spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘဝခရီးလမ်းကို အံတုနေတဲ့ CDM စင်ဂယ်မားသား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ဒီရောက်တော့ နေ့စားလိုက်တယ်ပေါ့ တစ်ရက်ကို ၆၀၀၀ အရင်စစရောက်ချင်းတော့ တစ်ရက် ၅၀၀၀ အဖေအို၊ အမေအိုရယ် နောက်ပြီးကျတော့ ကိုယ်က စင်ဂယ်လ်မားသားဆိုတော့ သိပ်တော့ အဆင်မပြေဘူး ပေါ့နော်။ ရှိတာတွေနဲ့ပဲ ထုခွဲရောင်းချရတာပေါ့။”

နန်းမိုခမ်းတစ်ယောက် သူမရဲ့ နေ့စဉ်စားဝတ်နေရေးဖြေရှင်းဖို့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့နန်းမိုခမ်းတို့ မိသားစုမှာ အဖေအိုရယ်၊ မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ မိခင်ရယ်၊ သူမရဲ့အစ်မ သားအမိ နဲ့ သူ့မရဲ့ သမီး စုစုပေါင်း (၆) ဦး တို့ အတူတကွ ရှမ်းပြည်နယ်တွင်းက ရွာတစ်ရွာမှာ စစ်ရှောင်နေကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းက CDM လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ အစိုးရဝန်ထမ်း ၇ထောင်ကျော်ထဲမှာ နန်းမိုခမ်းလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။

သူမကတော့ စစ်အာဏာမသိမ်းခင် ဒီးမော့ဆိုတိုင်းရင်းဆေးရုံးမှာ လက်ထောက်တိုင်းရင်းဆေးမှူးအဖြစ် (၈) နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်တာဖြစ်ပါတယ်။

သူမတို့မိသားစုကတော့တော့ ဒီးမော့ဆိုအနောက်ဖက်ခြမ်း ကုန်းသာကျေးရွာမှာ နေထိုင်သူတွေဖြစ်ကြပါတယ်။

သူမဟာ အရင် CDM စလုပ်ခါစမှာတော့ အိမ်တွင်းတနိုင်တပိုင် ဆေးတွေဖော်ပြီး ဆေးခန်းဖွင့်တာ၊ အွန်လိုင်းဈေးရောင်းတာတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသူပါ။

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း နန်းမိုခမ်းတို့ရွာအတွင်းမှာ ကရင်နီတပ်မတော်ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာအနီးကျေးရွာကအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နန်းမိုခမ်းတို့ အိမ်နဲ့ သူမမိဘအိမ်ဟာ မီးရှို့ခံရတဲ့အထဲ ပါသွားခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး နန်းမိုခမ်းဟာ သူမရဲ့ ပိုင်ဆိုင်မှုတွေအားလုံး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“ကိုယ်ကတော့ CDM လုပ်ပြီတော့ OS ( အွန်လိုင်းကနေတဆင့် စျေးရောင်းချမှု ) လုပ်တယ်ပေါ့ အထည်ရောင်းတယ်။ လိမ်းဆေးဖော်တယ်။ အိမ်မှာ ဆေးခန်းဖွင့်တယ်။ အဲလိုတော့အဆင်ပြေတာပေါ့နော်။ နောက်ပိုင်းကျတော့ Plan A,B,C အကုန်ပါသွား တာပဲလေ ဆေးပစ္စည်တွေကအစ အဖေတို့အိမ်မှာထားထားတာဆိုတော့ မီးထဲအကုန်ပါသွားတယ်လေ” လို့ပြောပါတယ်။

စစ်အာဏာသိမ်းပြီး ၁၈လအတွင်း တိုက်ပွဲတွေအတွင်း မီးရှို့ဖျက်စီးခံရခြင်း၊ လက်နက်ကြီး ကျရောက်ခြင်းစတဲ့ စစ်ဘေးဒဏ်တွေကြောင့် အရပ်သားနေအိမ်နဲ့ အဆောက်အုံပေါင်း ၁၂၇၁ လုံးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

တိုက်ပွဲတွေ ကူးစက်ဖြစ်ပွားနေတဲ့အတွက် ကရင်နီပြည်တွင်း စစ်ဘေးရှောင်နှစ်သိန်းကျော်ဟာ ရွေ့လျားစစ်ဘေးရှောင်နေကြတာတွေရှိသလို တခြားတိုင်းနဲ့ပြည်နယ်ကို စစ်ရှောင်သူတွေလည်းရှိနေပါတယ်။

နန်းမိုခမ်းတို့မိသားစုဟာ ရှမ်းပြည်အတွင်း စစ်မရှောင်ခင်မှာ ကရင်နီပြည်တွင်း ဒီးမော့ဆိုအနောက်ဖက်ခြမ်းက နေရာ သုံးနေရာကို ရွှေ့လျားပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။

မိခင်ကျန်းမာရေးကြောင့် ရှမ်းပြည်ဘက်ကို စစ်ရှောင်အဖြစ်နဲ့ ရောက်လာတာဖြစ်ပြီး မိမိလုံခြုံရေးအရ CDM တစ်ယောက်နေနဲ့ ပေါ်ပေါ်ထင်ထင် မနေရဲဘဲ ပုန်းလျှိုးကွယ်လျှိုးနေရတယ် လို့ဆိုပါတယ်။

“ကိုယ်က Strong mother လို့ပဲပြောရမလား။ ကြံ့ခိုင်တယ်လို့တော့ ထင်တာပဲလေ။ စိန်ခေါ်မှုတွေကတော့ များတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ဆုံးရှုံးမှုတွေကလည်းများတယ်။ ပြီးတော့ ဒီထက်ဆုံးရှုံးစရာလည်း မရှိတော့ဘူး ဆိုတော့လည်း ကိုယ်ကိုယ်တိုင်တော့ အမြဲ Strong ဖြစ်အောင်တော့ ကြိုးစားတာပဲလေ။ ပတ်ဝန်းကျင်ကအစ နောက်ပြီးတော့ မိသားစုအရေး အကုန်လုံး ကိုယ်ကိုယ်တိုင်ပဲ ဒိုင်ခံပြီးတော့ စီစဉ်ရတယ်ဆိုတော့လေ နဲနဲနှောနှောတော့မဟုတ်ဘူး” လို့ သူကပြောပါတယ်။

သူမတို့ စစ်ရှောင်တဲ့နေရာဟာ လက်နက်ကိုင်အဖွဲ့အစည်းထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တဲ့အတွက် အလှူရှင်မရောက်ရှိဘူးလို့ ပြောပါတယ်။ သို့ပေမယ့် အဲဒီဒေသက နေ့စဉ် ယာခင်းတွေမှာ နေ့စား အလုပ်သမား လိုအပ်တာကြောင့် သူမတို့မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရပါတယ်။

သူမရောက်ရှိတဲ့ ကျေးရွာမှာ တစ်နေ့အလုပ်လုပ်ချိန် (၈) နာရီခွဲ ရှိပြီး ရက်တိုင်း အလုပ်ရှိတာကြောင့် နားချင်ပေမယ့် စားဝတ်နေရေးကြောင့် မနားရဲဘူးလို့ ပြောပါတယ်။

နန်းမိုခမ်းဟာ CDM မှာ ပါဝင်ခဲ့လို့ ခက်ခဲတာတွေ ကြုံတွေ့နေရပေမယ့် ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘဲ အဆုံးထိပါဝင်သွားမယ်လို့ ပြောပါတယ်။

“တွေးကြည့်လေလေ၊ တစ်စက်ကလေးမှ မရှိဘူး အကယ်၍ ကလေးသာမရှိရင်တော့ လက်နက်ကိုင်ဖြစ်မှာ အသေအချာပဲ အဲလိုမျိုးနောင်တလည်း တခါမှမရဖူးဘူး အဲလိုမျိုးလည်း မတွေးမိဘူး ခံနိုင်တယ်ရတယ် အဲလောက်ကျတော့” လို့ပြောပါတယ်။

မိသားစုအရေး၊ သမီးလေးရဲ့ အနာဂတ်အရေး တွေးပူပြီး စိတ်ဓာတ်ကျတာ ရှိပေမယ့် လက်ရှိအချိန်မှာ ကိုယ်ကိုယ်တိုင် ချစ်ရတဲ့ မိသားစုတွေနဲ့ အတူနေထိုင်ခွင့်ရသေးတာဟာ ရှေ့တန်းမှာ တိုက်ပွဲဝင်ပေးနေတဲ့ ရဲဘော်တွေထက်စာရင် ဒုက္ခဆိုတာ မပြောပလောက်ဘူး လို့ ဆိုပါတယ်။

နန်းမိုခမ်းလိုပဲ CDM မှာပါဝင်တဲ့ ဝန်ထမ်းအများစုဟာ လုံခြုံရေးကြောင့်ဖြစ်စေ၊ စားဝတ်နေရေးကြောင့်ဖြစ်စေ လွတ်မြောက်နယ်မြေတွေနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ ဝင်ရောက်ခိုလှုံကြတာရှိသလို တတိယနိုင်ငံလို့ ပြောကြတဲ့ အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေကို သွားရောက်ခဲ့ကြတာ ရှိပါတယ်။

နန်းမိုခမ်းတစ်ယောက်လည်း အဲလိုသွားချင်ပေမယ့် ငွေးကြေးမတတ်နိုင်တဲ့အပြင် သူမအနေနဲ့ မိခင်ကျန်းမာရေး၊ သမီးငယ်အတွက် မိသားစုအရေး စတာတွေကို တစ်ဦးတစ်ယောက်ထဲ ပခုံးထမ်းတာဝန်ယူနေရတာကြောင့် ကြမ်းတမ်းပင်ပန်းလှတဲ့ နေ့စားအလုပ်ကိုပဲ ရွေးချယ်နေရပါတယ်။

သူမအနေနဲ့ တော်လှန်ရေးတစ်လျှောက် အောင်မြင်ရမယ်ဆိုတာ ယုံကြည်ပြီး သူမရဲ့ဇာတိဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်ထဲကရွာမှာပဲ ပြန်လည်အခြေချနေထိုင်မယ်လို့ ဆိုပါတယ်။

“ဒီကရဲဘော်တွေနဲ့အတူ တောင့်ခံဖို့တော့ ဆုံးဖြတ်ထားပြီးသား ကိုယ့်မြေကိုယ့်ယာကိုယ့်ရွာပဲကွယ် ပြန်မှာပဲ မရရအောင်တော့ ပြန်မှာပဲ အဲအချိန်ကျရင် ဘယ်လိုပုံစံနဲ့ပြန်နေရပြန်ရေ တဲပဲထိုးနေရထိုးနေရ ပြန်ကို အရောက်ပြန်မှာပဲ “ လို့ ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီက CDM ဝန်ထမ်း အမည်စာရင်းပါသူမှန်သမျှ ရန်ကုန်လေဆိပ်မှ ထွက်ခွင့်မပေးဘဲ ပြစ်မှုမရှိရင် ထိန်းသိမ်းငွေညှစ်ပြီး ပြစ်မှုရှိရင် စစ်ကြောရေးတန်းပို့ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် CDM ဝန်ထမ်းတွေအနေနဲ့ အောက်လမ်းလို့ခေါ်ဆိုကြတဲ့ နယ်စပ်ဖြတ်ကျော်နိုင်ဖို့ ကြားပွဲစားကတစ်ဆင့် တစ်ဖက်နိုင်ငံကို ခက်ခက်ခဲခဲ သွားရောက်ခဲ့ကြတာရှိပါတယ်။

ဒီမော့ဆိုအနောက်ဖက်ခြမ်းက အသက် (၂၄) နှစ်အရွယ် လုပ်သက် (၄) နှစ်ရှိပြီဖြစ်တဲ့ မူလတန်းပြ CDM ကျောင်းဆရာမတစ်ဦးကတော့ စစ်ကောင်စီရဲ့ ဒကစ ( ဒေသကွပ်ကဲမှု စစ်ဌာနချုပ်) မှာနာမည်ထွက်ထားတဲ့အတွက် သူမမိဘတွေ စစ်ရှောင်တဲ့နေရာကို မလိုက်ရဲဘဲ မိဘတွေရဲ့ သဘောဆန္ဒအရ ထိုင်းနိုင်ငံကို ရောက်ရှိတာ ၂ လခွဲရှိပြီလို့ဆိုပါတယ်။

သူမကတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတာဖြစ်ပြီး နိုင်ငံခြားတိုင်းတစ်ပါးမှာ အလုပ်လုပ်ရတာဟာ ကိုယ်အရင်တတ်မြောက်ထားတဲ့ အရာတွေမဟုတ်တဲ့အတွက် အခက်အခဲများစွာရှိတယ်လို့ ဆိုပါတယ်။

“ပြည်တွင်းမှာနေပြီးတော့ ကိုယ်ရဲ့ ပရော်ဖယ်ရှင်နယ် စာသင်တဲ့အလုပ်ကို မလုပ်ရဘဲနဲ့ ပြည်ပမှာ လာပြီးတော့ အလုပ်တွေ အများကြီး လုပ်ရတဲ့အခါမှာ ကျမတို့အတွက် သဟဇာတ ဘယ်ဖြစ်မလဲ။ အဲလိုသဟဇာတဖြစ်မနေတဲ့အတွက် ကျမတို့ ခက်ခဲတယ်။ သူများတွေလုပ်နိုင်သလိုမျိုး ကျမတို့ လုပ်နိုင်အအောင်ကြိုးစားရတယ် အဲဒီဟာက ကျမတို့ စိတ်ကောလူကော ပိုပင်ပန်းစေပါတယ်” လို့ပြောပါတယ်။

ပြည်ပကို ရောက်ရှိကြတဲ့ CDM အများစုဟာ တရားဝင်လမ်းကြောင်းနဲ့ သွားရောက်တာ နဲပါးပြီး တရားမဝင်လမ်းကြောင်းနဲ့ သွားရောက်တာ ပိုမိုများပြားသလို ခက်ခဲကြမ်းတမ်းလှတဲ့ ပရံအလုပ်သမား၊ စားသောက်ဆိုင်လုပ်ငန်း၊ အိမ်အကူလုပ်ငန်း စတာတွေကို ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေကြရပါတယ်။

နန်းမိုခမ်းက CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး “ဌာနပေါင်းစုံက CDM တွေလည်း သူ့အခက်ခဲနဲ့ သူတွေရှိကြတယ်။ အဲကြောင့်မို့လို့ ဖြစ်နိုင်လို့ရှိရင်တော့ ထိထိရောက်ရောက်မဟုတ်ရင်တောင်မှ အနည်းအကျဉ်းတော့ လှည့်ကြည့်ပြီးတော့ ကူညီပေးသင့်တယ်ပေါ့နော် “ လို့ ပြောပါတယ်။

နန်းမိုခမ်းတစ်ယောက်အနေနဲ့ CDM ပြုလုပ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝရီလမှာ CRPH ကနေပြီး ထောက်ပံ့ငွေ ကျပ် တစ်သိန်းခွဲ တစ်ခါကလွဲပြီး ကျန်တာ ဘာထောက်ပံ့မှုမှ မရရှိဖူးဘူး လို့ဆိုပါတယ်။

ယခင်အာဏာသိမ်းပြီးခါစ အချိန်တွေမှာ CRPH ၊ CDM တွေကူညီတဲ့ အဖွဲ့အစည်းတွေ များစွာရှိပေမယ့် နောက်ပိုင်းမှာတော့ စစ်ရှောင်အရေး၊ တပ်ရင်း ရိက္ခာ လက်နက်ခဲယမ်းရရှိရေးအတွက် ပိုမိုဦးစားပေးရတဲ့အတွက် CDM ဝန်ထမ်းတွေကို ထောက်ပံ့မှု ခက်ခဲလာတယ်လို့ Job For Kayah (JFK) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးအောင်မြင်သွားတဲ့တစ်နေ့ နန်းမိုခမ်းက “ကိုယ့်ရွာလည်းပြန်လိုချင်တယ် ပြီးလို့ရှိရင် ပျက်စီး သွားတဲ့ အိမ်တို့အဲဒါတွေပေါ့နော် အဲဒါတွေတော့ ပြန်တောင်းဆိုချင်တယ် အဲဒါတစ်ခုပါပဲ ကိုယ့်အတွက် ကတော့ အဲလောက်ထိ မတွေးဘူး အဓိကကတော့ ရွာရယ် ပျက်စီးသွားတဲ့အိမ်ရယ် ပြန်လည်တည်ဆောက် ရေးပေါ့ အဲဒါအဓိကတောင်းဆိုချင်တယ်” လို့ သူမရဲ့ ဆန္ဒကို ပြောပြသွားပါတယ်။

spot_img
spot_img

Recent posts