spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့နယ်မှာ နယ်မြေပြန်လည်စိုးမိုးနိုင်ဖို့အတွက် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်၊ လေကြောင်းပစ်ကူပါ အသုံးပြုတိုက်ခိုက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ တတိယ အပတ်အတွင်းမှာ ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲက နယ်မြေတွေကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေကိုပါ အသုံးပြုပြီး ထိုးစစ်ဆင်နေတယ်လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖားဆောင်းမြို့နယ် သံလွင်တံတားအရှေ့ဘက်ခြမ်းရှိ ရှမ်းဝမ်အောင်း ၊ ကျောင်ပန်းညို ကျေးရွာအတွင်း ကို အင်အား ၃၀၀ ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်း ၄ ကြောင်းထိုးစစ်ဆင်လာတဲ့ အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၂၁ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

“၂၂ရက်နေ့မှာတော့ ကျနော်တို့ ကျောက်ပန်းညိုဖက်ကို သုံးကြောင်းထပ်ထိုးလာတယ်။ ရှမ်းဝမ်အောင်းကို တစ်ကြောင်း၊ ကျောက်ပန်းညိုဖက်ကနေ အလယ်ကနေ တစ်ကြောင်း ၊ သုံးကြောင်းထပ်ထိုးလာတယ်ပေါ့နော။ အင်အားကတော့ များတယ် အခုထိရှိနေတုန်းပဲပေါ့။ အများအပြားထိုးလာတယ်။ ၂၂ရက်နေ့မှာ ၃ကြိမ်ဆက်တိုက် တိုက်ပွဲဖြစ်တယ်။ မနက်ပိုင်းတစ်ကြိမ် မနက် ၆ နာရီကနေ စဖြစ်တယ်။ မနက် ၉နာရီမှာ နောက်တစ်ခါ အပြင်းအထန်ထပ်ဖြစ်တယ်။ ၁၂နာရီမှာတော့ လုံးဝ သူတို့ဖက် လေယာဉ်ပစ်ကူ လေးကြိမ် နဲ့ လက်နက်ကြီး အမြောက်အများသုံးပြီးတော့ ထိုးတက်လာတာပေါ့။” လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့က ကျောက်ပန်းညိုကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ ဘက်က အသက် ၂၂ နှစ်အရွယ် ရဲဘော် စောနိုဗယ် (ခေါ်) အာနိုး ကျဆုံးခဲ့ရပါတယ်။

“ကျနော်တို့ အပြင်းအထန်ခုခံရင်းနဲ့ ကျနော်တို့ ဖားဆောင်း PDF စောနိုဗယ် ခေါ် အာနိုးပေါ့ ကျသွားတယ်။ သူတို့ရဲ့ ပစ်ကူအားနဲ့ လေယာဉ်အားကို မခံနိုင်တော့ ကျနော်တို့ ပြန်ဆုတ်လိုက်ရတဲ့အခြေအနေရှိတယ်။ ကျောက်ပန်းညိုရွာကိုလည်း လက်လွှတ်ပေးလိုက်ရတယ်။” လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းဝမ်အောင်း နဲ့ ကျောက်ပန်းညို ကျေးရွာအတွင်းကို စစ်ကောင်စီ စစ်ကြောင်းက တပ်စွဲနေရာယူထားပြီး နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဖားဆောင်း PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းအထိ ဖားဆောင်းမှာ ထိတွေ့တိုက်ပွဲမဖြစ်သေးပေမယ့် နှစ်ဖက် စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ဦးတည်တာကတော့ လက်လွှတ်လိုက်ရတဲ့စခန်းတွေပေါ့နော သူတို့ပြန်လိုချင်တယ်။ ပန်တိန်းမှာလည်း သူတို့ရဲဘော်တွေရှိသေးတယ်ဆိုတော့ အဲ့ဒါကို စစ်ကူအနေနဲ့ အရထိုးမယ့်ပုံစံမျိုးပေါ့နော။ နယ်မြေပြန်စိုးမိုးမယ့်ပုံစံမျိုးလို့ ထင်တာပေါ့။” လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖားဆောင်းမြို့ သံလွင်တံတားအရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ရက်နေ့ကစပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဇူလိုင်လ ၂၁ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဖားဆောင်း PDF ၊ ဘောလခဲ PDF ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ( ကလလတ) ၊ KNDF တပ်ရင်း (၂၀) နဲ့ KRU တပ်ပေါင်းစုတို့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ကျေးရွာ ၃ရွာခန့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသလို တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ ၉ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts