spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့ အနီးက သံလွင်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီလေယာဉ်ဗုံးကျဲတိုက်ခိုက်

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇွန်လ ၁၄ ရက်) ည ၇ နာရီကျော်အချိန်မှာ ဖားဆောင်းမြို့အနီးက သံလွင်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေလည်း အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ ဖားဆောင်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

“လေယာဉ်လာကျဲတာကတော့ မနေ့က ည ၇ နာရီ ၉မိနစ်လောက်ပေါ့ ဖားဆောင်းမြို့ပေါ်ကနေ လေယာဉ်စဖြတ်ပြီးတော့ ပျံသွားတယ်။ တော်တော်နိမ့်နိမ့်လေးပျံပြီးတော့ သံလွင်အရှေ့ဘက်ခြမ်းတစ်နေရာမှာ ဗုံးကျဲတယ် သုံးခါလောက်ဗုံးကျဲသွားတယ်ပေါ့နော။ ဘယ်နေရာလဲတော့ အတိအကျမသိသေးဘူးပေါ့နော။”လို့ ဖားဆောင်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လေယာဉ်ဗုံးကျဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်မှု၊ ပျက်စီးမှုကိုတော့ မသိရှိရသေးပါဘူး။

ဒီကနေ့မနက်မှာတော့ ဒေသခံတွေက လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကို စိုးရိမ်ထိတ်လန့်နေကြပြီး ဘုန်းကြီးကျောင်းမှာ တချို့သွားရောက်ခိုလှုံကြသလို ဈေးဆိုင်အားလုံးကလည်း ပိတ်ကြထားကြတယ်လို့ ဖားဆောင်းမြို့ခံတစ်ဦးက ဆက်ပြောပါတယ်။

“သူတို့တွေရဲ့စိုးရိမ်ပူပန်မှုတွေက များတယ်ပေါ့နော ဒီလိုမျိုးလည်း တစ်ခါမှ ဒီလိုမျိုးအနီးကပ်မကြားဖူးတော့ အရမ်းစိုးရိမ်ကြတယ်ပေါ့။ မနေ့ညကတည်းက လက်နက်ကြီးတွေပစ်တယ် လေယာဉ်တွေပစ်ကတည်းက တချို့ကတော့ ဘုန်းကြီးကျောင်းကို ရှောင်ပြေးကြတယ်။ တချို့ကတော့ သူတို့အိမ်မှာပဲနေကြတယ်။ အခြေအနေထပ်ဆိုးလာမှာကြောက်တယ် အဲ့ဒါကြောင့်မလို့ အပြင်မထွက်ကြဘူး ဆိုင်တွေလည်း အားလုံးပိတ်ထားကြပြီ ဒီရက်တော့ မနက်ပိုင်းမှာတော့။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။ မ

မနေ့က ဇွန်လ ၁၄ ရက်နေ့ နေ့လည်ခင်းကတည်းက ဖားဆောင်းမြို့ကနေ သံလွင်အရှေ့ဘက်ခြမ်းကို လက်နက်ကြီးပစ်ခတ်နေပြီး ဒီကနေ့ မနက် ၁ နာရီဝန်းကျင်နဲ့ ၄ နာရီကျော်အချိန်မှာလည်း ပစ်ခတ်မှုရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

ဖားဆောင်းမြို့တွင်းကို စစ်ကောင်စီက လုံခြုံရေးအင်အားတိုးချဲ့ပြီး ဆိုင်ကယ်နဲ့ မြို့တွင်း လှည့်လည်တာတွေ ပြုလုပ်သလို ဖားဆောင်းမြို့က သံလွင်တံတားမှာလည်း အင်အားတိုးချဲ့ထားတာရှိတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။ ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းနှစ်ခုဖြစ်တဲ့ ခလရ ၁၃၄၊ ခလရ ၁၃၅ ရှိပြီး မည်သည့်တပ်ရင်းက လက်နက်ကြီးပစ်ခတ်တာကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img