ဖွံ့ဖြိုးရေးစီမံကိန်း အလွှဲသုံးစားမှု မဖြစ်ဖို့

ကန္တာရဝတီတိုင်း(မ်)

လူထုဗဟိုပြုဖွံ့ရေးစီမံကိန်းတွေဆိုတာ လူထုတရပ်လုံးနဲ့ နီးနီးကပ်ကပ် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အတူတူ အကောင်အထည် ဖော်ဆောင်ပြီး ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရတဲ့ စီမံကိန်းဖြစ်တယ်လို့ သဘောပေါက်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းအစပြုခဲ့တဲ့ လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေအထောက်အပံ့၊ နည်းပညာအကူအညီနဲ့ ကယားပြည်နယ်က ဒီးမော့ဆိုမြို့နယ် ၊ ဖရူဆိုမြို့နယ်မှာ စတင်အကောင်အထည်ဖော်လာခဲ့ကြပါတယ်။

ဒီလို အောက်ကနေ အစပြုတဲ့ လူထုဗဟိုပြုစီမံကိန်းတွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်နေချိန်ကာလမှာ စီမံကိန်းတွေကို လူထုကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲတတ်လာနိုင်ဖို့က အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်လာပါတယ်။ ဒါ့အပြင် တစ်ပြည်နယ်လုံး အတိုင်းအတာ ၊ တနိုင်ငံလုံးအတိုင်းအတာ ၊ နိုင်ငံတကာအဆင့်ရှိတဲ့အတိုင်းအတာနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ ဒေသခံတွေရဲ့ လူထုပါဝင်မှုအရည်အချင်း ၊ အရည်အသွေးကလည်း အရေးတကြီးသော လိုအပ်ချက်တခု ဖြစ်လာစေပါတယ်။

ဒါကြောင့် မိမိတို့ဒေသအတွင်း အမှန်တကယ်လိုအပ်တဲ့အရာကို ဖွံ့ဖြိုးတိုးတက်ဖို့ ကိုယ်တိုင်ကိုယ်ကျပါဝင်စီမံခန့်ခွဲနိုင်ဖို့ စိတ်ရင်းစေတနာအမှန်က လူတိုင်းမှာ လိုအပ်နေ ပါတယ်။ စီမံကိန်းတခုရဲ့ ငွေရေးကြေးရေးလုပ်ငန်းမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုကို တပါတည်း ပါရှိလာပါတယ်။ စီမံကိန်းအောင်မြင်ဖို့ ဒေသခံပူးပေါင်းဆောင်ရွက်မှု အရည်အချင်းရှိဖို့၊ စိတ်ထားစေတနာအမှန်ရှိဖို့ ၊ တာဝန်ယူမှုတာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိဖို့က အဓိက ကျပါတယ်။

လူထုဗဟိုပြုစီမံကိန်းတခုဖြစ်တဲ့ လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာအုပ်စု ၊ ထူဒူငံသကျေးရွာနှင့် ပန်ကန်းကျေးရွာချင်းဆက်လမ်းခင်းတဲ့ စီမံကိန်းမှာ ကျောက်ကန်ထရိုက်သမားက ကျောက်လုပ်ငန်းရှင်တွေကို ကျောက်ဖိုးငွေပေးချေဖို့ ပေးဆပ်နိုင်ခြင်းမရှိတဲ့အတွက် ကျောက်ပိုင်ရှင်တွေဘက်က တရားဥပဒေနှင့်အညီ အရေးယူပေးဖို့ စတဲ့ တိုင်တန်းစာတွေရှိလာပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးလို့လည်း နောက်ပိုင်းမှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ညွန်ကြားရေးမှူးတွေ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ ကော်မတီအဖွဲ့ဝင်တွေ အားလုံးနဲ့လည်း တွေ့ဆုံပြီး ညှိနှိုင်း ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

မေလပိုင်းကတည်းက အကောင်အထည်ဖော်ခဲ့တဲ့ ကျောက်ခင်းလမ်းကို ဇူလိုင်လ ၂ဝ ရက်နေ့အထိ ကျောက်ဖိုးအပြီး မပေးဆပ်နိုင်သေးကြောင်းကို သိရပါတယ်။ ဒီဖြစ်စဉ်မှာဆိုရင် လုပ်ငန်းရှင်၊ ကော်မတီဝင်များနှင့် ဝန်ထမ်းပိုင်းဆိုင်ရာတွေ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကြောင့် ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်နေတာကို တွေ့ရတယ်။ မလိုအပ်ပဲ အချိန်မနှောင်းခင် မဖြေရှင်းနိုင်ပဲ ပြဿနာကို ပိုကြီးထွားစေခဲ့ပါတယ်။

စီမံကိန်းဒေသအလိုက် အောင်မြင်ဖို့အတွက် စီမံကိန်း အထောက်အကူပြုကော်မတီ၊ စေတနာ့ဝန်ထမ်းတွေ၊ စောင့်ကြည့်ကြီးကြပ်ရေး ကော်မတီ၊ လည်ပတ်ထိန်းသိမ်းရေးကော်မတီ၊ ဝေဖန် အကြံပြုတိုင်တန်းရေး ကော်မတီ၊ ဝယ်ယူရေးကော်မတီ၊ ကျေးရွာစာရင်းကိုင်စတဲ့ ကော်မတီတွေဖွဲ့စည်းတာ ရှိပါတယ်။ လူထုအချင်းချင်းကြားမှာ အလွှဲသုံးစား မပြုလုပ်နိုင်ဖို့အတွက် ယုံကြည်မှုနဲ့ ဆောင်ရွက်ရမယ့်အပြင် သက်ဆိုင်ရာ အားလုံးက တချိန်တည်းမှာ စောင့်ကြည့်ကြပ်မတ်နိုင်ရေး ပိုပြီးအားစိုက်ဖို့ လိုနေပါပြီ။
စီမံကိန်းလုပ်ငန်း တစုံတရာလွှဲချော်မှု၊ အလွှဲသုံးစားမှု ရှိနေပြီဆိုပါက အချိန်မှီဖြေရှင်းနိုင်ရေး အစိုးရဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ကော်မတီဝင်များက တိကျတဲ့ အရေးယူဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသား လိုက်ပါတယ်။

Comments

comments

Next Post

လုံ/နယ်ဝန်ကြီး(ဟောင်း)အစား အခြားတပ်မတော်သား ကိုယ်စားလှယ် တစ်ဦးပြောင်းလဲခန့်အပ်

Sat Jul 29 , 2017
ထျိုးမြာ တပ်မတော်သားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်မျိုးတင်အစား ပြောင်းလဲတာဝန်ပေးလိုက်သည့် ဗိုလ်ကြီးရွှေတိုးက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာလက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ ဗိုလ်မှူးကြီးဇော်မျိုးတင့်သည် ယခင်အစိုးရသက်တမ်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် ကိုင်တွယ်ခဲ့သည်။ ယခုမူကာ ၎င်းရာထူးအား အခြားတပ်မတော်သား ကိုယ်စားလှယ်ဖြစ်သော ဗိုလ်မှူးကြီးမြင့်ဝေအား အစားထိုး ခန့်အပ်ထားလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဗိုလ်မှူးကြီးဇော်မျိုးတင့်သည် သာမန်တပ်မတော်သားလွှတ်တော်ကိုယ်စားအဖြစ်သာ တာဝန်ယူထားရာက ပြောင်းလဲ ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မေလ(၁၆)ရက်နေ့ ထုတ်ပြန်ချက်အရ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်းအား ဇူလိုင်လ(၂၀)ရက်နေ့ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် […]