spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့ပေါ်ကနေ တိမ်းရှောင်သွားတဲ့ ဒေသခံအများစု မြို့တွင်းနေရပ်ကို မပြန်ရဲကြသေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်က ကရင်နီပြည် ဖားဆောင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ဖားဆောင်းဒေသခံတွေဟာ လက်ရှိအချိန်ထိ နေရပ်မပြန်ရဲကြဘဲ စစ်ရှောင်နေကြရဆဲဖြစ်တယ်လို့ ဖားဆောင်းဒေသခံတွေဆီကနေ သိရှိရပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ်က ဖားဆောင်းမြို့ပေါ် နဲ့ အနီးအနား ကျေးရွာက ဒေသခံ အများစုဟာ လွိုင်ကော်မြို့ပေါ်နဲ့ အခြားသောကျေးရွာတွေဖက်ကို စစ်ဘေးရှောင်ခဲ့ကြတယ်လို့ ပြောပါတယ်။ လက်ရှိမှာ စစ်မရှောင်ဘဲ မြို့ပေါ်မှာ ကျန်ရစ်တဲ့ ဒေသခံတွေဟာ ကုန်တင်ကားမဝင်တာကြောင့် ကုန်စည်ပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုကို ကြုံတွေ့နေရတယ်လို့ ဖားဆောင်းမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

“ကြက်ဥတောင် တလုံး ၈၀၀ ဖြစ်သွားပြီ နှစ်ထောင်ဖိုး ၃လုံး အဲလိုလေးတွေပေါ့ အဲ့လိုတော့ ကြားတာပဲ။ အဲ့ဒါတောင်မှ ဝယ်ချင်တိုင်းဝယ်လို့မရဘူးပေါ့။ ဝယ်လို့လဲမရဘူး။ ဝယ်ချင်ရင် မော်ချီးထိတက်ဝယ်ရတယ်လို့ပြောတာပဲ။ ဈေးဝယ်မယ်ဆိုရင်ပေါ့။ မော်ချီးမှာတော့ အကုန်ရှိတယ်ပေါ့ ဖားဆောင်းမှာက ကုန်ကားမဝင်တော့ဘူးကော။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ဖားဆောင်းမြို့ပေါ် နဲ့ အနီးအနားကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီ နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။

“တချို့က အပြီးသွားနေတာမျိုးမဟုတ်ဘဲနဲ့ သူတို့ကျန်ခဲ့တဲ့ပစ္စည်းတွေ ပြန်ယူတယ်။ ကုန်ပစ္စည်းတွေယူပြီးတော့ မော်ချီးဖက်မှာ ပြန်ရောင်း ရောင်းပြီးတော့ တခြားဖက်ကို ပြန်စစ်ရှောင်တယ်။ လောလောနဲ့ပြေးလိုက်ရတော့ ကုန်ပစ္စည်းတွေ ကျန်ခဲ့တယ်။ ပစ္စည်းတွေ အကုန်မယူနိုင်တဲ့ဟာတွေ ပြန်ယူတာမျိုးရှိတယ်။ တချို့ကျတော့ ပြန်နေတယ်ဆိုတဲ့ဟာမျိုး တချို့တလေတော့ကြားရတယ်။” လို့ စစ်ရေးအရေးဆောင်ရွက်ပေးတဲ့သူ တစ်ဦးက ပြောပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ ဒေသခံတချို့ကတော့ ပြန်လည်နေထိုင်တာရှိတယ်လို့ ဆိုပါတယ်။ အများစုကတော့ တိုက်ပွဲဖြစ်ပွားမှုနဲ့ စားသောက်ကုန်ပြတ်လပ်နေတာကြောင့် မြို့တွင်းကိုပြန်မလာနိုင်သေးဘူးလို့ ဖားဆောင်းမြို့ကနေ စစ်ဘေးရှောင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မပြန်ကြသေးဘူး ပြန်ရင်လည်း ရိက္ခာတွေ စားသောက်ဖို့ကလည်း သိပ်အဆင်မပြေလောက်ဘူးလေ။ တချို့ဆိုလဲ စားစရာဆန်လည်းမရှိတော့ဘူး ပုံမှန်လူတန်းစားတွေဆို မလွယ်လောက်ဘူး။ အဲ့မှာတော့ မရှိလောက်ဘူးထင်တာပဲ။ အများပြန်ကြရင်တော့ တမျိုးတဖုံ ပြောင်းလဲရင်လည်း ပြောင်းလဲမှာပေါ့နော။ အခုတော်တော်များများကလည်း မပြန်ကြသေးဘူးကော။ တချို့ကလည်း ဖားဆောင်းပြန်ကြမယ်လို့ ပြောသံတော့ ကြားတယ်။”လို့ စစ်ရှောင် ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လနဲ့ ဇူလိုင်လ အတွင်းက ဖားဆောင်းမြို့အနီး သံလွင်မြစ်အရှေ့ဘက်ခြမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျေးရွာတချို့ ရွာလုံးကျွတ် ထွက်ပြေးရပြီး စစ်ဘေးရှောင်ခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံနေအိမ်တွေဟာ ပျက်စီးခဲ့ရပါတယ်။

လက်ရှိ ဖားဆောင်းမြို့ပေါ်မှာတော့ ဒေသခံတွေ ပုံမှန်သွားလာလှုပ်ရှားတာ ရှိပြီး မြို့ပြင်တွေမှာတော့ စစ်ကောင်စီတပ်ရဲ့ သွားလာလှုပ်ရှားမှုနဲ့ တပ်စွဲထားမှု ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts