spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ဖက်ခြမ်းမှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ တစ်လစာသာကျန်ရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုအနောက်ဖက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ လူဦးရေ ၆၀၀၀ ကျော်အတွက် သိုလှောင်ထားတဲ့ရိက္ခာတွေက ခန့်မှန်းခြေတစ်လစာလောက်သာကျန်တော့တယ်လို့ ဖရူဆိုမြို့နယ်စစ်ရှောင်ကူညီရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ သိုလှောင်ထားတာနဲ့ ဒီအနောက်ဖက်ခြမ်း က စစ်ရှောင်ဦးရေနဲ့မမျှဘူး။ လူဦးရေခြောက်ထောင်ကျော်အတွက်ကတော့ အဲ့လောက်ထိတော့ အကြာကြီးခံတော့ မခံနိုင်ဘူး။ ခံမယ်ဆို တစ်လလောက်ပဲပေါ့။ တစ်လလောက်ပြီးလို့ရှိရင် ရိက္ခာအခြေအနေပေါ်ကြည့်ပြီးတော့မှ ထပ်ရောက်လာလို့ရှိရင်လည်း တစ်မျိုးပေါ့။ ဒါပေမယ့် ထပ်ရောက်မလာနိုင်လို့ရှိရင်တော့ တစ်လလောက်ပဲခံတော့မယ်ထင်တယ်။ ဒီရိက္ခာ အနေအထားမျိုးနဲ့ဆိုတော့။”

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက မြို့နဲ့ အလှမ်းဝေးပြီးတော့ လမ်းပန်ပမ်းဆက်သွယ်ရေးခက်ခဲတဲ့နေရာလည်းဖြစ်တာကြောင့် စားနာပ်ရိက္ခာတွေသယ်ဖို့ ခက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

စစ်ဘေးရှောင်သူတွေကို တစ်အိမ်ထောင်စု ဆန်တစ်ဗုံးနဲ့ တခြားရိက္ခာအခြောက်တွေ ကူညီပေးနေတာဖြစ်ပြီး တချို့ မိသားစုဝင်တွေဆိုရင် လုံလောက်မှုမရှိဘူးလို့ဆိုပါတယ်။

တချို့ စစ်ရှောင်တွေဟာဆိုရင် ရိက္ခာမလုံလောက်တဲ့အတွက် တခြားသူဆီ ချေးစားနေရတာတွေလည်း ရှိနေပါတယ်။ သယ်ယူပို့ဆောင်နေချိန် တခြားမြို့တွေကနေ သယ်ယူရတာမို့ စစ်ကောင်စီတပ်တွေနဲ့ တိုးတဲ့အချိန် အစစ်အဆေးမေးမြန်းခံရတာတွေ ကြောင့်ပို့ဆောင်ပေးနေသူတွေမှာ အခက်အခဲရှိလာတယ်လို့ ရိက္ခာတွေ ကူညီပို့ဆောင်ပေးနေသူ တစ်ဦးက ပြောပါတယ်။

“ ပစ္စည်းတွေဝယ်ယူတဲ့အခါမှာပဲဖြစ်ဖြစ် သို့မဟုတ် အလှူရှင်ကနေ ပို့လာတဲ့ပစ္စည်းပဲဖြစ်ဖြစ်ပဲပေါ့နော ကျမတို့သယ်ယူပို့ဆောင်ရေးဖက်မှာက အမြဲတမ်း စစ်ကောင်စီဖက်ကနေ စောင့်ကြည့်နေတဲ့ဟာပေါ့နော စောင့်ကြည့်နေတဲ့ဟာတွေ သိမ်းဆည်းနေတဲ့ဟာတွေ ဥပမာ- ဆေးဆိုလို့ရှိရင် သိမ်းခံရတဲ့ဆေးတွေလည်းရှိတယ်ပေါ့နော။ ဆိုတော့ အဲ့လိုမျိုးတွေရှိတယ်။ အဝတ်ထုပ်တွေကအစ ဖောက်နေတဲ့ဟာတွေ အဲ့လိုမျိုးတွေပေါ့နော။ ဆိုတော့ အကုန်လုံးဖွနေတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော။ ဆိုတော့ ဒါကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့သယ်ယူလိုက်တဲ့ ပစ္စည်းတွေက အင်မတန်မှအခက်ခဲတွေရှိတယ်။ လက်ရှိမှာဆိုလို့ရှိရင်လည်း လမ်းတွေပိတ်ထားလိုက်တယ်ပေါ့နော။ ဒီအပေါ်ဖက်ကဝင်တဲ့လမ်းတွေကော ပြီးတော့ တောင်ငူဖက်ကဝင်တဲ့လမ်းတွေကအစ အကုန်လုံးကြပ်မတ်တယ်။ ဆန်ဆိုရင် အိတ် ၂၀ထက်ကျော်ပြီးမတင်ရဆိုတဲ့ အနေအထားမျိုးရှိတယ်ပေါ့နော။ ဆိုတော့ ဆေးဆိုလည်း လုံးဝသယ်ခွင့်မပေးတဲ့ အနေအထားမျိုးတွေ ကျမတို့ရင်ဆိုင်နေရတယ်ပေါ့နော။”

လက်ရှိမှာဆိုရင်လည်း အအေးပိုလာတဲ့အတွက် စစ်ရှောင်တွေ အနွေးထည်လိုအပ်နေတာတွေရှိသလို ရေရှားပါးမှု ဒဏ်ကိုလည်း စတင်ခံစားလာနေရတယ်လို့ဆိုပါတယ်။ စစ်ရှောင်တွေ ရေရရှိဖို့အတွက် ရေပိုက်နဲ့ ရေစုပ်စက်စတာတွေလည်း အရေးပေါ်လိုအပ်တာတွေရှိနေတယ်လို့ သိရပါတယ်။

ဖရူဆိုအနောက်ဖက်ခြမ်းမှာဆိုရင် စစ်ရှောင်ဦးရေ ၆ထောင်ကျော်ရှိနေတာဖြစ်ပြီး ကရင်နီပြည်နယ်မှာဆိုရင် စစ်ရှောင်နေရသူ တစ်သိန်းခုနစ်သောင်းရှိနေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts