spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘတ်ဂျက် Law ကပြနေသော Federalism

Author

Date

Category

ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနဲ့တိုင်းဒေသကြီး/ပြည်နယ်များ၏အရအသုံးခန့်မှန်းခြေစာရင်း နဲ့ ပတ်သက်ပြီး အတည်ပြုခဲ့တာ တွေ့ရပါသည်။

မကြာမီ သမ္မတ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေငြာမှာ ဖြစ်သလို တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပြည်ထောင်စုမှ အတည်ပြုလိုက်သည့် ထောက်ပံ့ငွေသဘောတူညီချက်ကို ဒေသလွှတ်တော်များတွင် ပြန်လည်အတည်ပြုတင်သွင်းဆောင်ရွက် ကြရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် ဗဟို ချုပ်ကိုင်မှုအားသာသည့် စနစ်ကိုသာ ကျင့်သုံး ဆောင်ရွက်ခဲ့ကြသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း ဖယ်ဒရယ် ထက် ဗဟိုချုပ်ကိုင်မှုအလေးသာသော ပုံသဏ္ဍာန်ကို တွေ့ရပေသည်။

ဇယား(၅) ပါ အခွန်လောက်သာ ကောက်ခံခွင့်ရှိနေသလို အသုံးစရိတ်တွင်လည်း ပြည်ထောင်စုမှ ထောက်ပံ့ငွေပေါ်သာ အားထားရပ်တည်မှီခိုနေကြသော ဒေသဘတ်ဂျက်များကို တွေ့ရပေသည်။

ထိုအချက်များသည် တိုင်းရင်းသား များမျှော်လင့်နေသော ဖယ်ဒရယ်စနစ်မျိုး မဟုတ်လောက်ပေ။ အထူးသဖြင့် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် တိုင်းရင်းသားဒေသများအတွက် သယံဇာတနှင့် အခွန်ဆိုင်ရာ ခွဲဝေခြင်း စနစ်များ အထူးလိုအပ်ပေသည်။

ပြည်ထောင်စုမှ ထောက်ပံ့ပေးသည်ငွေ တစ်ခုတည်းဖြင့် ဖယ်ဒရယ် ကို တည်ဆောက်၍ မရနိုင်ပေ။ လွှတ်တော်သို့ အဆိုပြုတင်ပြလွှာတွင် သာမန်ရငွေ စုစုပေါင်း၏ ၄ ရာခိုင်နှူန်း ကိုသာ တိုင်းဒေသကြီး/ပြည်နယ်များက ရရှိတာတွေ့ရပါသည်။

အခွန်ရငွေဟာ သာမန်ရငွေရဲ့ အဓိက ရငွေဖြစ်ပြီး ၃၆ ရာခိုင်နှူန်း ဖြစ်တာကိုတွေ့ရပါသည်။ ၂၀၁၉-၂၀၂၀ ဘတ်ဂျက် ဥပဒေအရဆိုလျှင် ပြည်ထောင်စုအစိုးရက ၃၂၃၄၀ ဘီလျှံ သုံးစွဲမှာ ဖြစ်ပြီး ထိုထဲကမှ ဒေသအစိုးရကို ၂၁၁၄ ဘီလျှံ ခွဲဝေပေးတာဖြစ်တာကြောင့် ရာခိုင်နှုန်းအားဖြင့် ၆.၅ ရာခိုင်နှူန်း မျှသာရှိတာတွေ့ရပါသည်။

ယခင် ဦးသိန်းစိန်အစိုးရလက်ထက်ကပင် Fiscal decentralization အရ ဒေသအစိုးရများသို့ ခွဲဝေပေးမှုသည် ၁၂ ရာခိုင်နှူန်းခန့် ရှိခဲ့သည့်အတွက် ဒေသအစိုးရများသို့ ခွဲဝေပေးခြင်း ကျဆင်းသွားသည်ကို သုံးသပ်မိပါသည်။

ကမ္ဘာပေါ်တွင် နိုင်ငံတိုင်းသည် Fiscal decentralization ကို အလေးထား ကျင့်သုံး အကောင်အထည်ဖော်နေကြ သကဲ့သို့ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုများပြားပြီး ငြိမ်းချမ်းရေးလည်း မရသေးသော နိုင်ငံမျိုးအနေဖြင့် နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှုကို မလျော့ချသေးနိုင်ပေမယ့် ဘဏ္ဍာရေးအရ ဗဟိုချုပ်ကိုင်မှုကို တတ်နိုင်သမျှ လျော့ချပေးခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းစကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။

အိမ်နီးခြင်း တရုတ်နိုင်ငံမှာဆိုရင် ဒေသတွေကို ခွဲဝေပေးတာ ၇၀%ကျော်ဖြစ်ပြီး အိန္ဒိယ မှာဆိုရင် ၄၂% ထိ အသုံးစရိတ်တွေ ခွဲဝေပေးတာကို လေ့လာသိရှိရပါသည်။

တခြား ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်လည်း ပျမ်းမျှ ၁၆ ရာခိုင်နှူန်းထိ ခွဲဝေပေးတာ သိရပါသည်။ ယခုစံဖြင့်တိုင်းရင် မြန်မာပြည်၏ ဖယ်ဒရယ်သည် အလှမ်းဝေးဆဲဖြစ်နေတာကို သုံးသပ်မိပါသည်။
ပြည်ထောင်စု အစိုးရ၏ အသုံးစရိတ်ကို ကြည့်လျှင်လည်း ဒေသများကို ခွဲဝေပေးသင့်ပြီး ဒေသများအတွက် အမှန်တစ်ကယ် အကျိုးဖြစ်ထွန်းမည့် ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ၏ အသုံးစရိတ်များဖြစ်နေတာ တွေ့ရပါသည်။

ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များကို ဒီမိုကရေစီ စံနှုန်းများ အရ မြှင့်လေလေ ပြည်ထောင်စုဘတ်ဂျက်အသုံးစရိတ်သာ တိုးလေလေ ဖြစ်ကာ ဖယ်ဒရယ်နှင့် ဝေးကွာစေမည့်လက်ရှိ ဖွဲ့စည်းတည်ဆောက်မှုစနစ်ကို ပြန်သုံးသပ်ကြရန် လိုမှာဖြစ်ပါသည်။

၎င်းတို့အထဲမှ စိုက်ပျိုးရေးဆိုလျှင် ပြည်ထောင်စုနှင့်ဒေသ ဘတ်ဂျက် ကို ဌာနစိတ်ကြိုက် ခွဲကာ ကျင့်သုံးနေခြင်း၊ ဆည်မြောင်းကဲ့သို့ ပြည်ထောင်စုအပါအဝင် ဒေသဘတ်ဂျက် ပါ နှစ်ဖက်ခွ သုံးနေခြင်းများကို ပြန်လည်စိစစ်သုံးသပ် ပြုပြင်ကြရန်လိုမည် ဖြစ်ပါသည်။

လက်တွေ့မြေပြင်တွင်လည်း ဒေသအစိုးရများသည် ပြည်ထောင်စုများ ဌာနများထပ်မံခွဲဝေမပေးခြင်း အပေါ် တင်ပြတောင်းဆိုမှုများ မပြုလုပ်ကြပဲ ၎င်းတို့ ကြုံတွေ့နေရသော ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာများကို သူတို့နည်း သူတို့ဟန်ဖြင့် ရေတို ဖြေရှင်းဆောင်ရွက်နေကြသည်ကို တွေ့ရပေသည်။

ထိုပြဿနာများကို ရေရှည်တွင် မည်ကဲ့သို့ ပြေလည်ရန် ဖြေရှင်းမည်ဆိုသည့် အမြင်ကသာ ဖယ်ဒရယ်စနစ်ကို ပီပြင်စေမည်ဖြစ်ပါသည်။

၂၀၁၅ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၏ ဇယား(၅) တွင်လည်း ယခင် ၁၉ မျိုးမှ ၃၉ မျိုးအထိ တိုးမြှင့် ပြင်ဆင်ခဲ့သော်လည်း လက်တွေ့တွင်မူ ကုန်သွယ်ခွန် ၁၅ရာခိုင်နှူန်း နှင့် ဝင်ငွေခွန် ၅ရာခိုင်နှူန်း သာ ဒေသများသို့ ခွဲဝေသတ်မှတ်ပေးသည်ကို တွေ့ရပေသည်။

တခြားပြင်ဆင်ချက်များမှာမူ လက်တွေ့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသလို ဥပဒေပါ ပြည်ထောင်စုက ပြဌာန်းသည့် ဥပဒေနဲ့အညီ ဆိုသော စကားရပ်ကလည်း ဖယ်ဒရယ်စနစ်အတွက် ခက်ခဲစေမယ့် အချက်သာ ဟု သုံးသပ်ထင်မြင်ယူဆမိပေသည်။

အချုပ်အားဖြင့်ဆိုသော် ပြည်ထောင်စုဘတ်ဂျက်ဥပဒေကို လေ့လာခြင်းဖြင့် မြန်မာပြည်၏ ဖယ်ဒရယ်ခရီး ဘယ်ထိရောက်နေပြီလဲ ဆိုတာကို သုံးသပ်မိသလို အချိန်မီ ပြုပြင်ပြောင်းလဲရမည့် အချက်များကိုလည်း တွေ့နိုင်ပေသည်။

တိုင်းရင်းသားများအားလုံး လိုလားတောင့်တနေသော ဖယ်ဒရယ်ဒီမိုကရေစီ စနစ်သည် လက်တွေ့အကောင်အထည်ဖော်ရာတွင်တော့ အခက်အခဲများ ရှိပါလိမ့်မည်။

ထို အခက်အခဲများကို အစိုးရ၊ လွှတ်တော်နှင့် အသိပညာရှင် များမှ ပူးပေါင်း ဆောင်ရွက် အဖြေရှာကာ တစ်ဆင့်ခြင်း လက်တွေ့တည်ဆောက်ပြုပြင် သွားခြင်းကသာ ဖယ်ဒရယ်စနစ်ကို အောင်မြင်အောင် တည်ဆောက်နိုင်မည့်အချက် ဖြစ်ပါကြောင်းမီးမောင်းထိုး ရေးသားတင်ပြလိုက်ရပေသည်။

ကျော်စိုးသူ(လွှတ်တော်) Econimics Development

spot_img
spot_img

Recent posts