spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘဏ္ဍာရေးကော်မရှင်နှင့် ဖယ်ဒရယ်ဘတ်ဂျက်စနစ်

Author

Date

Category

ဘဏ္ဍာရေးကော်မရှင် ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကော်မရှင် တစ်ခုပင် ဖြစ်ပြီး ဥက္ကဌ မှာ နိုင်ငံတော်သမ္မတ ပင်ဖြစ်ပေသည်။

ဒုတိယသမ္မတနှစ်ဦးမှာ ဒုဥက္ကဌ ၁ နှင့် ၂ တို့ ဖြစ်ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များမှာ အဖွဲ့ဝင်ဖြစ်ကြပေသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုဥပဒေချုပ်များမှာလည်း အဖွဲ့ဝင်ဖြစ်ကာ အတွင်းရေးမှူးမှာ ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးပင်ဖြစ်ပေသည်။

ဘဏ္ဍာရေးကော်မရှင်၏ အဓိကတာဝန်မှာ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဘတ်ဂျက်လျာထားချက်များကို စိစစ်ကာပြည်ထောင်စုလွှတ်တော်သို့ ထောက်ခံတင်ပြရခြင်းပင် ဖြစ်ပေသည်။

ဤနေရာတွင် အပိုင်း၂ ပိုင်း ရှိပါလိမ့်မည်။ ပြည်ထောင်စုဘတ်ဂျက်များကို ဒုတိယသမ္မတ ၁ မှ အရင် တာဝန်ယူစိစစ်ပြီးမှ ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြခြင်းဖြစ်သလို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဘတ်ဂျက်များကိုမူ ဒုသမ္မတ၂မှ ဦးဆောင်စိစစ်ပြီးမှ ဘဏ္ဍာရေးကော်မရှင်သို့တင်ပြခြင်း ဖြစ်ပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ဘဏ္ဍာရေးကော်မရှင်သည် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ အကြံဉာဏ်ကို ရယူနိုင်သလို ဘဏ္ဍာရေးဆိုင်ရာ အကြံပေးအရာရှိများလည်း ခန့်အပ်နိုင်ပေသည်။

သို့ရာတွင် ယခုချိန်ကာလထိတော့ ခန့်အပ်ထားနိုင်ခြင်း မရှိသေးတာကို တွေ့ရပေသည်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးကော်မရှင် စည်းဝေး ၂/၂၀၁၉ကို ကျင်းပပြုလုပ်ခဲ့ရာတွင်လည်း ထူးခြားချက်တစ်ခုကို မြင်တွေ့ခဲ့ရပေသည်။

နိုင်ငံတော် သမ္မတအနေဖြင့် အမှာစကား ပြောကြားရာတွင် သမ္မတရုံး၏ တင်ဒါဆိုင်ရာ ညွှန်ကြားချက် ၁/၂၀၁ရအပေါ် လက်တလုံးခြား ချိုးဖောက်မှုတွေ မလုပ်ဖို့နဲ့ တွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူမည့် အချက်ကို မြင်တွေ့ရပေသည်။

ထို့အပြင် ၂၀၁၈-၂၀၁၉ ခုနှစ် ဖြည့်စွက်ဘတ်ဂျက်နှင့် ပတ်သက်၍လည်း ကော်မရှင်စည်းဝေးကို နှစ်ကြိမ်မြောက်ပြန်လည် ခေါ်ယူညှိနှိုင်းခဲ့ရတာကို တွေ့ရပေသည်။

ဤနေရာတွင် မြင်တွေ့ရသည်မှာ စည်းဝေးဒုတိယအကြိမ်ခေါ်ယူရခြင်း အကြောင်းအရင်းပင် ဖြစ်ပေသည်။

ကော်မရှင် အနေဖြင့်ယခင် အစိုးရငါးနှစ် သက်တမ်းနှင့် ယခုအစိုးရသုံးနှစ်သက်တမ်း စုစုပေါင်း ရှစ်နှစ်သက်တမ်းအတွင်း ယခုလို ဖြည့်စွက် ဘတ်ဂျက်အပေါ် စည်းဝေးနှစ်ခါ လုပ်ခဲ့ရခြင်းမျိုး မမြင်ဖူးပေ။

ဘဏ္ဍာရေးကော်မရှင် အားကောင်းလာခြင်းလား၊ တိုင်းဒေသကြီး သို့်မဟုတ် ပြည်နယ်များ ပိုမို အားကောင်းများလား ဆိုသည်ကို အဖြေရှာ မရခဲ့ပေ။

သို့ရာတွင် စည်းဝေး ဒုတိယအကြိမ်ခေါ်ရခြင်း အဓိကမှာ မန်းလေးစည်ပင်၏ ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှုများကို ကျန်ဒေသနှင့် ဌာနများနည်းတူ ဇလုပ်တိုက် ဖြတ်ချခဲ့ခြင်းကြောင့်ဟု ကြားသိရပေသည်။

ဤအချက်က ကော်မရှင်သည် ဌာနအဖွဲ့အစည်းများ၏ ဥပဒေ၊ သဘောသဘာဝ များကို လျစ်လျူရှုပြီး တပြေးညီ စိစစ်ခဲ့ခြင်း ဖြစ်သလို အခြားတစ်ဖက်တွင်လည်း ဘတ်ဂျက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို မသိနားမလည်သောတန်ဖိုးမထားသော ဒေသအစိုးရများ နှင့် အားမကောင်းသေးသော ဒေသလွှတ်တော်များ စသည့် ပြုပြင် ပြောင်းလဲရမည့် အင်စတီကျူးရှင်း ဆိုင်ရာ ပြဿာ နာများကို တွေ့ရပေသည်။

စည်ပင်သာယာရေးကော်မတီများသည် ယခင်က သီးခြားရပ်တည်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် အသုံးပြုဆောင်ရွက်ခဲ့ကြသော အဖွဲ့အသည်းများဖြစ်ပေသည်။ ရငွေ ၁၀ဝ ရှာပြီး သုံးငွေ ၁၀ဝ သုံးရသော အဖွဲ့အစည်းများ ဖြစ်ပေသည်။

လိုငွေကို နိုင်ငံတော်ထံမှ အတိုးဖြင့် ချေးယူရသော အဖွဲ့များ ဖြစ်ပေသည်။၎င်းတို့ထဲမှာမှ အချို့ ဒေသတစ်ခု နှစ်ခုတွင် လိုငွေကို ဒေသအစိုးရက ထောက်ပံ့ငွေဖြင့် ပေးထားသော ဒေသများ ရှိပေသည်။

သို့်ရာတွင် မန်းလေးကဲ့သို့ ဦးဆောင်မှုကောင်းပြီး ကော်မတီဝင်များ အရည်အချင်း ပြည့်ဝသော ဒေသတွင် စည်ပင်သာယာအဖွဲ့များသည် အင်မတန် မှ ပြည်သူအပေါ်တွင် ဝန်ဆောင်မှုပေးနိုင်တာကို တွေ့ရသလို အားနည်းချက်အနေ့ဖြင့်လည်း ဒေသဘတ်ဂျက်အောက်က ကျန်ဌာနများနှင့် တန်းတူ ဘတ်ဂျက်စိစစ်မှုများ ခံရတာကို တွေ့ရပေသည်။

ဤနေရာတွင် အခြားဌာနများကဲ့သို့ လိုသလောက်ထောက်ပံ့ငွေရပြီး စီမံခန့်ခွဲမှုအတွက် အဆောင်အယောင် များသာတောင်းနေသော ဘတ်ဂျက်နှင့်ကိုယ့်ရငွေ ကိုယ်တိုးရှာပြီး ပြည်သူကို ဝန်ဆောင်မှုပေးဖို့ တောင်းသော အသုံးများမှာ အတူတူ စိစစ်လျော့ချ ခံရခြင်းမှာ မမျှတပေ။

သို့ရာတွင် ထိုအတွက်နှင့် ဘဏ္ဍာရေးကောိမရှင် စည်းဝေးထပ်ခေါ်စရာလည်း မလိုအပ်ပေ။ တင်ဒါ ပိုလျှံငွေနှင့် လစာ၊စရိတ် ပိုငွေများမှ ပြန်အပ်ငွေများဖြင့် အထွေထွေ ပိုလျှံနှင့် ရန်ပုံငွေ လွှဲပြောင်း သုံးစွဲနိုင်သလို ၂၀၁၉-၂ဝ ဘတ်ဂျက် အစမှာတင် အရေးမကြီးသေးသော လုပ်ငန်းများမှ ရန်ပုံငွေ လွှဲပြောင်း ရယူဆောင်ရွက်နိုင်ပါတယ်။

ယခုလို စည်းဝေးနှစ်ခါ ထိုင်ရခြင်းကြောင့် ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင် ၏ လုပ်ပိုင်ခွင့်အာဏာနှင့် ဒေသအစိုးရ၏ လုပ်ပိုင်ခွင့် အကြား မည်သူက ပိုသည် ဆိုသော အချက်မှာ စဉ်းစားသုံးသပ်စရာ ဖြစ်လာပေသည်။

ထိုအရာသည် ဖယ်ဒရယ် ဒီမိုကရေစီ စနစ်အတွက် စိန်ခေါ်မှုလည်း ဖြစ်ပေသည်။ မည့်သည့် ပြဿာနာကို အရင်ရှင်း ရမည် ဆိုသည်မှာလည်း ခေါင်းခဲရမယ့် ပုစာ္ဆတစ်ပုဒ် ပင် ဖြစ်ပေသည်။

ခေတ်ကာလနှင့် မလျော်ညီတော့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ၊တိုင်းရင်းသား ပြည်သူအားလုံး တည်ဆောက်ချင်နေကြသော ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုစနစ် ကြားတွင် အားကောင်းနေသော ဗျူရိုကရေစီ စနစ်၊ ချိနဲ့ နေသော အင်စတီကျူးရှင်းများက မြန်မာပြည်၏ အပြောင်းအလဲကို ယိုင်နဲ့ စေပါလိမ့်မည်။

အချုပ်အားဖြင့် ဆိုသော အထက်ပါ ပြဿာနာများကို ပြေလည် စေမည့် အရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ခေတ်ကာလနှင့် လျော်ညီအောင် အမြဲ သုံးသပ်ပြင်ဆင် ကြရပါလိမ့်မည်။

ထို့အပြင် ပြည်ထောင်စုနှင့် ဒေသ အင်စတီကျူးရှင်းများ အားကောင်းပြီး အပြန်အလှန် ထိန်းကြောင်းမှုရှိသောစနစ်ကို တည်ဆောက်နိုင်ရေး အတွက် ဖယ်ဒရယ်စနစ်နှင့် ဘတ်ဂျက်ဆိုင်ရာ အသိပညာအမြင်များကို အသိပညာရှင် အတတ်ပညာရှင်များအား ဖိတ်ကြား၍ ဒေသတွင်း ခေါင်းဆောင်များသို့ သင်ကြား မျှဝေပေးခြင်းဖြင့်သာ မိမိတို့ တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်နေသော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်ကြောင်း မီးမောင်းထိုး ရေးသား တင်ပြလိုက်ရပေသည်။

ကျော်စိုးသူ(လွှတ်တော်) Economic Development

spot_img
spot_img

Recent posts