spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းစစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ၊ ဆေးဝါး နဲ့ ကျောင်းဆရာ၊မ လိုအပ်ချက်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေဟာ လက်ရှိမှာ စစ်ရှောင်စခန်းအနေနဲ့ စုပေါင်းနေထိုင်ကြပြီး စားနပ်ရိက္ခာ၊ ဆေးဝါး နဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်ချက် များပြားနေတယ်လို့ စစ်ရှောင်စခန်းကော်မတီထံကနေ သိရပါတယ်။

ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရချိန်မှာ ဘုန်းကြီးကျောင်း၊ အသိမိတ်ဆွေအိမ်တွေနဲ့ နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံနေထိုင်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရှောင်စခန်းအဖြစ် စုပေါင်းနေထိုင်ကြတာ တစ်လဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။

“အဓိက ခြင်ထောင်လိုမယ် အိုးခွက်ပန်းကန်လိုမယ် အိမ်တွင်းသုံး ဓားတွေ ဓားမတွေ အဲ့ဟာတွေ လိုသေးတယ်။ ဆန်ပေးတယ် ဆီပေးတယ် ပြီးတော့ ငါးသေတ္တာတွေပေးတယ် အဲ့ဒါတွေ ပထမပိုင်း လူဦးရေသိပ်မများတော့ အိမ်ခြေတိုင်းရတယ်။ လူဦးရေများလာတော့ အလှူရှင်တွေမလာတော့ ငါးသေတ္တာတွေ ဆီတွေ ကြက်သွန်တွေ ဟင်းချိုမှုန့်တွေဆို ပြတ်လပ်တာပေါ့။ အဲ့ခါကျတော့ ကိုယ့်ဟာကိုရှိတဲ့ဟာနဲ့ ချွေတာပြီးဝယ်ရတာ။ တစ်မိသားစု တစ်ယောက်ကို တစ်ရက်ကို ဆန် ၂ ဗူး နှုန်းနဲ့ပေးတယ် တစ်ပတ်စာဆို တစ်ပတ်စာနဲ့ပေးတယ်။ အဓိကလိုအပ်ချက်က အစားအသောက် ကျန်းမာရေးအတွက် ဆေးဝါးတွေလိုမယ်။ ” လို့ သူက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအများဆုံးဖြစ်ပြီး နာတာရှည်ရောဂါသည် ၂၀ ကျော်တယ်လို့ သိရပါတယ်။ စစ်ရှောင်စခန်းအတွင်း ဆေးပေးခန်းမရှိသေးတာကြောင့် တစ်ပတ်ကို နှစ်ရက် တနင်္လာနေ့ နဲ့ သောကြာနေ့တွေမှာ ဆေးဆရာမတွေက ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ပြုလုပ်ပေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းမှာ လာမယ့်စာသင်နှစ်အတွက် KG တန်းမှ အလယ်တန်းအဆင့်ထိ စာသင်ကျောင်းဖွင့်လှစ်ဖို့ စီစဉ်နေပြီး ကောက်ယူထားတဲ့ ကျောင်းသားဦးရေ ၁၇၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အထက်တန်းအဆင့် ကျောင်းသားတွေအတွက် သင်ကြားပေးနိုင်မယ့် ကျောင်းဆရာ၊ ဆရာမ မရှိသေးဘူးလို့ ဆိုပါတယ်။

“ဒီမှာရှိတဲ့ စာသင်ပေးမယ့် ဆရာမတွေက မလုံလောက်ဘူး။ Grade 11 ၊ Grade 12 တွေတက်မယ်ဆိုရင် လုံးဝမလုံလောက်ဘူး မရှိဘူး။ စစ်ရှောင်ထဲမှာက မူလတန်း၊ အလယ်တန်းဘဲပါတယ် အထက်တန်းကမပါဘူး ဟိုတနေ့က ပြောတယ်။ စာရင်းကောက်ခိုင်းတော့ အထက်တန်းပြကမရှိတော့ မဖွင့်ဘူးပေါ့ အလယ်တန်းထိဘဲဖွင့်မယ်တဲ့။ ၆ လပိုင်း စောစောဖွင့်မယ်လို့တော့ပြောတယ် အခုဆိုတော့လျာထားပြီ အစီအစဉ်လည်းဆွဲပြီ ကျောင်းဖွင့်ဖို့ သစ်တွေဝါးတွေလည်းခုတ်ခိုင်းပြီ” လို့ စစ်ရှောင်စခန်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ဖားဆောင်းမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကွက်သစ်၊ တောင်ပေါ်၊ စုစည်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ပါပု၊ နန်းကစ်ကျေးရွာက ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေ စုပေါင်းနေထိုင်ကြပြီး အိမ်ခြေ (၂၆၅)အိမ်၊ လူဦးရေ ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ လူဦးရေ များပြားလာတာကြောင့် ရေဘုံး၊ ထမင်းအိုး၊ ဟင်းအိုး၊ ပန်းကန်၊ ခွက် စတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts