spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့၊ ကွက်သစ်ဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲမှုအတွင်း အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ဒေသခံ ၁၀၀ ကျော် သွားရောက်ခိုလှုံနေတဲ့ ကွက်သစ်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ရဟန်း အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၈ ဦး ရှိခဲ့တယ်လို့ လူသားဒိုင်းအဖြစ် ထိန်းသိမ်းခံရထားပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ ဖားဆောင်းဒေသခံတွေက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အသက် ၃၆နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ လေယာဉ်ဗုံးကြဲတဲ့ဖြစ်စဉ်ကို ကိုယ်တွေ့ကြုံရသူတစ်ဦးက ပြောပါတယ်။

” မတ်လ(၃)ရက်နေ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းလောက်ပေါ့။ ပထမတစ်ခေါက်လာတယ် မပစ်ဘူး နောက်တစ်ခေါက်ကျတော့ သူပြန်ပြီးတော့ သူပစ်ချလိုက်တော့ ပစ်လိုက်တာက ဆွမ်းစားဆောင်ရယ်၊ ကျောင်းကြီးရယ်၊ သိမ်ရယ် အဲ့မှာ တောက်လျှောက်ပစ်ချလိုက်တယ်။ ပစ်ချတော့ အဲ့မှာ လူထုတွေပဲရှိတယ် ဘယ်သူမှမရှိဘူး ဘယ်အဖွဲ့မှလဲမရှိဘူး။ဘုန်ကြီးကျောင်းထဲမှာ နေတဲ့လူထုတွေကိုပဲ ပစ်ချလိုက်တယ်။ ပစ်ချတဲ့အထဲမှာ ရဟန်း အပါအဝင်(၁၈)ဦးထိတယ်။ ပွဲချင်းပြီးက (၁)ဦးဆုံးသွားတယ်။ ” လို့ သူက ပြောပါတယ်။

အဆိုပါနေ့မှာပဲ ထိခိုက်ဒဏ်ရာရရှိသူတွေကို စစ်ကောင်စီက ခလရ ၁၃၄ တပ်အတွင်းကိုခေါ်ဆောင်သွားပြီး ဆေးကုသမှုတွေပြုလုပ်ပေးခဲ့တာရှိပေမဲ့ ကုသနေစဉ်အတွင်း အသက် ၁၇နှစ်အရွယ် ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ အဆိုပါ ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

သေဆုံးသူတွေ အားလုံးဟာ အမျိုးသားတွေဖြစ်ကြပြီး ပွဲချင်းပြီးသေဆုံးသူမှာ အသက် ၃၆နှစ်၊ သွေးလွန်ထွက်ပြီးနောက် ထပ်မံသေဆုံးသူမှာ အသက် (၁၇)နှစ်အရွယ် နဲ့ ကျန်အမျိုးသားကတော့ အသက် ၃၂နှစ်ရှိပြီး ထိခိုက်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၃ ရက်နေ့ တစ်ရက်တည်းမှာပဲ ဒေသခံ ၁၀၀ ကျော်ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းအပါအဝင် ဆေးရုံဝန်း၊ ဝန်ထမ်းအိမ်ယာ အနီးအနားတွေကိုလည်း စစ်ကောင်စီက ပေါင် ၅၀၀အသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ ဒေသခံတွေကို အပြင်ပေးမထွက်တော့ဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

“လေယာဉ်ပစ်ပြီး နောက်ပိုင်းတော့ ပြည်သူလူ‌ထုတွေက ပိုပြီးကြောက်လာတယ်။ မနေရဲမထိုင်ရဲတော့ဘူး။ ပြေးစရာလဲ မရှိဘူး။ အပြင်ထွက်လဲ မရဘူး။ ရွာထဲလဲပေးမပြန်တော့ဘူး။ ဒီလိုပဲ စိတ်ကျဉ်းကျဉ်းကြပ်ကြပ်နဲ့ ဒီထဲမှာပဲနေရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ရက်နေ့က စတင်ခဲ့တဲ့ ဖားဆောင်းမြို့တွင်းတိုက်ပွဲအတွင်း ကွက်သစ်ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့ လူဦးရေ ၁၃၀ ကျော် ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာတော့ ပိတ်မိနေတဲ့ ဒေသခံတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ပြီး ဘေးလွတ်ရာကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts