spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းက စစ်ကောင်စီရဲ့ တပ်စခန်းမှာ ပိတ်မိနေတဲ့ ပြည်သူ (၂၀၀)နီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ထုတ်ခဲ့

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဧပြီလ (၃)ရက်နေ့က ဖားဆောင်းမြို့၊ စစ်ကောင်စီရဲ့ တပ်စခန်း၊ ခလရ ၁၃၄ တပ်တည်ရှိရာ တောင်ပေါ်ရွာ မှာ ပိတ်မိနေတဲ့ ပြည်သူ (၂၀၀)နီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ တာအယ်စိုးက ပြောပါတယ်။

“ ဘယ်လောက်ကြာကြာထိန်းသိမ်းထားလဲတော့ မပြောတတ်ဘူးပေါ့နော။ ကယ်ထုတ်လိုက်တာကတော့ ဧပြီလ (၃)ရက်နေ့က ဖြစ်တယ်။ တောင်ပေါ်ရွာကနေပြီး ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တယ်။ “ လို့ တာအယ်စိုးက ပြောပါတယ်။

ကယ်ထုတ်လာခဲ့တဲ့ ပြည်သူတွေကိုတော့ ဘေးလွတ်ရာနေရာကို ပို့ဆောင်ခဲ့ပြီလို့ သိရပါတယ်။ ဖားဆောင်းမြို့တွင်းတိုက်ပွဲအတွင်း ကွက်သစ်ဘုန်းကြီးကျောင်းမှာ ပိတ်မိနေခဲ့တဲ့ လူဦးရေ ၁၃၀ ကျော် ကိုလည်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းတာရှိခဲ့ပါတယ်။ အဲဒီ ပိတ်မိပြည်သူတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့ဖက်က မတ်လ ၂၃ ရက်မှာ ကယ်ထုတ်နိုင်ခဲ့တာပါ။

အခုလို ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာက စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ (KNDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

၂၀၂၄ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့ကတည်းက ဖားဆောင်းမြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဧပြီလ (၅)ရက်နေ့မှာ အခုလို ဖြေကြားထားပါတယ်။

“ မြို့သိမ်းတိုက်ပွဲကတော့ အခုချိန်ထိ ဆက်လက်တိုက်ခိုက်နေတုန်းပါပဲ။ ၁၃၄ စခန်းကိုလည်း တော်တော်များများဆက်ပြီးတော့ သိမ်းပိုက်ထားတယ်ဆိုပေမယ့် တပ်ရင်း တစ်ခုလုံးကို ရရှိဖို့အတွက် တိုက်ခိုက်နေတုန်းပါပဲ။ “ လို့ တာအယ်စိုးက ဆိုပါတယ်။

ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ တိုက်ပွဲအတွင်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img