ဗိုလ်ချုပ်ရုပ်ထုထားဖို့ အရေးတကြီးလိုအပ်သလား

သွေး (စစ်ကိုင်း) ရေးသားသည်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို တစ်ဖက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်သွားမယ်လို့ကြွေးကြော်ထားတဲ့ နိုင်ငံလဲဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုဆီ သွားရမှာ အရေးကြီးတဲ့ အချက်က တိုင်းရင်းသားတွေအတွက် တန်းတူရည်တူအခွင့်အရေးတွေ ဖန်တီးပေးဖို့ပါဘဲ ဒါ့အပြင် လူနည်းစုတိုင်းရင်းသားတွေရဲ့ ဆန္ဒက ဘာလဲဆိုတာကိုပါ သိအောင်ကြိူးစားရမှာပါ။

ကရင်နီပြည်လို့ခေါ်ဝေါ်တဲ့ ကယားပြည်နယ်ဟာ ကရင်နီ၊ ကယန်း၊ ဂေခို ၊ ဂေဘား၊ ပရဲ၊ မနုမနော၊ ယင်းဘော်၊ ယင်းတလဲ လူမျိုးတွေနေထိုင်ကြတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ထူးခြားချက်က ပဒေသရာဇ်အုပ်စိုးတဲ့ ခေတ်ကတည်းက ကရင်နီပြည်နယ်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရပ်တည်ခဲ့တဲ့ အချက်ပါဘဲ။

(၁၉၄၇) ခုနှစ် ဖေဖော်ဝါရီလအတွင်း  ရှမ်းပြည်နယ် ပင်လုံမှာ ကျင်းပတဲ့ ပင်လုံညီလာခံသမိုင်းကို ပြန်လေ့လာကြည့်ရင်လည်း  ကရင်နီပြည်ကို ကို်ယ်စားပြုပြီး  ကိုယ်စားလှယ် တက်ရောက်ခဲ့တာ မရှိဘဲ လေ့လာသူအနေနဲ့သာ တက်ရောက်ခဲ့တာတွေ့ရပါတယ်။ ဒါကြောင့်ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာမှာလည်း ကရင်နီကိုယ်စာလှယ်တွေ မပါခဲ့ပါဘူး။

(၁၉၄၇) ခုနှစ် ဧပြီလထဲမှာမှ လွတ်လပ်လာတဲ့ မြန်မာပြည်နဲ့  ကရင်နီပြည်နယ် ပူးပေါင်း၊ မပူးပေါင်းကိစ္စကို ဗြိတိသျှ အစိုးရက အကြံပြုတဲ့ ရီး(စ်) ဝီလျံဦးဆောင်တဲ့ ကော်မရှင်အဖွဲ့နဲ့ ကရင်နီပြည်နယ်အကြီးအကဲတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် သဘောထားကြေညာချက် ထုတ်ပြန်ရာမှာ အဓိက အချက် (၁၀)ချက် ပါဝင်ခဲ့ပါတယ်။ အဲ့ဒီထဲက အရေးပါတဲ့ တစ်ချို့အချက်တွေကတော့  လွတ်လပ်သောကရင်နီ ပြည်နယ်များ၏ အခွင့်အရေးများကို မထိခိုက်လျင် တောင်တန်းဒေသများနှင့် ပူးပေါင်မည်။

တောင်တန်းများနှင့် ပူးပေါင်းဖြစ်ခဲ့လျှင် ကရင်နီကိုယ်စားလှယ်တစ်ဦးဟာ  တောင်တန်းဒေသ ဗဟိုဦးစီးအဖွဲ့တွင် ကောင်စီဝင်အဖြစ် ခန့်ထားမည်။ တောင်တန်းဒေသ အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းသော်လည်း ကရင်နီပြည်သူလူထုက ထိုအဖွဲ့မှ ခွဲထွက်လိုလျှင် ခွဲထွက်နိုင်ခွင့်ရှိရမည် ဆိုတဲ့ အချက်တွေပါ ပါတယ်။

ကရင်နီတိုင်းရင်းသားတွေ လေးစားရတဲ့ ခေါင်းဆောင်တွေ သီးသန့်ရှိသလို သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့တဲ့ သမိုင်းကို ပျောက်ပျက်လို့မရပါဘူး။

ရေမြေသဘာဝအရ သာယာလှပပြီး သံယံဇာတတွေ ကြွယ်ဝတဲ့ ကရင်နီပြည်နယ်ဟာ (၁၉၅ဝ )ခုနှစ် ဖေဖော်ဝါရီလမှာမှ တိုင်းပြု ပြည်ပြု လွတ်တော်အစည်းအဝေးမှာ ပါလီမန်အမှတ် ဦးစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ  ပုဒ်မ ၁၈ဝ (၁) (က)ပါ ကရင်နီပြည်နယ်ကို ပယ်ဖျက်ပြီး ကယားပြည်နယ်လို့ ပြင်ဆင်ပြဌာန်းပေးဖို့ အဆိုတင်သွင်းခံခဲ့ရတာပါ။

(၁၉၅၁) ခုနှစ် အောက်တိုဘာလ (၅) ရက် နေ့မှာ တိုင်းပြုပြည်ပြုလွတ်တော်က ကယားပြည်နယ်လို့ အမည်ပြောင်းလဲခဲ့တာလည်း ဖြစ်ပါတယ်။

 ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိတွေကို လေးစားလိုက်နာဖို့ လိုသလို ကရင်နီလူငယ်တွေဟာ စစ်အစိုးရလက်ထက်တုန်းက ကယားပြည်နယ်မှာ အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပနိုင်ဖို့ ကြိုးစားခဲ့ကြတာတွေ့ရပါတယ်။

ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိရေးထက် ဗိုလ်ချုပ်လိုလားတဲ့ တိုင်းရင်းသားတန်းတူအခွင့်အရေးဖော်ဆောင်ရေးကသာ ပိုပြီး အရေးကြီးပါတယ်။

ပင်လုံကတိကဝတ်တွေ အပြည့်အဝမဖြည့်ဆည်းနိုင်သေးဘဲ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူဖို့ အတင်းအကျပ်ကြိုးစားနေတာက လွဲချော်နေပါတယ်။

တကယ်လို့ ကယားပြည်နယ်မှာ ရှိတဲ့ ပြည်သူအားလုံးက ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့  သဘောတူတယ်ဆိုရင်တော့ စိုက်ထူရမှာပါ ။

ကရင်နီလူထုရဲ့ဆန္ဒကိုဆန့်ကျင်ပြီး အခုလိုလုပ်ဆောင်နေတာတွေဟာ ဖက်ဒရယ်ပြည်ထောင်စုအိမ်မက်ကို ပိုပြီး အလှမ်းဝေးသွားစေသလို  ဗမာလူမျိူးကြီး ဝါဒကိုပါ ဖော်ဆောင်ရာ ရောက်ပါတယ်။

သင့်တော်တဲ့ အချိ်န်မှ ၊ သင့်တော်တဲ့ အခြေအနေမှာမှ ကရင်နီလူထုရဲ့ ဆန္ဒကို ခံယူပြီး ဗိုလ်ချုပ်ကြေးရုပ်ထားရှိတာ ပိုကောင်းမွန်ပါလိမ့်မည်။

သိန်း (၁၀၀၀) နီးပါး အကုန်ကျခံထားတာဟာ ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေထဲကနေ သုံးစွဲတာဆိုတဲ့ စွပ်စွဲမှုေတွေလဲ ထွက်ပေါ်လာခဲ့ပါတယ်။

 (၂၀၁၈) ဇူလိူင် (၁၉) ရက်မတိုင်မှီ ကယားပြည်နယ်အစိုးရက  ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ စီစဉ်ခဲ့ပြီး အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ကရင်နီလူထုက ကန့်ကွက်ခဲ့ကြပါတယ်။

 ဒါပေမဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ကတော့ ရုပ်ထုထားရှိရေး ဆက်လက်ကြိုးစားသွားမယ်လို့  ထုတ်ဖော်ပြောကြားခဲ့တာပါ။

ဒီလိုနဲ့ (၂၀၁၈) ဇူလိုင်လ (၃) ရက်နေ့မှာ ဒေသခံ တစ်ထောင်ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ချို့ကို ပုဒ်မ ၅၀၅ (ခ) (ဂ) တရားစွဲခဲ့ပြီး လူငယ်(၁၀) ဦးထက်မနည်း တရားစွဲခံခဲ့ရပါတယ်။

NLD ပါတီရဲ့ ပြောရင်းဆိုခွင့်ရှိသူကတော့  အခုကြေးရုပ်ကိစ္စဟာ ပါတီရဲ့ ညွန်ကြားချက်မဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့နဲ့  ကရင်နီလူငယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့လည်း ကျေနပ်လောက်တဲ့ အဖြေမထွက်ခဲ့ပါဘူး။

အခုလို သောင်မတင်ရေ မကျ  အခြေအနေတွေကြားမှာ ပဲ (၂၀၁၉) ဇန်နဝါရီ (၂၉) ရက်နေ့မှာ ဗိုလ်ချုပ်ရုပ်ထုကို လွိုင်ကော်မြို့က ကန္တာဟေဝန် ပန်းခြံမှာ စိုက်ထူခဲ့ရာကနေ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ရပါတယ်။

(၂၀၁၉) ပြည်ထောင်စုနေ့မှာတော့ ဗိုလ်ချုပ်ထုကိစ္စကန့်ကွက်နေတဲ့ လူငယ်တွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူူ (၂၀)ဦးထက်မနည်းရှိခဲ့ပါတယ်။ ကရင်နီလူငယ်တွေက ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားဖို့ တာဝန်ရှိသူတွေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ် ။

အစိုးရအဖွဲ့ကိုယ်စာလှယ်တွေနဲ့ ကရင်နီပြည်သူများ  ကိုယ်စားပြု ညှိနိုင်းရေးကော်အတီကို တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့လည်း ရလဒ်မထွက်ခဲ့ပါဘူး။ တကယ်တော့ တိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်ကို မလိုလားလို့မဟုတ်ဘဲ ဗိုလ်ချုပ်လိုလားတဲ့ ပင်လုံကတိကဝတ်တွေ အပြည်အဝ မရသေးလို့သာ ကန့်ကွက်နေကြတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ရုပ်ထုတွေကို နိုင်ငံအနှံ့လိုက်လံစိုက်ထူနေတာကိုလည်း မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဘဝမှာ ရိုးရှင်းစွာနေထိုုင်ပြီး အဆောင်အယောင်တွေကို မနှစ်သက်သူပါ။

တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိတာဟာ သူတို့ရင်ထဲက ဆန္ဒကို လစ်လျူရှုရာရောက်ပါတယ်။

နောက်ဆုံးဖြစ်ရပ်မှာတော့  ကရင်နီ လူငယ် (၆)ယောက်က ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတစ်ဦးကို  နိုင်ငံရေး ရာဇဝတ်ကောင်တွေလို့ လက်မှတ်ထိုးကြေညာချက်ထုတ်ခဲတဲ့အတွက် သူတို့ကို နိုင်ငံသားများ၏  ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ တရားစွဲခဲ့တာပါဘဲ။

ဇွန်လ (၂၁) ရက်နေ့မှာ လူငယ် (၆) ယောက်က ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပြီး အမှုကို စတင်စစ်ဆေးနေပြီးဖြစ်ပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ နှစ်ဦး နှစ်ဖက်အဆင်ပြေနိုင်မယ့် အဖြေကို ရှာဖွေနိုင်ခဲ့ရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။ အမျိူးသားတန်းတူရေးကို ဖော်ဆောင်နိုင်ရန် အခုလို ဖြစ်ရပ်တွေ ဖြစ်ပွားမှာ မဟုတ်ပါဘူး။

ဒါကြောင့် ဗိုလ်ချူပ်ကြေးရုပ်ထားဖို့ထက် ဗိုလ်ချုပ်လိုလားတဲ့စိတ်ဓတ်တွေ ရှင်သန်ဖို့ကဘဲ ပိုအရေးကြီးပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုဆီ လျှောက်လှမ်းနိင်ဖို့ တိုင်းရင်းသားတွေအတွက် တန်းတူညီမျှ ဖော်ဆောင်နိုင်ရေးကသာ ပိုအရေးကြီးပါကြောင်း။

Comments

comments

Next Post

၂၀၂ဝ ၏ခေါင်းလောင်းထိုးသံ

Mon Aug 5 , 2019
ဘိုထီး (ငွေတောင်ပြည်) ရေးသားသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲဒီနိုင်ငံကို လူတစ်စုကသာ အုပ်ချုပ်လို့မရပါဘူး။ နိုင်ငံတစ်နိုင်ငံကို လူတစ်စုကသာ အုပ်ချုပ်မယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ထက် အာဏာတည်မြဲရေးကိုပဲ အမြဲဦးစားပေးလုပ်ဆောင်ကြပါတယ်။ တနည်းအားဖြင့် လူတစ်စုကသာအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနစ်ဟာ “ခဏလေးပါကိုကိုရယ်” မျိုးမဟုတ်ပဲ အာဏာသည်မြဲသည်ထက်တည်မြဲအောင် လုပ်ဆောင်လာတတ်ကြပါတယ်။ မြန်မာနို်င်ငံမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများဟာ ရေကြည်ရာ ၊ မြက်နုရာရှာ ဖွေစားသောက်ရင်းအတူတကွ ရောက်ရှိလာတဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ သမိုင်းပေးအခြေအနေအရ အတူတကွစုရုံးရောက်ရှိလာတဲ့ မြန်မာနိုင်ငံကို လူတစ်စုကသာအုပ်ချုပ်ဖို့ လုပ်ဆောင်တာဟာ ကျဉ်းမြောင်းတဲ့ အယူအဆတွေသာ ဖြစ်ပါတယ်။ မြန်မာနို်င်ငံရဲ့အုပ်ချုပ်ရေးစနစ်သာ လူတစုကသာ အုပ်ချုပ်တဲ့စနစ်ဖြစ်တယ်။ အဲဒီအုပ်ချုပ်ရေးစနစ်က ၁၉၆၂ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပါတယ်။  မြန်မာနို်င်ငံမှာ ငါးနှစ်တစ်ကြိမ်ကျင်းပပြုလုပ်ကြတဲ့ အထွေထွေရွေးကောက်ပွဲဟာ အင်အားကြီးအုပ်စုအချင်းချင်း အာဏာပြိုင်ကြတဲ့ အထွေထွေရွေးကောက်ပွဲပဲဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတစ်ခုလုံးဟာ လူတစ်စုရဲ့အုပ်ချုပ်မှုအောက်သာ […]