spot_imgspot_imgspot_imgspot_img
Tuesday, December 3, 2024
spot_imgspot_imgspot_imgspot_img

ဖေးမကူညီမှုနဲ့ နွေးထွေးမှုကို ခံစားရတဲ့ အင်းလေးဒေသရောက် ကရင်နီစစ်ရှောင်မိသားစု

အင်းလေးဒေသမှာ စစ်ရှောင်ရင်း အပိုဝင်ငွေရအောင် ဝက်မွေးထားတဲ့ ဒေါ်ဖရေးမိုး။

လေးမြာ / ကန္တာရဝတီတိုင်း(မ်)

အင်းလေးဒေသရဲ့ လေတဖြူးဖြူးတိုက်နေတဲ့ ညနေခင်းတစ်ခုမှာ ဒေါ်ဖရေးမိုးတယောက် ဝါးရုံအောက်မှာ သူမမွေးထားတဲ့ ဝက်တွေကို အစာကျွေးနေပါတယ်။ ကလေးသုံးယောက်ရဲ့မိခင် အသက် (၃၅) နှစ်အရွယ် ဒေါ်ဖရေးမိုးကတော့ စစ်ရှောင်ရင်း အိမ်ထောင်ရှင်မ တာဝန်ကို ထမ်းဆောင်နေရပြီး တစ်နေ့တာကို အိမ်အလုပ်တွေနဲ့ နပန်းလုံး နေရတာပါ။

ဒေါ်ဖရေးမိုးကတော့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ နေထိုင်ပြီး၊ လက်ရှိမှာတော့ ညောင်ရွှေမြို့နယ် အင်းလေးရွာတစ်ရွာမှာ သူမမိသားစုနဲ့အတူ စစ်ရှောင်နေတာဖြစ်ပါတယ်။

အင်းလေးဒေသလို့ ပြောလိုက်ရင် အားလုံးရဲ့မျက်စိထဲမှာ ရေပေါ်အိမ်တွေ ၊ ရေပေါ်ခရမ်းချဉ် စိုက်ခင်းတွေ၊ ရေပေါ်သွားလာနေတဲ့ လှေတွေ နဲ့၊ အင်းသားတွေရဲ့ စကားသံဝဲဝဲတွေကိုကြားယောင်ကာ ပြေးမြင်မိကြမှာ အမှန်ပါပဲ…..။

ဒေါ်ဖရေးမိုးတို့ အခုရောက်ရှိနေထိုင်တဲ့ နေရာဟာ အင်းရဲ့သဘောသဘာဝအရ မိုးရာသီမှာ ရေတွေနဲ့ ပြည့်လျှံနေပြီး၊ နွေရာသီမှာတော့ ရေခန်းခြောက်ကာ ကုန်းပြန်ဖြစ်သွားပါတယ်။

“အရင်နှစ်က ဒီလိုအချိန်မှာ စရောက်တာလေ သူတို့အိမ်အောက်မှာဆို မြေတွေ ခြောက်ကုန်ပြီ။ စိုက်ပျိုးလို့ရပြီပေါ့နော်။ ဒါပေမယ့် ဒီနှစ်မှာတော့ အိမ်အောက်မှာရေတွေ ရှိနေသေးတော့ စိုက်ပျိုးလို့ မရသေးဘူးပေါ့” လို့ ဒေါ်ဖရေးမိုးက သူမအင်းထဲက စရောက်ခဲ့တဲ့ အချိန်ကို ပြန်ပြောပြနေပါတယ်။

အဲဒါတွေအားလုံးဟာ ကရင်နီပြည်က ဒေါ်ဖရေးမိုးတို့အတွက် နေရာထိုင်ခင်းအသစ်အဆန်း ဖြစ်နေသလို အင်းသားတွေရဲ့ ချစ်စရာကောင်းတဲ့ အသံဝဲဝဲဘာသာစကားကလည်း သူမတို့အတွက် အခက်အခဲ ဖြစ်နေပြန်ပါတယ်။ ဒါပေမယ့် ဒေသခံတွေနဲ့ အတူယှဉ်တွဲပြီး နေထိုင်ခဲ့တဲ့ တစ်နှစ်ကျော်အချိန်ကာလ ကြာလာတဲ့အခါမှာတော့ အဲဒီအဆင်မပြေမှုတွေ မရှိတော့ဘဲ သဟဇာတ ဖြစ်လာတယ်လို့ ဆိုပါတယ်။

“စစရောက်တုန်းက မပျော်ဘူး သူတို့ရဲ့ ဘာသာစကားကို နားမလည်ဘူးလေ။ အင်းသားစကားလည်း သိပ်မကြားဖူးလေ။ ဟိုး ဒီအထိ ရောက်သွားတော့ အဆင်မပြေပါဘူး။နေတာကြာတော့ သူတို့ရဲ့ ဘာသာစကားကို နားလည်လာတယ်။ သူတို့နဲ့လည်း ပိုရင်းနှီးလာတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာတာပေါ့” လို့ ဒေါ်ဖရေးမိုးက ပြောပါတယ်။

အခု စစ်ရှောင်နေရတဲ့ အင်းသားရွာဟာ ဒေါ်ဖရေးမိုးတို့ နဲ့ လူမျိုးမတူတဲ့အပြင် ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနဲ့ ထုံးတမ်းဓလေ့တွေ ကွဲပြားနေပါတယ်။ အရာအားလုံးဟာ မတူညီကြပေမယ့် စစ်ရှောင်နဲ့ ဒေသခံတွေ တစ်သားတည်းဖြစ်အောင် လူမျိုးရေး၊ ဘာသာရေး စတာတွေ မခွဲထားဘဲ တန်းတူဆက်ဆံတယ်လို့ အဲဒီရွာက စစ်ရှောင်အရေးကူညီပေးသူ ဆရာအောင်ဖြိုးကျော်က ပြောပါတယ်။

“ Human rights (လူ့အခွင့်အရေး) အရ ကိုယ်ယုံကြည်တာ ကိုယ် ကိုးကွယ်ပိုင်ခွင့်ရှိတယ်ပေါ့နော။ ရွာခံတွေက ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာအလျောက် စစ်ရှောင်တွေကလည်း ဗုဒ္ဓဘာသာအလျောက် ဘုန်းကြီးကျောင်း သွားတက်တယ်။ ခရစ်ယာန်တွေကလည်း သူတို့ Sunday တိုင်း ဘုရားကျောင်းတက်တာ‌တို့ဘာတို့တော့ ရှိတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ကတော့ သဟဇာတတော့ရှိတယ်လို့ အခက်အခဲတော့ မရှိပါဘူးပေါ့နော်” လို့ သူကပြောပါတယ်။

ဒေါ်ဖရေးမိုးမိသားစုရဲ့ စစ်ရှောင်နေရာ။

အဆိုပါရွာမှာရောက်ရှိနေထိုင်ကြတဲ့ စစ်ရှောင်တွေဟာ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ဖြစ်ကြပါတယ်။ အရင်က စစ်ရှောင်လူဦးရေများပေမယ့် နေရပ်ပြန်သွားတဲ့ စစ်ရှောင်တချို့နဲ့၊ နေရပ်ရွှေ့ပြောင်းသွားတဲ့ စစ်ရှောင်တချို့ကြောင့် လက်ရှိမှာ စစ်ရှောင်အိမ်ထောင်စု (၁၇) စု သာ ကျန်ပါတယ်။ အဲဒီစစ်ရှောင်တွေဟာ ဒေါ်ဖရေးမိုးတို့လိုပဲ နေရပ်ပြန်လို့ မရသေးသူတွေဖြစ်ပြီး အဲဒီရွာမှာ နေထိုင်လာတာ တစ်နှစ်ကျော် ကြာခဲ့ပါပြီ။

လူနည်းစုဖြစ်တဲ့ စစ်ရှောင်တွေအတွက် ရွာခံပရဟိတအဖွဲ့တွေက နေရာထိုင်ခင်း ၊ကျန်းမာရေးနဲ့ ပညာရေး စတာတွေကူညီပေးတဲ့အပြင်၊ စစ်ရှောင်တွေကို အသေးစားလုပ်ငန်း လုပ်ကိုင်နိုင်ဖို့ အရင်းအနှီးတွေ ထုတ်ပေးတယ်လို့ ဆိုပါတယ်။

အင်းလေးဒေသကို စစ်စရှောင်တဲ့အချိန်မှာ ဒေါ်ဖရေးမိုးဟာ တခြားစစ်ရှောင်တွေနဲ့အတူ နေ့စားအငှါး လိုက်တဲ့ အလုပ်ကိုလုပ်ကိုင်ခဲ့ရပေမယ့် အခုဆိုရင် ရွာခံပရဟိတအဖွဲရဲ့ မတည်ပေးတဲ့ငွေနဲ့ ဝက်မွေးမြူရေး လုပ်ကိုင်နေရပြီး၊ နေ့စားသွားစရာ မလိုတော့ဘူးလို့ ဆိုပါတယ်။

“အရင်နှစ်ကတော့ နေ့စားလိုက်ရတာပေါ့။ စပါးပေါင်းလိုက်တာတို့၊ ခရမ်းချဉ်သီး ခူးတာတို့ ၊ ပြောင်း ပေါင်းလိုက်၊ ပြောင်း ခူး စတာတွေ လုပ်ရတယ်။အခုနောက်ပိုင်းမှာတော့ ဝက်မွေးတယ်ပေါ့နော်။ ၅ လ ၆ လ လောက်ရှိပြီ ။ နေ့စားသွားစရာ မလိုတော့ဘူးပေါ့။” လို့ ဒေါ်ဖရေးမိုးက ပြောပါတယ်။

ဒေါ်ဖရေးမိုးကတော့ အိမ်အလုပ်လုပ်ရင်း အပိုဝင်ငွေရဖို့ ဝတ်မွေးမြူတာနဲ့ တစ်နေ့တာကို အချိန်ကုန်နေရပြီး၊ သူမရဲ့ ခင်ပွန်းဖြစ်သူက အပိုဝင်ငွေရအောင် နေ့စားအငှားလိုက်နေဆဲဖြစ်ပါတယ်။ သူမတို့ရဲ့ သားသမီး ၃ ယောက် ကတော့ ရွာခံပရဟိတ ဆရာ/မ ၃ ဦး က သင်ကြားပေးတဲ့ ရွာကျောင်းမှာ သွားရောက် ပညာသင်ကြားခွင့်ရပါတယ်။

ဒေါ်ဖရေးမိုးတို့ စစ်ရှောင်တဲ့ အင်းလေးဒေသရွာမှာဆိုရင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လယ်ယာစိုက်ပျိုးတာ ၊ ခြံလုပ်ငန်းနဲ့၊ ယက်ကန်း စတဲ့အလုပ်တွေနဲ့ အသက်မွေးဝမ်းပြုကြတာပါ။ ဒေသခံရွာသားတွေဟာ သာရေး၊နာရေးကိစ္စတွေမှာ အိမ်ရှင်၊ ဧည့်သည်ဆိုပြီး မခွဲခြားဘဲ ကူညီလုပ်ဆောင်ပေးတာကြောင့်လည်း ဒေါ်ဖရေးမိုးတို့လို စစ်ရှောင်တွေဟာ အင်းလေးဒေသမှာ နေရေးထိုင်ရေးအပြင် ဝမ်းရေးအတွက်ပါ စိတ်မပူရဘူးလို့ဆိုပါတယ်။

အလုပ်ခွင်နားလို့ ညနေခင်းလိုအချိန်တွေမှာလည်း ရွာဓလေ့အရ အိမ်လည်ကြတဲ့အတွက် ဒေါ်ဖရေးမိုးတို့ စစ်ရှောင်တဲ့ ဓမ္မာရုံမှာလည်း ဒေသခံရွာသားတွေဟာ ရှိတဲ့ဟင်းသီးဟင်းရွက်နဲ့ အလည်လာပြီး၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပြောဆိုပေးတာတွေ ရှိတယ်လို့ ဒေါ်ဖရေးမိုးက ပြောပါတယ်။

“ ရွာသားတွေကျတော့ အားပေးစကားလာပြောတာတွေရှိတယ်။ သူတို့စားစရာရှိရင် လာပေးတာတို့ အဲလိုမျိုးတွေ လုပ်တယ်။” လို့ သူမက ပြောကပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် လက်ရှိအချိန်ထိ ပြည်သူ ၂ သိန်းခွဲဟာ ကရင်နီပြည်နယ်အတွင်းနဲ့ နီးစပ်ရာ ပြည်နယ်တွေမှာ နေရာပျံ့ကျဲပြီး စစ်ရှောင်ခဲ့ကြရပါတယ်။

အဲဒီထဲမှာ ဘယ်အချိန်မှာမှ အိမ်ပြန်လို့ရမှန်း မသိသေးတဲ့ ဒေါ်ဖရေးမိုးတို့လို တနယ်တကျေး ရောက်နေတဲ့ စစ်ရှောင်တွေအဖို့ကတော့ ရောက်တဲ့နေရာမှာ ဒေသခံတွေနဲ့အတူ တစ်သားတည်းဖြစ်အောင် နေထိုင်ကျင်လည်နေရကြရအုံးမှာပါပဲ….

ဒေါ်ဖရေးမိုးမိသားစုစစ်ရှောင်နေတဲ့ ရွာမြင်ကွင်း။
spot_img
spot_img