ဖွံ့ဖြိုးမှုဘောဂဗေဒနှင့် နိုင်ငံတည်ဆောက်ရေးအတွေးများ

ကျော်စိုးသူ Economic Developmentရေးသားသည်။ 

ဖွံ့ဖြိုးမှုဘောဂဗေဒဆိုသည်မှာ များမကြာမီနှစ်အနည်းငယ်ကမှပင် စတင်ခေတ်စားလာသော ဘာသာရပ်တစ်ခုပင်ဖြစ်ပေသည်။ စီးပွားရေးတက္ကသိုလ်(၃)ခုရှိသည့် အနက်မှပင် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင်သာ စတင်အခြေတည်သင်ကြားပေးနိုင်ခဲ့သည်ကို တွေ့ရပါသည်။ ထိုစဉ်က ထိုဘာသာရပ်အပေါ် ကျောင်းသားများ၏ စိတ်ဝင်စားမှုအားနည်းခဲ့သည်ကို တွေ့ရပေသည်။

အဘယ်ကြောင့်ဆိုသော ထိုစဉ်က အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှုအနေဖြင့် အားနည်းနိုင်သောကြောင့်ပင် ဖြစ်ပေသည်။ သို့ရာတွင် တာဝန်ယူသင်ကြားသော ဆရာ၊ဆရာမများ၏ ကြိုးစားဆောင်ရွက်ချက်များပေါ်မူတည်၍ အထိုက်အလျှောက်အောင်မြင်မှု ရခဲ့သော ဘာသာရပ်တစ်ခုပင်ဖြစ်သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Economic Development) ဆိုသည်မှာ စီးပွားရေးတိုးတက်မှု (Economic Growth) နှင့်မတူပေ။ Economic Growth ဆိုသည်မှာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု တစ်ခုကိုသာ ဆိုလိုရင်းဖြစ်ပြီး Economic Development ဆိုသည်မှာ စီးပွားရေးတင်မက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်စသော ဘက်ပေါင်းစုံ၊ ကဏ္ဍစုံက ဖွံ့ဖြိုးတိုးတက်လာမှုများကို ဆိုလိုခြင်း ဖြစ်ပေသည်။ ဒါကြောင့်လည်း Economic Growth ထက် Economic Developmentကို နိုင်ငံအများစုက ရည်းမှန်းချက်ထား ဆောင်ရွက်နေကြခြင်းပင် ဖြစ်ပေသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်နှင့်အညီ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေတာကို တွေ့ရပေသည်။ သို့ရာတွင် ခေတ်အဆက်ဆက် မျက်ခြေပြတ် ကျန်ခဲ့သော ဖွံ့ဖြိုးရေးအတွေးအခေါ်အယူအဆများကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ပေ။ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသော အဖွဲ့အစည်းများတွင် ဖွံ့ဖြိုးမှု ဘောဂဗေဒအမြင်များ လွန်စွာအားနည်းခဲ့ရပေသည်။ ထိုအချက်များကပင် မြန်မာပြည်၏ အခြေအနေကို ထင်သလောက်ခရီးမပေါက် စေခဲ့ခြင်းပင် ဖြစ်ပါလိမ့်မည်။ လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲရမည့် အဖွဲ့အစည်းများအပိုင်းတွင် ဖွံ့ဖြိုးမှု ဘောဂဗေဒနှင့် အတွေးအမြင်များ လိုအပ်နေခဲ့ခြင်းပင် ဖြစ်ပေသည်။

ဒေသအစိုးရများဆိုသည်မှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁ဝ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲပြီး ယခုဆိုလျှင် (၆)နှစ်ကျော် သက်တမ်းပင်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ သို့ရာတွင် ဖွံ့ဖြိုးမှု ဘောဂဗေဒနှင့် ပတ်သက်သော အတွေးအမြင်များမှာကား နည်းပါးနေဆဲပင် ဖြစ်ပေသည်။ ထိုအချက်ကြောင့်ပင် နိုင်ငံတည်ဆောက်ရေးကို မသိ၊ အပြန်အလှန်ထိန်းကြောင်းခြင်း နားမလည်၊ ခေတ်ပြောင်းစနစ်ပြောင်းကို ဟန်ချက်ညီညီလိုက်ပါပြောင်းလဲနိုင်စွမ်း မရှိခြင်းဖြစ်ပေသည်။ ထို့ကြောင့်ပင် အာဏာနိုင်ငံရေးနှင့် လူပြိန်းကြိုက် နိုင်ငံရေးအဆင့်မှာပင် တဝဲလည်လည်ဖြစ်နေသော ဒေသအစိုးရ အများစုကို မြင်တွေ့နေရခြင်း ဖြစ်ပေလိမ့်မည်။

စတင်ဖွဲ့စည်းကတည်းကပင် ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဍာန်များ မမှန်ကန်ခဲ့တာကို တွေ့မြင်ရပေသည်။ တရားရေး၊ ဥပဒေ၊ စာရင်းစစ်စသော ဒေသတွင် ဗဟိုအဖွဲ့အစည်းများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအောက်တွင် ထည့်သွင်းထားသော ဒေသအစိုးရအဖွဲ့စည်းတည်ဆောက်မှုများမှာ အာဏာသုံးရပ် အပြန်အလှန်ထိန်းကျောင်းခြင်းကို ပျက်ပြားစေယုံမက အုပ်ချုပ်ရေးအောက်ကို တရားစီရင်ရေး မဏ္ဍိုင်နှင့် စာရင်းစစ်ဆေးခြင်း ကဏ္ဍများဆွဲယူ လိုက်သလိုဖြစ်နေပေသည်။

ထိုအချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁) ပုဒ်မ ၁၁ (က)ပါ ” နိုင်ငံတော်အချုပ်အခြားအာဏာသည် ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်” ဆိုသည့် ပြဌာန်းချက်အပေါ်ဖောက်ဖျက် ကျူးလွန်ခြင်းပင် ဖြစ်ပေသည်။ အထက်ပါ အမှားများသည် နိုင်ငံတည်ဆောက်ရေး အမြင်နည်းပါးပြီး အပြန်အလှန် ထိန်းကျောင်းခြင်း သဘောသဘာဝကို လက်ခံလိုသော အစိုးရစနစ်ကို မြင်တွေ့ရနိုင်ပေသည်။ ဖွံ့ဖြိုးမှု ဘောဂဗေဒသမားတစ်ောက် အဖို့တော့ ထိုအဖြစ်သည် အခြေခံကျပြီး လက်တွေ့အကျဆုံးပြုပြင် ပြောင်းလဲရမည့် အချက်ဟုထင်မြင်မိပေသည်။

တရားရေး၊ ဥပဒေ၊ စာရင်းစစ်စသော အဖွဲ့အစည်းများသည် ရွေးကောက်ခံများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သလို ဥပဒေအရလည်း သီးခြားလုပ်ပိုင်ခွင့် အာဏာများရှိနေသော အဖွဲ့အစည်းများပင် ဖြစ်ပေသည်။ ခေတ်အဆက်ဆက်အား ကောင်းခဲ့သော အုပ်ချုပ်ရေးမဏ္ဍိုင်၏ လောင်းရိပ်အောက်မှ ဆွဲထုတ် တည်ဆောက်နေကြသည့် အချိန်ပင်ဖြစ်သည်။ ထိုကာလတွင် အုပ်ချုပ်ရေး မဏ္ဍိုင်သုံးရပ် အားကောင်းလာမှသာ အပြန်အလှန်ထိန်းကျောင်းခြင်း အသက်ဝင်လာမှာဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီကို ဖြစ်ထွန်းအောင်မြင်စေပေလိမ့်မည်။

ဖွံ့ဖြိုးရေး ဘောဂဗေဒ သမားတစ်ယောက်အနေဖြင့် ထပ်မံပြောင်းလဲလိုသည့် အချက်တစ်ခုမှာ ဒေသအစိုးရအဖွဲ့များကို ပြည်ထဲရေး၏ လောင်းရိပ်အောက်မှ ဆွဲထုတ်လိုခြင်းပင်ဖြစ်သည်။ ဒေသလွှတ်တော်များကို ပြည်ထဲရေး၏ လောင်းရိပ်အောက်မှ ဆွဲထုတ်ပြီး သီးခြားဖွဲ့စည်းပုံဖြင့် ရပ်တည်ဆောင်ရွက်သကဲ့သို့ဖြင့် ဒေသအစိုးရများကို ပြည်ထဲရေးလောင်းရိပ်အောက်က ဆွဲထုတ်ကာ သီးခြားဖွဲ့စည်းပုံဖြင့် သမ္မတရုံး(သို့) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးများကို တာဝန်ခဲ့သော ဖွဲ့စည်းတည်ဆောက်အုပ်ချုပ်မှု ပုံသဏ္ဍာန်ကို ဖော်ဆောင်သင့်ပေသည်။ သို့မှသာ ငါးနှစ်တစ်ခါပြောင်းလဲနေသော အစိုးရစနစ်ကို စနစ်တကျ ထောက်အကူပြုပေးနိုင်သော ဒေသအစိုးရစနစ်များကို ရရှိနိုင်ပါလိမ့်မည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံတော်တည်ဆောက်ရေးဆိုသည်မှာ နိုင်ငံအတွင်းရှိ အင်စတီကျူးရှင်းများ အားကောင်းအောင် တည်ဆောက်ရေးပင်ဖြစ်သည်။ လူဖြင့်အုပ်ချုပ်နေသော စနစ်မှ မူဖြင့်အုပ်ချုပ်သော စနစ်အသက်ဝင်အောင် တည်ဆောက်ခြင်းပင်ဖြစ်သည်။ ထိုနေရာတွင် ခေတ်အဆက်ဆက် ဖျက်ဆီးခံခဲ့ရသော အင်စတီးကျူးရှင်းများနှင့် အားကောင်းခဲ့သော အာဏာ နိုင်ငံရေးဖြစ်စဉ်များကြောင့် နိုင်ငံတည်ဆောက်ရေးကို အားလျော့နည်းစေပါလိမ့်မည်။

နိုင်ငံရေးသမားများ၊ အင်စတီကျူးရှင်းများ၏ ခေါင်းဆောင်များနှင့် ပြည်သူများ၏ ဖွံ့ဖြိုးရေး ဘောဂဗေဒ သဘောတရားများအပေါ် သိရှိနားလည်လာခြင်းကသာ မြန်မာနိုင်ငံ၏ အကူးအပြောင်းကာလ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဖြစ်ထွန်းအောင်မြင်စေမည့်အချက် ဖြစ်ပါကြောင်း မီးမောင်းထိုးရေးသားတင်ပြလိုက်ရပေသည်။

ခေါင်းစဉ်ဓါတ်ပုံ-အင်တာနက်

Comments

comments

Next Post

စည်းကမ်းမဲ့ အပြုအမူတွေကြောင့် ဖရူနူဂူမှာ ဧည့်သည်လာရောက်လည်ပတ်တာကို တားမြစ်မယ်

Wed Nov 1 , 2017
လင်းသန့် ဒီနှစ်ပို်င်းအတွင်း မြေအောက်ရေလိုဏ်ဂူကမ္ဘာလို့ လူသိများလာတဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ်က မော်သီဒိုရွာအနီးမှာရှိတဲ့ ဖရူနူဂူမှာ လာရောက်လည်ပတ်သူတွေက အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်လာကြတဲ့အတွက် ဧည့်သည်လာရောက်လည်ပတ်တာကို ကန့်သတ်ဖို့ ဒေသခံတွေ ဆန္ဒရှိနေကြပါတယ်။ စည်းကမ်းမဲ့စွန့်ပစ်လိုက်တဲ့ အမှိုက်တွေက ရေဝင်ပေါက်လမ်းတွေကို ပိတ်ဆို့စေနိုင်တာ၊ ခရီးသွားလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်လာရင် ဒေသခံတွေရဲ့ စိုက်ပျိုးမြေနဲ့ တိရိစာ္ဆန်တွေရဲ့ စားကျတ်တွေကို ထိခိုက်လာနိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြတာပါ။ ဒါ့အပြင် ဖရူနူဂူမှာ ခရီးသွားလုပ်ငန်းလုပ်အစပြုတာတွေ ကြားသိနေရပေမယ့် ပွင့်လင်းမြင်သာမှုနဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင်တာတွေ အစပြုလုပ်ဆောင်တာ မရှိသေးလို့ ဒေသခံတွေ ဆိုနေကြပါတယ်။  ဖရူနူဂူပတ်ဝန်းကျင်မှာ ဒေသခံတွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ လိုက်နာမှု မရှိတဲ့အတွက် လူမှုရေးဆိုင်ရာစံနှုန်းပြဿနာတွေကို တွေ့နေရတယ်လို့ မော်သီဒိုကျေးရွာနေ ဒေါ်ဇူဇန်နာက […]