spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘေးအန္တရာယ်ကြုံတွေ့နေရစဉ် စိတ်ပိုင်းဆိုင်ရာဖြေရှင်းနည်းများ

ကန္တာရဝတီတိုင်း (မ်)

စစ်တပ်အာဏာသိမ်းပြီး ၅ လအကြာမှာ ကရင်နီပြည်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ စစ်ရှောင်ရတဲ့ ပြည်သူတွေဟာ လက်ရှိအချိန်ထိ အိမ်ပြန်ခွင့်မရသေးဘဲ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြရဆဲပါ။

တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအပါအဝင် တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေမှာ စစ်ကောင်စီကနေပြီး လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲတာတွေ လုပ်ဆောင်နေတတ်ပါတယ်။ အဲဒီလို လက်နက်ကြီး ပစ်ခတ်တာတွေ၊ လေယာဉ်ဗုံးကြဲတာတွေကြောင့် ဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ အချိန်တွေမှာ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားရမှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

အရေးပေါ်ကာလမှာ သင်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး (ခံစားချက်) ကို ဂရုတစိုက်ရှိခြင်းဟာ သင့်ကို ရှင်းရှင်းလင်းလင်း စဥ်းစားနိုင်စေဖို့ ကူညီပေးနိုင်သလို၊ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့ မိသားစုကို အရေးပေါ်အခြေအနေအတွင်း အကာအကွယ်ဖြစ်စေဖို့ အရေးတကြီး လိုအပ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက်လည်း အကူအညီဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အရေးပေါ်ကာလမှာ မိမိကိုယ်ကို ဂရုစိုက်ခြင်းဟာ ရေရှည်မှာ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ကုစားတဲ့အခါ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။

သတင်းအချက်အလက်တွေကို အမြဲမပြတ်စောင့်ကြည့်ပါ

ဘေးအန္တရာယ် ကြုံလာတဲ့အခါမှာ သင့်အနေနဲ့ သတင်းအချက်အလက်တွေ မရရှိဘူးလို့ ခံစားနေရရင် စိတ်ဖိစီးမှု ပိုများလာတာ၊ ပိုပြီးစိုးရိမ်ပူပန်မှုတွေများလာတာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ယုံကြည်ရတဲ့ သတင်းမီဒီယာတွေနဲ့ ဒေသခံ မီဒီယာတွေမှ သတင်းတွေကို အမြဲမပြတ် နားထောင်၊ ကြည့်ရှုပြီး သတင်းအရင်းအမြစ် အချက်အလက်အတွေကို အားထားရပါတယ်။

ဘေးအန္တရာယ် ပဋိပက္ခကာလမှာ ကောလာဟလ သတင်းအမှားတွေ ရှိနေနိုင်တယ် ဆိုတာကို သတိထားရမှာဖြစ်ပါတယ်။

မိမိကိုယ်ကို ဂရုစိုက်ပါ

မိမိကိုယ်မိမိ ဂရုစိုက်တဲ့နေရာမှာ အာဟာရအပြည့်အစုံ ညီညီမျှမျှ ပါဝင်သော အစားအစာများကို စားသောက်ရပါမယ်။ မိမိဝါသနာပါတဲ့ အိမ်တွင်းမှု(သို့မဟုတ်) စာဖတ်တာ စတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။ အိပ်ရေးဝဝ အိပ်ပျော်နိုင်ဖို့အတွက် ကိုယ်ယုံကြည်ရာ ဘာသာရေးမှာ ဘုရားဝတ်ပြုတာတွေပြုလုပ်ပေးနိုင်ပါတယ်။ ဆေးလိပ်၊ အရက် အပါအဝင် မူးယစ်ဆေးဝါးတွေကို ရှောင်ကြည်ရမှာဖြစ်ပါတယ်။

စိတ်ကျန်းမာရေးအတွက် ကျန်းမာရေးသုခဆိုင်ရာ နည်းနာများကို ပိုမို လေ့လာပြီး နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

လုံလောက်စွာ အနားယူပါ

ကိုယ်တွေ့ကြုံနေရတဲ့ ဘေးအန္တရာယ်အတွင်း ပြင်းထန်တဲ့ခံစားချက်တွေ ပျောက်ကွယ်သွားဖို့အတွက် ကိုယ့်ကိုယ်ကို သတိပေးဖို့နဲ့ စိတ်ဖြေလျှော့နိုင်ဖို့အတွက် အချိန်ယူသင့်ပါတယ်။ အဲလိုအချိန်မျိုးမှာ ကိုယ့်နဲ့ ထပ်တူကျတဲ့ ဘေးအန္တရာယ်အကြောင်းအရာတွေ နားထောင်ခြင်းနဲ့ သတင်းဓာတ်ပုံတွေ ကြည့်ခြင်းကို ခေတ္တနားရမှာဖြစ်ပါတယ်။

သင်နဲ့ ထပ်တူဖြစ်ပျက်တဲ့အရာတွေကို ထပ်ခါထပ်ခါတွေ့မြင်နေတာက စိတ်ကိုပိုရှုပ်ထွေးစေနိုင်ပြီး ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို ပိုဆိုးစေနိုင်ပါတယ်။ အဲလိုအချိန်မှာ ပုံမှန်ဘဝမှန်ပြန်ရဖို့ တခြားစိတ်ဝင်စားတဲ့အရာတွေကို ပြောင်းလဲလုပ်ဆောင်သင့်ပါတယ်။

ယုံကြည်ရသူတွေနဲ့ အမြဲမပြတ် ဆက်သွယ်ပါ

ဘေးအန္တရာယ်အတွင်း ပြင်းထန်တဲ့စိတ်ဒဏ်ရာတခုခု ခံစားနေရတဲ့အချိန်တွေမှာ သင့်ရဲ့ အဖြစ်အပျက်တွေကို နားထောင်ပေးဖို့ ယုံကြည်ရသူလိုအပ်ပြီး၊ ယုံကြည်ရသူကို ရင်ဖွင့်ပြောဆိုခြင်းကြောင့် သင့်ရရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ သက်သာစေနိုင်ပါတယ်။

သင့်ရဲ့ စိုးရိမ်ကြောင့်ကြပူပန်မှုတွေ ၊ သင် ခံစားနေရတာတွေကို သူငယ်ချင်း (သို့မဟုတ်) မိသားစုဝင်တဦးဦးနဲ့ မျှဝေပြောဆိုသင့်ပါတယ်။ အဲဒါတွေကနေ ကောင်းမွန်ကျန်းမာတဲ့ ဆက်ဆံရေးတွေကို ထိန်းသိမ်းထားပြီး ခိုင်မာတဲ့အကူအညီပံ့ပိုးမှုတွေကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

စိတ်ဒဏ်ရာထိခိုက်ခံစားမှုများနေရင် အကူအညီတောင်းခံပါ

သင်ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်အတွင်း ရရှိတဲ့စိတ်သောကတွေဟာ ရက်ပေါင်းများစွာ (သို့မဟုတ်) ရက်သတ္တပတ်ပေါင်းများစွာ ခံစားနေရပြီး၊ နေ့စဉ်လုပ်ငန်းလုပ်ဆောင်တာတွေကို ထိခိုက်နေပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပညာပေးသူ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ကုစားသူတွေနဲ့ ဆက်သွယ်ပြီး မိမိစိတ်ကျန်းမာရေးအတွက် ကုသရမှာြဖစ်ပါတယ်။

နိုဝင်ဘာလ ဒုတိယပတ်အတွင်း လွိုင်ကော်မြို့တွင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ ပြည်သူများ။
ဓါတ်ပုံ – Kantarawaddy Times

ဘေးအန္တရာယ်ကြုံတွေ့ပြီးနောက်ပိုင်း စိတ်ဓာတ်ကျခြင်း

သဘာဝဘေးအန္တရာယ်(သို့မဟုတ်) ဘေးအန္တရာယ် တခုကို ကြုံတွေ့ပြီးနောက်ပိုင်းမှာ လူတိုင်းလိုလို ဝမ်းနည်းတာ၊ စိတ်ဆိုးဒေါသထွက်တာ၊ အပြစ်ရှိသလို ခံစားရတာတွေကို ခံစားရတာက ပုံမှန်ပဲဖြစ်ပါတယ်။ သို့ပေမဲ့ သဘာဝဘေးအန္တရာယ်(သို့မဟုတ်) ဘေးအန္တရာယ် နောက်ဆက်တွဲတွေကြောင့် သင်ဆုံးရှုံးလိုက်ရတဲ့ အပေါ်မူတည်ပြီး ခံစားရနိုင်တဲ့အခြေအနေတွေဟာလည်း ကွဲပြားနိုင်ပါတယ်။

ဘေးဒုက္ခ အကျပ်အတည်းကာလမှာ စိတ်ဖိစီးမှု အလွန်မြင့်မားတဲ့ အခြေအနေတွေဟာ ပြဿနာအခက်အခဲတွေ ပုံမှန်ဖြေရှင်းနိုင်မှုကို အကန့်အသတ်ဖြစ်စေပြီး၊ သင်ရဲ့ ပြဿနာ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းတွေကိုလည်း ပြောင်းလဲနိုင်ပါတယ်။

အဲဒီလို စိတ်ဖိစီးမှု လွန်ကဲတာတွေကို ကျော်လွှားနိုင်ဖို့ မိသားစုဝင် ၊ သူငယ်ချင်းတွေနဲ့ အဆက်အဆံ မပြတ်ရှိနေဖို့လိုပါတယ်။ စိတ်ခံစားမှု နောက်ဆုံးအဆင့်ဖြစ်တဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ အတွေးတွေ ရှိနေပြီလို့ ခံစားနေရရင် မဖြစ်အနေ အကူအညီရယူရမှာဖြစ်ပါတယ်။

ဘေးအန္တရာယ်နောက်ဆက်တွဲကြောင့် ပြလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာများ

သဘာဝဘေးအန္တရာယ်(သို့မဟုတ်) ဘေးအန္တရာယ် တခုကို ကြုံတွေ့ပြီးချင်း ခြေဖျားလက်ဖျားအေးတာ အပါအဝင် သွေးလန့်သော လက္ခဏာများ ခံစားရတာနဲ့ ၊ ခံစားမှု မသိရှိဘဲ ထုံတာ ၊ မယုံနိုင်စရာဖြစ်နေ တတ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စွမ်းဆောင်နိုင်မှု၊ တက်ကြွမှုတွေ အပြောင်းအလဲဖြစ်လာတာ၊ အာရုံစူးစိုက်ဖို့ ခက်ခဲတာ၊ အစားအသောက်ပုံစံ ပြောင်းလဲလာတာ၊ အိပ်မပျော်တာ (သို့မဟုတ်) အအိပ်လွန်တာ၊ အိပ်မက်ဆိုးတွေ မက်တာ၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေတွေးတာ ၊ ဖြစ်ပျက်ခဲ့တဲ့ ဘေးအန္တရာယ်ကို ပြန်လည်မြင်ယောင်တာ၊ စိုးရိမ်ထိတ်လန့်တာတဲ့ ကြောက်ရွံ့တုန်လှုပ်တဲ့ခံစားချက်တွေကို ခံစားရနိုင်ပါတယ်။

ဒါတွေအပြင် ခေါင်းကိုက်တာ၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲတာ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေ ၊ အရေပြားမှာ အနီစက်၊ အနီကွက်တွေ ပေါ်တာ စသော ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နာတာရှည်ရောဂါ အခံရှိသူတွေအနေနဲ့ နာတာရှည်ရောဂါလက္ခဏာတွေ ပိုမို ဆိုးရွားလာနိုင်ပြီး စိတ်ဆိုးဒေါသထွက်တာ၊ စိတ်ဆတ်တာ၊ စိတ်တိုလွယ်တာတွေလည်း ဖြစ်နိုင်ပါတယ်။

အဲဒီလို ခံစားချက်တွေ (သို့မဟုတ်) အပြုအမူတွေ ရက်အတော်ကြာ ဆက်တိုက် ခံစားကြုံတွေ့နေရပြီး ပုံမှန်လုပ်နေကျဖြစ်သော အလုပ်တာဝန်တွေကို မလုပ်ဆောင်နိုင်တော့ရင် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် တတ်ကျွမ်းသူဆီ အကူအညီတောင်းခံရမှာြဖစ်ပါတယ်။

ကိုးကား – NUG MOH Facebook

spot_img
spot_img