spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘယ်တော့ဖွံ့ဖြိုးမလဲ

Author

Date

Category

မော်ဦးမြာ

လတ်ဆတ်တဲ့ အစားအစာကို လိုအပ်တဲ့အချိန်မှာ စားသုံးနိုင်ဖို့အတွက် ယနေ့အချိန်ထိ မြို့တွင်းဈေးတောင် မရှိသေးတဲ့ မြို့ နယ်လေးက ကယား(ကရင်နီ) ပြည်နယ်ရဲ့ နယ်စွန်နယ်ဖျားမှာရှိပြီး တောင်တန်းတွေနဲ့ ဝန်းရံထားတဲ့ ရှားတောမြို့ နယ်လေးပဲ ဖြစ်ပါတယ်။

ရာသီအလိုက် ခြံထွက်သီးနှံတွေကိုသာ စားသုံးရတယ်ဆိုပေမဲ့ စိုက်ပျိုးရေး အဆင်မပြေရင်တော့ လတ်ဆတ်တဲ့ သီးနှံတွေ စားသုံးရဖို့ ဝေးပါသေးတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဖွံ့ဖြိုးမှု အရမ်းနည်းပါးနေသေးတယ် ဆိုတာကို သိနိုင်ပါတယ်။ ကယား(ကရင်နီ) ပြည်နယ်ရဲ့ မြို့ တော် လွိုင်ကော်ကနေ ၂ နာရီကျော် ( ဆိုင်ကယ်ဖြင့်) ခရီးနှင်ရပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေဆဲ မြို့ နယ်လေး တစ်ခု ဖြစ်ပါတယ်။

“အခက်အခဲဆိုတော့ အမျိုးမျိုးရှိတာပေါ့။ ဥပမာ သူတို့စားဝတ်နေရေး၊ နောက်ပြီးတော့ နေထိုင်ရေး ၊နောက်ပြီးတော့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးမျိုးရှိတယ်။ အဲကျတော့ သူတို့နေထိုင်ဖို့အပိုင်း ၊ သူတို့ရဲ့ သားသမီးပညာရေးအပိုင်းတွေ၊ နောက်ပြီးတော့ သူတို့ရဲ့ ရှေ့ဆက်ပြီးမှ သူတို့ရဲ့ အဆင်မပြေတဲ့အပိုင်းတွေ အမျိုးမျိုးရှိတယ်။ အမျိုးမျိုးခံစားရတယ်။” လို့ မြောက်ပိုင်းစုစည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးယိုသာက ရှားတောမြို့နယ်အတွင်းက ကျေးရွာလူထုတွေရဲ့ လက်ရှိ ခံစားနေရာတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ရှားတောမြို့ နယ်အတွင်း ၂၀၁၈ မတ်လ ကုန်အထိ လူဦးရေ (၇၁၁၂ ) ဦး ရှိတယ်လို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ( website ) စာမျက်နှာမှာ ဖော်ပြထားတဲ့ စစ်တမ်းအရ သိရပါတယ်။

ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃) အုပ်စု၊ ကျေးရွာပေါင်း (၂၀) ရှိတယ်လို့ ဖော်ပြထားပါတယ်။ ယခင် ၁၉၉၆၊ ၉၇ ခုနှစ် မတိုင်ခင်မှာ ရှားတောမြို့ နယ်အတွင်း ရွာပေါင်း ရာကျော် တည်ရှိခဲ့တာဖြစ်ပါတယ်။

ရှားတောမြို့နယ် မြောက်ပိုင်း စုစည်းကျေးရွာမှ ဒေသခံ တချို့အား တွေ့ရစဉ်

နယ်မြေမအေးချမ်းခင်တုန်းက ဖြတ်လေးဖြတ်လို့ အများက သိထားတဲ့ (ရိက္ခာဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ ဖြတ်တောက်ခြင်း၊ သတင်းအဆက်အသွယ် ဖြတ်တောက်ခြင်း၊ လူထုနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်း) ကာလမှာ စစ်ဘေးထွက်ပြေး တိမ်းရှောင်ခဲ့ရမှုကြောင့် ကျေးရွာတွေ ပျောက်သွားကုန်တာဖြစ်ပါတယ်။

နေရပ်ကို ပြန်လည် အခြေချ နေထိုင်ဖို့ အခက်အခဲ ရှိတဲ့အတွက် တချို့ သော ကျေးရွာတွေသာ ပြန်လည်အခြေချ နေထိုင်ခဲ့ပြီး ယနေ့အချိန် ( အစိုးရရဲ့ တရားဝင် ထုတ်ပြန်တဲ့ ကျေးရွာစာရင်း) မှာ ရွာပေါင်း ၂၀ သာ ကျန်ရှိတာ ဖြစ်ပါတယ်။

ရွာပုန်းရွာရှောင်ခဲ့စဉ်အခါတုန်းက တချို့က နယ်စပ်ဒုက္ခသည်စခန်းမှာ သွားနေကြသလို တချို့က ရှားတော့မြို့ နယ်ထဲမှာပဲ တောင်ပိုင်းစုစည်းကျေးရွာအုပ်စု၊ မြောက်ပိုင်းစုစည်းကျေးရွာအုပ်စု၊ အလယ်ပိုင်းစုစည်းကျေးရွာအုပ်စုဆိုပြီးတော့မှာ သူ့အုပ်စုနဲ့သူ စုပြီးတော့ ရှာတောမြို့နဲ့ မလမ်းမကမ်းမှာ သူ့အပိုင်းနဲ့သူ စုပြီး နေထိုင်ကြတာဖြစ်ပါတယ်။

ဒီလိုပြည်တွင်း စစ်ဖြစ်ပွားခဲ့လို့ စုစည်းရွာဆိုတာဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အစစအရာရာ ဖွံ့ဖြိုးမှု နှောင့်နှေးနေသေးတဲ့အတွက် ကျေးရွာနေ လူထုတွေအနေနဲ့ “ စစ်ပွဲမဖြစ်ရင် ငြိမ်းချမ်းပြီ” လို့ ခံစားနေကြရတဲ့အတွက် စစ်ပွဲ ပြန်လည် မဖြစ်ပွားဖို့ကိုသာ မျှော်လင့်နေကြပါတယ်။

မြောက်ပိုင်းစုစည်းမှာ နေထိုင်တဲ့ အသက် (၆၀) ဝန်းကျင် အမျိုးသမီးတစ်ဦးက “ ကျမတို့ နေရထိုင်ရတာ အစစအရာရာ အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကလို ထပ်ပြီး မပြေးရတော့ဘူး သေနတ်သံကြား အသက်မရှင်ရတော့ဘူးဆိုရင် ကျမတို့ ငြိမ်းချမ်းနေပြီလေ” လို့ သူမက ဟောင်းနွမ်းတဲ့ ကယားရိုးရာ ခေတ်ဟောင်းဝတ်စုံလေး ဝတ်ဆင်ပြီး ၁ နှစ်အရွယ် မြေးလေးကို ကျောပိုးရင်း အရင်အချိန်က သူမ ပြေးလွှားခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ပြန်ပြောင်းပြောပြရင်း သူမရဲ့ လက်ရှိ ခံစားချက်ကို ပြောပြသွားတာပဲ ဖြစ်ပါတယ်။

စစ်တပ်ဘက်မှ သွားလာလှုပ်ရှားမှုတွေ ရှိနေတာကြောင့် နေ့စဉ် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ တခါတလေမှာ ဝတ်စုံ၊ လက်နက် အပြည့်အစုံနဲ့ သွားလာတာတွေလည်း ရှိနေတဲ့အတွက် အလွန်စိုးရိမ်နေကြောင်းကို မြောက်ပိုင်းစုစည်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးယိုသာက အခုလို ပြောပါတယ်။

“ ကျတော် စိုးရိမ်တဲ့ အပိုင်းမှာ ဘာဖြစ်လဲဆိုတော့ ဥပမာ ကျတော်တို့ ပြည်သူလူထုတွေက ကျတော်တို့ ကျေးရွာက လူတွေက တောင်ယာသွားရင်းနဲ့ အလုပ်အကိုင် သွားတန်းလန်းရင်းနဲ့ ကျွဲ၊နွား သွားရှာ တန်းလန်းရင်းနဲ့ အဲ့ဒါ သူတို့ KNPP နဲ့ အစိုးရဟာ ဗြုန်းကနဲ သွားအမြင်မှားနေတဲ့ အပိုင်းတွေ လမ်းအကွေ့ အကောက်တွေ၊ ချုံကွယ်ရာလိုနေရာမှာတွေ သူတို့ သွားပစ်ကြရင်တော့ ကျတော်တို့ ပြည်သူပဲ နာမှာပဲ။” လို့ ဦးယိုသာက သူ့ရဲ့ စိုးရိမ်ချက်တွေကို ပြောပြသွားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အစိုးရတပ် ၇၂ မှ ဒု-တပ်ရင်းမှူးဦးဆောင်တဲ့ အင်အား ၂၀ ခန့်ပါတဲ့ အဖွဲ့က နယ်မြေကျွမ်းကျင် အရပ်သားပြည်သူတစ်ဦးကို ခေါ်ဆောင်ပြီး ကရင်နီပြောက်ကျားတပ်ကို လိုက်လံရှာဖွေခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ရှားတောမြို့ နယ် ဆက်ဆံရေးရုံး ဒု-တာဝန်ခံ ခူးတော်ရယ်ထံကနေ သိရပါတယ်။

ဒီဖြစ်ရပ် မတိုင်ခင် ဇန်နဝါရီလ ၁၀ ရက်နေ့ ဝန်းကျင်လောက်က ရှားတောမြို့ ကို ကျမတို့ ရောက်ရှိသွားပြီး ဒေသခံ လူထုတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာတော့ သူတို့ရဲ့ စိုးရိမ်စိတ်တွေက သူတို့ကို လွှမ်းမိုးနေဆဲ ဖြစ်တာကို သူတို့နဲ့ စကားပြောရင်း သိမြင်ခဲ့ရပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP ) ရဲ့ ရှားတောမြို့ နယ် ဆက်ဆံရေးရုံး တာဝန်ခံ ခူးဘိုးရယ်က “ကိုယ်က အထက်အမိန့်မရသာ လုပ်နေရတဲ့အတွက်ကြောင့်မို့လို့ လုပ်နေရတဲ့ဟာဖြစ်တော့ တကယ်လို့များ ထိတွေ့မှုဖြစ်ရင် ကျနော်တို့ကတော့ ပြန်ခုခံရုံပဲ ရှိတာပေါ့ ဆိုပြီးတော့ ပြောတော့ ကျနော်တို့ အဲ့ဒီနေရာမှာ စဉ်းစားစရာဖြစ်လာတာပေါ့။” လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်) နဲ့ တွေ့ဆုံမေးမြန်းချိန်မှာ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

KNPP အနေဖြင့် အစိုးရနှင့် ပြည်နယ်အဆင့် နှစ်ဦးနှစ်ဘက်သဘောတူစာချုပ် ( Bilatreal Agreement) ကို လက်မှတ်ရေးထိုးထားပြီး တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ်ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) ကိုတော့ KNPP မှ လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“အဓိကကတော့ သူတို့တွေ နှစ်ဖက်စလုံးကလည်း ငြိမ်းချမ်းရေး သွားချင်တယ်လို့ ပြောထားကြတယ်။ ဒါကြောင့် တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုပဲ သွားပေးဖို့ တောင်းဆိုချင်တယ်။” လို့ ရှားတောမြို့ နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးဖြစ်တဲ့ မော်မဲမိုကလည်း အခုလို တောင်းဆိုသွားပါတယ်။

ရှားတောမြို့နယ်ဟာ ဖြတ်လေးဖြတ်ကို ခံစားခဲ့ရပေမဲ့လည်း ယနေ့အချိန်ကာလမှာ ရှားတောမြို့ နယ်က ဒေသခံလူထုတွေကတော့ လက်ရှိ ငြိမ်းချမ်းမှုကို ဆက်လက်ပြီး ထိန်းသိမ်းသွားစေချင်ကြပါတယ်။

spot_img
spot_img

Recent posts