ဗိုလ်ချုပ်ကြေးရုပ်အား ကန့်ကွက်ကြောင်းစာ ဖြန့်ဝေသူများကို အာဏာပိုင်များ ဟန့်တား

မူအက်စတာ

ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ခြင်းကိစ္စအား ကန့်ကွက်ကြောင်း အသိပေးစာရွက်ကို လိုက်လံဝေနေသည့် ကယား(ကရင်နီ)ပြည်နယ်ရှိ ကျောင်းသားလူငယ်များကို ဒေသအာဏာပိုင်များက ယနေ့ နေ့လည်ပိုင်းက ဟန့်တားလိုက်သည်။

လွိုင်ကော်မြို့ပေါ်တွင် ကယား(ကရင်နီ)ပြည်နယ် သမိုင်းစာရွက်ကို လိုက်လံဝေပေးနေစဉ် လွိုင်ကော်မြို့နယ်ရှိ မြို့နယ်ထွေ/အုပ်နှင့် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက ၎င်းတို့ကို စာရွက်စာတမ်းဥပဒေနှင့်တကွ အထက်သို့တင်ပြကာ ဆက်လက်ဆောင်ရွက်ရန် ပြောကြားသည်။

“အဓိကကတော့ ဒီလိုစာတွေလိုက်ဝေချင်တယ်ဆိုရင် သူတို့ဆီကို စာတွေတင်ရမယ်ဆိုတဲ့အကြောင်း လာပြောသွားတာပေါ့၊ စာရွက်စာတမ်းဥပဒေနဲ့ အထက်ကို တင်ပါပြောတာ ဘယ်ဥပဒေလဲလို့ မေးတော့ သူတို့ဘာပြန်မပြောနိုင်ဘူးလေ။”ဟု ကရင်နီပြည်တောင်သူများသမဂ္ဂအဖွဲ့ဝင် ကိုစစ်မုန်းဒီးဒီက ပြောသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ကရင်နီပြည် တောင်သူများသမဂ္ဂ၊ ကရင်နီပြည် လူငယ်များသမဂ္ဂမှ လူငယ်များစုပေါင်း၍ ပြည်နယ်အတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တည်ဆောက်ခြင်းကိစ္စအား ကန့်ကွက်ကြောင်း ပြည်နယ်အတွင်းရှိ ပြည်သူများသို့ အသိပေးစာရွက်များကိုု ယခုရက်သတ္တသပတ်အတွင်း လိုက်လံဝေပေးခဲ့သည်။

အတိတ်သမိုင်းက အကြောင်းအရာများကို ယနေ့ခေတ်၌ ဝါဒဖြန့်ခြင်းသည် စိုးရိမ်စရာကောင်းသဖြင့် တားမြစ်ရခြင်းဖြစ်သည်ဟု လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ပြောသည်။

“ပြည်နယ်ကို ခွဲထွက်မယ်ဆိုတဲ့ ပုဒ်မ ၅၀၅ (ခ)ဆိုတာ တအားကြီးလွန်းတယ်လေး။ လုပ်ချင်တယ်ဆိုရင် တရားဝင်တင်၊ အားလုံးကတော့ တင်ကိုတင်ရတယ်၊ ဘာပဲလုပ်လုပ် တရားပွဲကအစ။”ဟု ဦးကျော်မိုးက ပြောသည်။

ကိုစစ်မုန်းဒီးဒီကမူ“ကျွန်တော်တို့ လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပဲ အခုထက်ထိ ကျွန်တော်တို့ လိုက်ဝေနေတယ်”ဟု ပြောသည်။

လွတ်လပ်စွာထုတ်ဖော်ခွင့်ကို လိုက်လံတားဆီးပိတ်ပင်သော်လည်း ၎င်းတို့ကျေနပ်မှုမရှိ၍ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကိုဒီးဒီကပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်အား လွိုင်ကော်မြို့ ဂန္ဓာဟေဝန်ပန်းခြံတွင် ထားရှိရန် ပြည်နယ်အစိုးရက စီစဉ်နေခြင်းဖြစ်သည်။

ယင်းကြေးရုပ်ကို အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်နေပြီး ပြည်နယ်အစိုးရထံသို့ ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကို ဇွန်လ ဒုတိယအပတ်က ပေးပို့ထားသည်။

Comments

comments

Next Post

ခနောက်စိမ်းနှင့် ခဲသတ္တုလုပ်ကွက်များ အသေးစားတူးဖေါ်လုပ်ကိုင်ရန် လျှောက်ထားနိုင်ပြီ  

Fri Jun 29 , 2018
နော်ဒွေးအယ်ခူ ကယားပြည်နယ် မြို့နယ်လေးခုရှိ မြေဧရိယာ ၄ သောင်းကျော်ပေါ်တွင် ခနောက်စိမ်းနှင့် ခဲသတ္တုများတူးဖော်ထုတ်လုပ်ရန် အသေးစားနှင့် လက်လုပ်လတ်စားလုပ်ကွက်များကို ဦးရာလူစနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း ကယာပြည်နယ်သတ္တုတွင်းဦးစီးဌာနမှ သိရသည်။ “လုပ်ကွက်ကိုလျှောက်ထားနိုင်ပြီ။ ဒါပေမယ့် လျှောက်ထားတာကိုတော့ မြေစာရင်းပုံစံနဲ ့ပြောရရင် မြေယာပိုင်ဆိုင်မှု ပုံစံ-၁၀၅က လက်ထဲမှာရှိရမယ်။ကိုယ့်ရဲ ့လယ်၊ကိုင်းထဲမှာ ကိုယ်ပိုင်တဲ့တောတောင်ထဲမှာဆိုရင်တော့ မြေပိုင်ဆိုင်မှုက ကိစ္စမရှိဘူး။ဒါပေမယ့် သူများရဲ ့လယ် မြေ ခြံထဲမှာဆိုရင်တော့ ကိုယ်က မြေပိုင်ဆိုင်မှုကိုအရင်စလုပ်ရမယ်။”ဟု  ကယားပြည်နယ်သတ္တုတွင်းဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးမောင်အေးက ပြောသည်။ ခနောက်စိမ်း၊ ခဲသတ္တု အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ခြင်းလုပ်ကွက်များကို ဘောလခဲခရိုင်အတွင်းရှိ မယ်စဲ့မြို့နယ် ဟွေပုံလောင်းဒေသရှိ မြေဧရိယာ တစ်သောင်းလေးထောင်ကျော်နှင့် ရွာသစ်မြို့ ပိလုတောင်ဒေသရှိ မြေဧရိယာ ၉ ထောင်ကျော်တွင် […]