“ဘဝ အာမခံချက် ပျောက်ဆုံးနေသူများ”

မော်ဦးမြာ ရေးသားသည်။

ဒုက္ခသည် ပြန်လည်နေရာချထားရေးမှာ ပါဝင်ပြီး နေရပ်ကို ပြန်လည်ရောက်ရှိလာတာ လပိုင်းအတွင်းသာ ရှိသေးတဲ့ ဒေါ်ပိုးမယ်ကတော့ ဝါးထရံ ကာပြီး သွပ်မိုး မိုးထားတဲ့ ခြေတိုင်ရှည် အိမ်ငယ်လေးမှာ အမျိုးသားနဲ့အတူ မနက်စာအတွက် ချက်ပြုတ်ပြင်ဆင်နေပါတယ်။ နေရပ်ကို ပြန်ရောက်တာ မကြာသေးတာ ဖြစ်တဲ့အတွက် အိမ်ထဲမှာတော့ ပစ္စည်းတွေက တခြားအိမ်တွေလောက်တော့ သိပ်မများလှ။ နေ့စဉ် မျှသုံးလို့ရနိုင်တဲ့ အသုံးအဆောင်ပစ္စည်းလောက်သာ ရှိသေးတယ်။

သူမကတော့ ရှားတောမြို့နယ် ဖရေစိုးလေးဒေသက လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲနေသေးတဲ့ ဒေါဆော်ဘူးကျေးရွာမှာ နေထိုင်ပါတယ်။ သူမကတော့ ဖြတ်လေးဖြတ်မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်းနေရင်းနဲ့ ကရင်နီဒုက္ခသည်စခန်းကို ရောက်ရှိသွားပါတယ်။

ဒေါ်ပိုးမယ်

“အခုက ကျမတို့ တောင်ယာလုပ်တယ်။ လယ်နဲနဲတော့ရှိတယ် ဒါပေမဲ့ သစ်ပင်တွေ ဒီလောက်ရှိနေတာ။ ပြီးတော့ ရေလည်းမရှိဘူးလေ။ ဒါကြောင့် တောင်ယာပဲ လုပ်နေရတယ်။ တောင်ယာလည်း နဲနဲပဲလုပ်တော့ စားဖို့တောင် လောက်ပါ့မလားမသိဘူး။ တခြားလုပ်စရာတွေက တအားများနေတော့ တောင်ယာက နဲနဲပဲလုပ်နိုင်သေးတယ်လေ။ ခုဒီလိုပြန်လာနေတာလည်း နေ့တိုင်း ဝယ်စားရသေးတယ်။” လို့ သူမက လက်ရှိမှာ အသက်မွေးဝမ်းကြောင်းအတွက် ရုန်းကန်နေရတာတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

အိမ်ခြေ ၃၀ ဝန်းကျင်သာရှိသေးတဲ့ ဒေါဆော်ဘူးကျေးရွာမှာ နေထိုင်သူတွေကတော့ ယခင် စစ်ဘေးရှောင်နေရတဲ့ကာလ (ဖြတ်လေးဖြတ်လို့ အများက သိထားတဲ့ကာလ) မှာ တိမ်းရှောင်ရင်းနဲ့ အဲ့ဒီဖက်ဒေသက နိုင်ငံရေး တည်ငြိမ်စပြုလာပြီလို့ ယူဆကြပြီး ၂၀၁၄ ခုနှစ်လောက်က စစ်ဘေးတိမ်းရှောင်သူတွေ လာရောက်ပြီး စုပေါင်းနေထိုင်ကြတာ ဖြစ်ပါတယ်။ အဲ့ဒီကျေးရွာလေးက ရှားတောမြို့ကနေသွားရဖို့ ကားလမ်းမရှိတဲ့အပြင် ဆိုင်ကယ်နဲ့ သွားလာရင်တောင် တောကြား၊ တောင်ကြားထဲကိုသာ ဖြတ်သန်းသွားလာနေရဆဲပါ။

သူမက ဒုက္ခသည်ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ တရားဝင်ပြန်လာခဲ့ပြီး ထောက်ပံ့ငွေ သုံးသိန်းရရှိခဲ့တယ်လို့ သူမက ပြောပါတယ်။ ထောက်ပံ့ငွေ သုံးသိန်းထဲမှ မိသားစု နေထိုင်ဖို့ ခြေတိုင်ရှည် အိမ်တစ်လုံးနဲ့ အစားအသောက်အနည်းငယ် ဝယ်ယူထားတယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ မနိုင်တဲ့ ဝန်ကို အပြည်ပြည်ဆိုင်ရာ အစုအဖွဲ့တွေနဲ့  ချိတ်ဆက်ပြီး လုပ်ဆောင်ဖို့လိုအပ်သလို ဘက်တစ်ဘက်ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း လူထု(စစ်ဘေးရှောင်တွေ) ရဲ့ အကျိုးကို ထမ်းဆောင်ပေးဖို့ တာဝန်ရှိတယ်လို့ ဦးဗညားက ပြောပါတယ်။  

“ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်က အရမ်းအရေးကြီးတယ် ခုနက ပြောသလို တချိန်တုန်းက အိုးအိမ်ရှိတယ် ခြံရှိတယ် မြေရှိတယ် စိုက်ခင်းရှိတယ် ကျွဲ၊ နွားရှိတယ် အခုချိန် ဘာမှ မရှိတော့ဘူး ဒါကို ဘယ်သူက ပေးရမလဲ ရှင်းတယ် ဒါက အစိုးရပဲ ဒါ အစိုးရကနေ လုံးဝ တာဝန်ရှိတယ်။ အစိုးရကနေ ဒါကိုဖော်ဆောင်ပေးရမယ် စနစ်တကျလည်း လုပ်ရမယ် မျှတစွာလည်း စဉ်းစားပေးဖို့အတွက် လိုအပ်တယ်။” လို့ သူက ပြောပါတယ်။  

“အခက်ခဲကတော့ အများကြီးပေါ့။ လူတိုင်း ဖျားနာကြတယ်။ ပိန်လှီနေတာပဲ။ ကျမတို့ ဟိုးဖက်(ဒုက္ခသည်) ကိုသွားတာတောင် မသွားနိုင်ကြတော့ဘူး။ လမ်းမှာပဲ သေသွားတဲ့သူတွေလည်းရှိတယ်။ တအား ခက်ခဲပင်ပန်းခဲ့တာ။ ကျမဆိုရင် အဖျားဝင်ပြီး ချမ်းတုန်းနေတာ..။ ကျမက ရှားတောမှာ နေကတည်းကကို အဖျားဝင်နေပြီး တောင်ပေါ်ရောက်တော့လည်း ထပ်ပြီး အဖျားဝင်သေးတယ်။ ဖျားနေရင်းတန်းလန်းနဲ့လည်း ကလေးက ထပ်မွေးလာတယ်။ ခက်ခဲတာတော့ မပြောနဲ့ အဆုံးပဲ။” လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အချိန်တွေကို ပြန်ပြောင်းပြောပြပါတယ်။

“ ဒီဒုက္ခသည် ပြန်လည်နေရာချထားရေး နောက်ပြီးတော့မှ  IDP ကိစ္စတွေက အစိုးရအနေနဲ့ ဘာတွေဆောင်ရွက်ထားတာ ရှိသလဲဆိုတဲ့ဟာတွေကတော့ ကျတော် လွှတ်တော်ထဲမှာ တခါမေးဖူးပါတယ် နောက် သူတို့ ဖြေကြားထားတဲ့ အဖြေမှာကတော့ ဘယ်မြို့နယ်မှာ ဒုက္ခသည် ပြန်လည်နေရာချထားရေးအတွက် မြေနေရာပေါ့လေ ဘယ်လောက် ဘယ်လောက် လျာထားပါတယ် ဆိုတဲ့ဟာတွေက ရှိတာပေါ့ ” လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးသဲရယ်က ပြည်နယ်လွှတ်တော်မှာ မေးမြန်းထားခဲ့ခြင်းနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ဒုက္ခသည် ပြန်လည်နေရာချထားရေးမှာ အရေးကြီးတဲ့ အချက် (package) နှစ်ချက်ရှိပြီး အဲ့ဒီအချက်တွေဟာ ပြည်ထောင်စုအဆင့်မှာ တိကျသေချာစွာ မချမှတ်နိုင်သေးဘူးလို့ ဦးဗညားက ပြောပါတယ်။ return package လို့ခေါ်တဲ့  ( ပြန်လာတဲ့အချိန်မှာ ကနဦး စားသောက်ဖို့အတွက် လိုအပ်တာတွေကို ဆောင်ရွက်ခြင်း) reintegration package လို့ခေါ်တဲ့ ( နှစ်ကာလတစ်ခုကို သတ်မှတ်ပြီး လိုအပ်တဲ့ စားဖို့ သောက်ဖို့ ကျန်းမာရေး လူမှုရေး ပညာရေး ၊ နိုင်ငံသားအခွင့်အရေးတွေအပြင် မြေယာနဲ့ အိုးအိမ် ကိစ္စပါ ထည့်သွင်းစဉ်းစားတဲ့ လုပ်ငန်းများ ဆောင်ရွက်ခြင် ) စတဲ့ လုပ်ငန်းစဉ်က မြန်မာနိုင်ငံရဲ့ အရှေ့တောင်ဘက်ခြမ်းအတွက် တိကျသေချာတဲ့ မူဝါဒ မရှိသေးလို့ ဒုက္ခသည်အရေးလည်း ပါဝင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့အပြင် ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးဗညားက ရှင်းပြပါတယ်။

လက်ရှိအချိန်ထိ UNHCR ပံ့ပိုးမှုနှင့် နှစ်ဖက်အစိုးရအစီအစဉ်ဖြင့် နေရပ်သို့ ပြန်ပို့သည့်အစီအစဉ်မှာ ၂၀၁၆မှ ၂၀၁၉ခုနှစ်ထိ ဒုက္ခသည်ပေါင်း ၅၀၀ကျော်ကို နှစ်နိုင်ငံအစိုးရသက်ဆိုင်သူများက လွှဲပြောင်း/ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေက ပြည်နယ်အစိုးရအနေနဲ့ မူဝါဒအရ ဆောင်ရွက်နိုင်ခြင်း မရှိပေမဲ့ ပြည်နယ်ဖွံံ့ဖြိုးရေး ရံပုံငွေတွေထဲမှ တခြားသော ကိစ္စရပ်တွေအတွက် ဆောင်ရွက်နေသကဲ့သို့ ဒုက္ခသည်ပြန်လည်နေရာချထားရေးအတွက်လည်း ဆောင်ရွက်သင့်ကြောင်း ဦးဗညားက သုံးသပ်ပြောဆိုထားပါတယ်။

“ပြန်လည်ထူထောင်ရေးမှာ ပြန်လာရုံနဲ့ မပြီးဘူ ဘဝပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ ရှိတယ်။ ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ပြည်နယ်အစိုးရ အများကြီး လုပ်လို့ရတယ်။ ရံပုံငွေကိုသာ သီးသန့်ထူထောင်လို့ မရဘူး ဒါပေမဲ့ ပြည်နယ်အတွက်က ပြည်နယ် ရံပုံငွေတွေမှာ အများကြီးရှိတယ်။ ပြန်လာတဲ့သူတွေအတွက် ၂၀၁၉-၂၀ မှာ ရံပုံငွေ ဘယ်လောက်သုံးဖို့ လိုအပ်လဲ ထူထောင်ရေး လုပ်ငန်းစဉ်အတွက် ဘာတွေလုပ်ဖို့ လိုအပ်လဲဆိုတာကို သူတင်လို့ရတယ်။ ပြည်နယ်ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှာ တင်လို့ရတယ်။ စခန်းအကြီး သွားဆောက်ဖို့ပြောတာ မဟုတ်ဘူး ဒီပြည်နယ်မှာ လူမှုဖူလုံရေး ကိစ္စတွေ ဖြစ်မယ် အိုးအိမ်ကိစ္စတွေကို ကြည့်ဖို့အတွက်သော်လည်းကောင်း ဒါက ဖွံ့ဖြိုးရေးအောက်မှာ ကျတော်တို့ တင်လို့ရတယ်။” လို့ သူက သုံးသပ်ပြောဆိုသွားတာပါ။

ဒေါ်ပိုးမယ်လိုပဲ စစ်ဘေးဒဏ်ကို ထွက်ပြေးတိမ်းရှောင်ရင်း ဒုက္ခသည်စခန်းကို ရောက်သွားတဲ့သူတွေ ရှိသလို ပြည်တွင်းမှာ တဝဲလည်လည် တိမ်းရှောင်းရင်း ရေကြည်ရာ မြက်နုရာကို ရွေ့ပြောင်းနေထိုင်ကြတဲ့သူတွေ မြောက်မြားစွာ ရှိနေပါတယ်။ သူတို့တွေရဲ့ ဘဝရှေ့ရေးကတော့ ယနေ့အချိန်ထိ အာမခံချက် မရရှိနိုင်သေးပါဘူး။

“ မိအေးနှစ်ခါနာ” ဆိုသလို စစ်ဘေးရှောင်နေရတဲ့အချိန်မှာ ပိုင်ဆိုင်မှုအားလုံးကို စွန့်လွှတ်လိုက်ရပြီး ဒုက္ခသည်စခန်းမှာ ဘဝသစ်ကို စတင်ရတာ တစ်ကြိမ်၊ နိုင်ငံရေး တည်ငြိမ်လာပြီလို့ ယုံကြည်ချက်နဲ့ သက်ဆိုင်တဲ့ အစိုးရအပေါ် အားကိုတကြီး မျှော်လင့်ပြီး နေရပ်ပြန်ဖို့ ဆုံးဖြတ်ကြတယ်ဆိုပေမဲ့ ဘဝကို တဖန် အသစ်က ပြန်စနေရတာ တစ်ကြိမ်။

သူတို့တွေက ထပ်ခါထပ်ခါ ဘဝကို အသစ်တဖန် အစပြုနေရခြင်းနဲ့ပဲ ပေးဆပ်နေရပါတယ်။ သူမလို အစိုးရအစီအစဉ်နဲ့ နေရပ်ကို တရားဝင် ပြန်လည်ရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်တွေ အားလုံးက ဘဝရှေ့ရေးအတွက် အာမခံချက်ရရှိဖို့ သူတို့က တမ်းတနေကြပါတယ်။  

Comments

comments

Next Post

ဒေသခံတိုင်းရင်းသားဝန်ကြီးရွေးခြယ်ရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များလိုလား

Mon Oct 7 , 2019
ကရင်နီသူ ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးကို ရွေးချယ်ရာတွင် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများကို ရွေးခြယ်တင်မြောက်ရန် ပြည်နယ်နယ်လွှတ်တော်ကိုယ်စားလှယ်များက လိုလားနေကြသည်။ တိုင်းရင်းသားဒေသခံများအတွက် အမှန်တကယ်အလုပ်လုပ်နိုင်သူ၊ ပြည်နယ်တွင်းနေထိုင်သူကိုသာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်မရွေးခြယ်နိုင်ပါက ပြည်နယ်သူ/သားများ ဆုံးရှုံးနစ်နာမည်ဟု မယ်စဲမဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါသည်။ ̏ ကယားပြည်နယ်ကလူ၊ တိုင်းရင်းသားဖြစ်ဖြစ် ဘယ်လိုလူပဲဖြစ်ဖြစ် ၊ ကိုယ့်ပါတီဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် အလုပ်လုပ်နိုင်တဲ့သူကို ခန့်စေချင်တယ်။ အရပ်ဝေးတစ်နေရာကနေ လာရင် တစ်ချိန်ချိန်ကျရင် ဒုံရင်းဟာ ဒုံရင်းပဲလာမယ်ဆိုရင် ကယားပြည်နယ်တစ်ပြည်နယ်လုံးပဲ နစ်နာမယ်။ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ အကုန်နစ်နာမယ်ပေါ့နော။ ˝ ဟု ဦးအောင်နိုင်ဦးက ပြောပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလ […]