spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ ယခုနှစ်အတွင်း မြေပဲ အထွက်နှုန်း တစ်ဝက်လျော့ကျနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ ယခုနှစ် စိုက်ပျိုးရာသီအတွင်း ပုံမှန်ထည့်နေကျ မြေသြဇာ မထည့်နိုင်တော့တဲ့အပြင် စစ်ရှောင်နေရတဲ့အတွက် မြေပဲအထွက်နှုန်း တစ်ဝက်လျော့ကျသွားတယ်လို့ ဒေသခံတောင်သူတွေ ပြောပြချက်အရ သိရပါတယ်။

” မြေပဲခါကျတော့ မြေသြဇာ မဝယ်နိုင်လို့ ဥလည်း မဥတော့ပါဘူး၊ နှစ်ပုံတစ်ပုံလောက် အထွက်နူန်း လျော့သွားတယ်၊ ဒီနှစ် လုံးဝ အထွက်နှုန်းကျတယ်၊ ကျနော် ခန့်မှန်းအရဆိုရင် အိမ်တိုင်းနီးပါး ပါပဲ၊ တချို့တောင်မှ မလုပ်နိုင်တော့ဘူး ဒီတိုင်းပဲ စစ်ရှောင်လိုက်ရတယ်၊ မြေပဲ မဥတာ လုံးဝပဲ၊ ဥတဲ့ဟာလည်း အဆံမပြည့်ဘူး၊ ဘယ်မှာပဲ ဖြစ်ဖြစ် သူများဟာလည်း သွားနှုတ်ဖူးတယ်၊ ဒါပေမယ့် မြေသြဇာနဲ့ ပြောရင်တော့ မတတ်နိုင်တော့ဘူး ဒီတိုင်းပဲ စိုက်လိုက်တော့ အကြောင်းရင်းက အဲလို ဖြစ်သွားတာပေါ့ ” လို့ ကိုလိရယ်က ဆက်ပြောပါတယ်။

ယခင်နှစ်တွေမှာ မြေပဲ စိုက်ပျိုးကြတဲ့ တောင်သူတချို့ကလည်း ဒီနှစ်စိုက်ပျိုးရာသီမှာ မစိုက်နိုင်တော့တာတွေရှိတဲ့အတွက် ယခုနှစ်မှာ မြေပဲစိုက်တောင်သူ သုံးပုံတစ်ပုံသာ စိုက်ပျိုးနိုင်တယ်လို့ ဆိုပါတယ်။

” နှစ်တိုင်းက မြေပဲစိုက်ကြတယ်။ မြေပဲရောင်းပြီး မြေသြဇာ ဝယ်ကြတယ်။ အဲ့လိုလုပ်တာ အခုကျတော့ မြေသြဇာမဝယ်နိုင်ကြလို့ ယခုနှစ်စပါးစိုက်တာ သုံးပုံတစ်ပုံ အထွက်နှုန်းကျဆင်းတယ်၊ ပြောင်းဖူးလည်း အနည်းအကျဥ်း လုပ်ကြတယ်၊ ဖရူဆိုမြို့ အပေါ်ဘက်မှာတော့ တောင်ယာမြေ အများကြီး ကျန်ခဲ့တယ်၊ မသွားရဲကြတော့ဘူး၊ ဧကများတယ်၊ မြေကောင်းတယ်၊ မြေဆီ မြေသြဇာ ကောင်းတဲ့ဒေသမှာ ချန်ထားခဲ့ရတာ အခက်အခဲဖြစ်သွားတယ်။” လို့ တောင်သူတစ်ဦးဖြစ်တဲ့ ကိုလိရယ်က ပြောပါတယ်။

လက်ရှိကာလဟာဆိုရင် စိုက်ပျိုးထားတဲ့ စပါး၊ မြေပဲ၊ ပြောင်းကောက် သီးနှံတွေကို သိမ်းယူနေရတဲ့
အချိန်ဖြစ်ပြီး ဖရူဆိုမြို့နယ် ဒေသအတွင်း တိုက်ပွဲ တချို့ ဖြစ်ပွားတာတွေ ရှိတဲ့အတွက် သီးနှံသိမ်းယူတဲ့နေရာမှာလည်း ဒေသခံတွေ အခက်အခဲ ကြုံတွေ့ရသလို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

“မြေပဲက နည်းနည်းပဲလုပ်တယ် မဥဘူး၊ အရင်နှစ်က မြေပဲစေ့ ၂၈ ပုံးလုပ်တာ အခုနှစ် ၃ ပုံးခွဲပဲလုပ်တယ်၊ မြေနေရာမတူတော့ ဘယ်လိုမှ အဆင်မပြေဘူး၊ အမျိုး လောက်ပဲ လုပ်ကြတာများတယ်၊ တော်တော်များများ မြေပဲက မဥတာများတယ် ဒီနှစ်တော့ အဆင်မပြေဘူး ” လို့ စစ်ရှောင် တောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်လိမာက ပြောပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြှင့်တက်နေပြီး တောင်သူတွေ စားဝတ်နေရေး ခက်ခဲနေကြချိန်မှာ ယခုလို ခြံထွက်သီးနှံတွေ အရနည်းတဲ့အတွက် အခက်အခဲတွေ ပိုပြီးကြုံတွေ့နေကြရပါတယ်။

လက်ရှိ မြေပဲစျေးနူန်းမှာလည်း ဘယ်လို စျေးနဲ့ ဝယ်ယူနေလဲဆိုတာကို မသိရှိရသလို
နိုင်ငံရေးအခြေအနေကြောင့် လာရောက်ဝယ်ယူတဲ့ ပွဲစားမရှိတော့ဘူးလို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်နေရတဲ့သူ များပြားတာကြောင့် ယခုနှစ် မြေပဲစိုက်ပျိုးတောင်သူများက စားဆီအတွက်နဲ့ လာမယ့်နှစ် မျိုးစေ့ပြန်လည်ထားရှိနိုင်ဖို့ သာ စိုက်ပျိုးနိုင်ကြတော့တာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ် အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းကနေလည်း လက်နက်ကြီး မကြာခဏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖရူဆိုမြို့အနီး ကျေးရွာတွေကလည်း ကျေးရွာအတွင်း ပြန်လာနေထိုင်လို့မရတဲ့အတွက် သီးနှံရိတ်သိမ်းတဲ့ကာလမှာ အခက်အခဲရှိနေကြပါတယ်။

ယခင်နှစ်မှာ မြေပဲနုတ်ဖော်ချိန်ဟာ အရွက်များ ဝါချိန်၊ သက်တမ်းပြည့်လျှင် ရပ်ရွာနှံဘေးမှာ သယ်ယူသိပ်ကြပြီး ယခုနှစ်မှာတော့ အကြောင်းမျိုးမျိုးကြောင့် မြေပဲကို ယာခင်းမှာပဲ သိမ်းယူထားကြတယ်လို့လည်း ဆိုပါတယ်။

spot_img
spot_img

Recent posts