တပ်သား (၇၈)ဦးသေဆုံးခဲ့ပြီး KNDFတပ်ဖက်မှရဲဘော် (၈)ဦး ကျဆုံးခဲ့တယ်လို့ KNDF ထံကနေ သိရပါတယ်။
အာဏာသိမ်းပြီးနောက် ဒေသတွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန်မှစပြီး လွိုင်ကော် – ဘောလခဲ ဦးတည်သွားတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ကြားဖြတ်တိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်ခဲ့ပါတယ်။
ကရင်နီပြည်မှာ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ စစ်ကောင်စီတပ်က အချက်အချာကျတဲ့ ဒီးမော့ဆို – ဖရူဆို – ဘောလခဲ- ဖားဆောင်းမြို့နယ်က ၎င်းတို့ရဲ့ အထိုင်ချ တပ်စခန်းတွေအတွက် ပြည်ထောင်စုလမ်းမကြီးကိုထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
အဲ့ဒီလမ်းမကြီးကို စစ်ကောင်စီဖက်က ထိန်းချုပ်နိုင်ပါက ရိက္ခာလမ်းကြောင်း၊ စစ်ကြောင်း နဲ့ စစ်ယာဉ်တန်းတွေ ဖြတ်သန်းသွားလာနိုင်မှာဖြစ်ပါတယ်။