spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲမြို့နယ်အတွင်း တိုက်ပွဲမှာ တပ်ပေါင်းစုမှ နှစ်ဦးကျဆုံး၊ ငါးဦးဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် မယ်စဲမြို့နယ် ကျောက်စုကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်တပ်ပေါင်းစုထဲက ကလလတ ရဲ့ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း တပ်ပေါင်းစုဘက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး ဩဂုတ်လ ၆ ရက်နေ့မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ သွားချိန်မှာတော့ သေဆုံးနေတဲ့အလောင်းတွေကို စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းသွားခဲ့တာ တွေ့ရတယ်လို့ ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောပါတယ်။

“လက်နက်ခဲယမ်းတွေ သိမ်းရတာပေါ့။ သိမ်းရတော့ နောက်တစ်ရက် သွားရှင်းတော့ အလောင်းတွေ မတွေ့တော့ဘူး။ အကုန်လုံး ပြန်သယ်ပြီ။ ရန်သူကတော့ ခမရ ၅၀၈ နဲ့ ၅၁၂ ပေါ့။ အဲ့ဒါက တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတွေ။ သူတို့ အမှတ်တံဆိပ်တွေ ရထားတော့ သိတယ်လေနော။ KA ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ဒါပေမယ့် ကလလတ က နှစ်ယောက်ကျတယ်။ ငါးယောက် ဒဏ်ရာရတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး။ အဲ့ဒါတော့ မှန်ပါတယ်။” လို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ တပ်ပေါင်းစုတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အဆမတန် ပစ်ခတ်မှုတွေကြောင့် တော်လှန်ရေးတပ်ပေါင်းစုဘက်မှ နောက်ဆုတ်ခဲ့ရပေမယ့် လက်ရှိမှာတော့ နေရာပြန်လည်ရရှိဖို့ ကြိုးစားနေတယ်လို့ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ဖြစ်နေတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဒါပေမယ့် တပ်ပေါင်းစုမှာ ကလလတ နယ်ခြားက ကျတယ်လို့လည်း သိရတယ်။ လေယာဉ်ခြောက်ကြိမ်လောက် လာကြဲသွားတာပေါ့။ ကျနော်တို့တွေ နေရာနည်းနည်းတော့ ဆုတ်ပေးလိုက်ရတယ်ပေါ့နော။ ဒါပေမယ့် တောက်လျှောက်တော့ ကာ ထားတယ်ပေါ့။ အဲ့ဒါတွေကတော့ ရှိတယ်။ သူတို့ကတော့ အလုံးအရင်းနဲ့ လေယာဉ်နဲ့ဘဲ တနေကုန်ဝဲပြီးတော့မှ ခြောက်ကြိမ်လောက် ကြဲသွားတဲ့ အနေအထားမှာ ရှိတာပေါ့။ လေယာဉ်နဲ့ကြဲတာတော့ ကျနော်တို့ဘက်က ထိခိုက်မှု မရှိဘူး။ တခြား လက်နက်ကြီး ပစ်တဲ့အချိန်မှာ ထိခိုက်မှု အနည်းငယ်ရှိတယ်။” လို့ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့အပြင် ဘောလခဲမြို့နယ် ဗျုဟာတပ်ကနေ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အခုဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး ကလလတ ရဲ့ တာဝန်ရှိသူကို ကန္တာရဝတီတိုင်း(မ်) မှ ဆက်သွယ်ဖို့ ကြိုးစားနေပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

spot_img
spot_img

Recent posts