spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့နယ်ရှိ ၁၂ မိုင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းသိမ်းဆည်းရမိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဘောလခဲမြို့နဲ့ ရွာသစ်မြို့နယ်အကြားမှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ ၁၂မိုင်ကုန်းစခန်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ကနေ သိမ်းပိုက်ရရှိခဲ့သလို လက်နက်ခဲယမ်းကိုလည်း သိမ်းဆည်းရမိတယ်လို့ ကရင်နီပြည် တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“သိမ်းပိုက်ခဲ့ပါတယ်။ ရန်သူသေတာ ၄ယောက်ဘဲမြင်တယ်လို့ ရှေ့တန်းတပ်မှူးတဦးက ကျနော်ကိုပြောပါတယ်။ လက်နက်အားလုံး(၁၆)လက် သိမ်းရရှိတယ်ပြောပါတယ် ကျန်ခဲယမ်းတွေ ပါပါပေါ့။ မနက် ၆ နာရီအချိန်စတိုက်ပြီး မနက် ၈နာရီခွဲအချိန်မှာ စခန်းသိမ်းရရှိပါတယ်။”လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီဖက်က သေဆုံးမှုရှိသလို ဘောလခဲမြို့ဖက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေရှိတယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

တိုက်ပွဲအတွင်း MA 1 အမျိုးအစား သေနတ် (၈) လက်၊ MA2 အမျိုးအစား သေနတ် (၁)လက်၊ MA 3 အမျိုးအစားသေနတ် (၁) လက်၊ MA 11 အမျိုးအစား သေနတ် (၁) လက်၊ ၆၀ မမ စိန်ပြောင်း (၃) လက်၊ ငါးကြင်းမြီး စက်လတ်(၁) လက်၊ ၉ မမ ပစ္စတို (၁) လက် စုစုပေါင်း လက်နက်(၁၆) လက်၊ ခဲယမ်းမျိုးစုံနဲ့ အခြားသော ဆက်စပ်ပစ္စည်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာရှိပါတယ်။

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တပ်မဟာ(၇၈၂၆)၊ တပ်မဟာမှူး ရဲဘော်ဆီမိုးနယ် ဦးစီးတဲ့ ပူးတွဲတပ်ဖွဲ့ နဲ့ KA၊ KNDF၊ PDF၊ KNPLF Federal Wing ဒရုန်း တပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့တို့ အတူတကွ ပါဝင်တိုက်ခိုက်ကြပြီး သုံ့ပန်းတစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့က FFD ဒရုန်းတပ်ဖွဲ့ကလည်း ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ဒရုန်းဗုံးသီး ၄၅ လုံးကို ပစ်ကူပေးခဲ့တယ်လို့ မနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

၁၂မိုင်ကုန်း စခန်းဟာ ဘောလခဲမြို့နဲ့ ရွာသစ်မြို့နယ်ကြားက စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။ အဲ့ဒီ တပ်စခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလစပြီး တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img