spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့နယ် ကျေးရွာနှစ်ရွာမှာ ကျွဲ၊ နွားများ ခွါနာ၊ လျှာနာရောဂါဖြစ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တောင်ယာ၊ လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြတဲ့ ဖားဆောင်းမြို့နယ် ဗဟန်းလော့ကျေးရွာနဲ့ နန်းကစ်ကျေးရွာတွေမှာ အောက်တိုဘာလအစောပိုင်းကစ ကျွဲ၊နွား စတဲ့တိရိစ္ဆာန်တွေ ခွါနာ၊ လျှာနာရောဂါဖြစ်ပွားနေတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

“ကျွဲ တွေ နွားတွေက သူ့ရောဂါလက္ခဏာက ပထမဆို သူ့ဟာက ခြေထောက်ကနေစဖြစ်တယ်။ သူ့ရဲ့ခြေထောက်အခွံတွေ ခြေသဲလက်သဲတွေက ခွာပြီးတော့ လျှာနဲ့လျက်ပြီးတော့ သူဟာက လျှာမှာ တစ်ဆင့်ပြန်ကူးနဲ့ လျှာမှာက အဖုတွေ အ‌ဖုဖုတွေ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ သူက အစာကမစားနိုင်ဘူးပေါ့။ ဘာလို့ဆိုသူ့ဟာက အဖုဖုထတော့ နာတယ်ပေါ့။ နောက်သူ့ဟာက နားဖားကြိုးထိုးထားတဲ့ဟာခါကျတော့ ပိုးထိုးလိုမျိုးဖြစ်တယ်ပေါ့နော” လို့ နွားပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ခွါနာ၊လျှာနာရောဂါဟာ ကာကွယ်ဆေးပုံမှန်မထိုးခြင်းနဲ့ ရာသီဥတုအပြောင်းအလဲကြောင့် ကျွဲ၊ နွားတွေမှာအဖြစ်များပြီး လေထုညစ်ညမ်းမှု၊ နေရာ သန့်ရှင်းမှုမရှိခြင်းကြောင့်လည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ရောဂါလက္ခာဏာဖြစ်ပွားပြီး နှစ်ရက်မှသုံးရက် သို့မဟုတ် နှစ်ပတ်အထိ ကြာမြှင့်ပြီးမှ ပျောက်ကင်းတယ်လို့ဆိုပါတယ်။

ခွါနာ၊ လျှာနာရောဂါ စတင်ဖြစ်ပွားတဲ့စဉ် ကိုယ်အပူချိန် မြင့်တက်လာပြီး အစာမစားခြင်း၊ ပါးစပ်၊ ခြေထောက်ခွာမှာ အရည်ကြည်အဖုလေး ထွက်လာပြီး အရောင်ပြောင်းသွားပါတယ်။ အဖုလေးတွေ ပေါက်ပြဲသွားချိန်မှာ အနာအတွင်း ဘက်တီးရီးယားဝင်ရောက်မှုရှိပါက ပျောက်ကင်းဖို့ကြာနိုင်တယ်လို့ သိရပါတယ်။

ကုသရာမှာ လိုအပ်တဲ့ ဆေးဝါးကို ဖားဆာင်းမြို့နယ်မှာ သွားရောက် ဝယ်ယူရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သက်သာသွားတာရှိသလို အခုမှဖြစ်တဲ့ ကျွဲ၊ နွားလည်းရှိနေတယ်လို့ဆိုပါတယ်။ ယခင်က ကျွဲ၊ နွားတွေမှာ ခွါနာဖြစ်ပေမယ့် လက်ရှိမှာတော့ လျှာနာပါဖြစ်လာတယ်လို့ ပြောပါတယ်။

“အရင်တုန်းက ဖြစ်တော့ဖြစ်တယ်။ ဒါပေမဲ့ အများဆုံးဖြစ်တာကတော့ သူ့ဟာ ခွါနာတာပဲပေါ့နော။ လျှာနာတော့မရှိဘူး။ဒါပေမဲ့ ခုချိန်မှာဖြစ်တာကျတော့ လျှာနာတာကော ခွါနာတာကော သူ့ဟာအဲ့လိုမျိုးဖြစ်တယ်ပေါ့နော” လို့ ဆိုပါတယ်။

ခွာနာ၊ လျှာနာရောဂါဟာ တိရိစ္ဆာန်သေဆုံးမှု အထိမဖြစ်ပေမယ့် ကူးစက်မြန် ရောဂါတစ်ခုဖြစ်သလို ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်စတဲ့ တိရိစ္ဆာန်တွေကို ကူးစက်မှုဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဖားဆောင်းမြို့နယ် ကျေးရွာနှစ်ရွာမှာ ကျွဲ၊ နွားများ ခွါနာ၊ လျှာနာ ရောဂါဖြစ်ပေါ်နေ။
spot_img
spot_img

Recent posts