spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မငြိမ်းချမ်းမှုကြားမှာ ဘဝခရီးဆက်နေတဲ့ အဖိုး ဦးဘိုးရီ

Author

Date

Category

မော်မီမြာ (ကန္တာရဝတီတိုင်း(မ်))

“ ဒုန်း……. ဆိုပြီး မိုင်းထိတော့ ဘာဖြစ်လဲဆိုပြီး၊ ဒီမှာ ခြေထောက်… (ခြေဖနောင့်) ထိသွားတော့ ကျနော့်ကလေး ၂ယောက်က ငိုကြတယ်။ “အဖေ့ ခြေထောက်မရှိတော့ဘူး” ဆိုပြီးတော့။”

အဖိုး ဦးဘိုးရီတစ်ယောက် စစ်ရှောင်နေတဲ့ တဲအိမ်လေးထဲ ထိုင်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ဝန်းကျင်လောက်က တောထဲဝါး သွားခုတ်ရင်း မိုင်းထိခဲ့တဲ့အကြောင်း ပြန်ပြောပြနေခဲ့တာဖြစ်ပါတယ်။

အဖိုးကတော့ လက်ရှိ အသက် ၈၃နှစ် ရှိပြီဖြစ်ပါတယ်။ ဘယ်ခြေထောက် မိုင်းနင်းမိခဲ့ပြီး ဒူးခေါင်းအထက်ထိ ဖြတ်ခဲ့ရတာဖြစ်ပါတယ်။

အဖိုး မိုင်းထိမှန်တဲ့ ခုနှစ် အတိအကျမမှတ်မိတော့ပေမယ့် ချွေးမဖြစ်သူကတော့ ၁၉၇၄ခုနှစ်လောက်က မိုင်းထိမှန်ခဲ့တာဖြစ်တယ်လို့ ပြောပြပါတယ်။ လက်ရှိအချိန်ထိဆိုရင်တော့ဖြင့် အဖိုးတစ်ယောက် ဘယ်ခြေထောက်တစ်ဖက် ဆုံးရှုံးပြီးနေထိုင်လာရတာ နှစ်ပေါင်း ၄၈ တောင် ရှိနေပြီဖြစ်ပါတယ်။

အဖိုးမှာတော့ သားသမီး ၁၂ယောက်ရှိပြီး အမျိုးသမီးဖြစ်သူကတော့ ဆုံးပါးသွားတာ ၁၅နှစ်ရှိသွားပြီဖြစ်ပါတယ်။

အဖိုးကတော့ ဒီးမော့ဆိုမြို့နယ် ခြောက်မိုင်ကျေးရွာမှာ နေထိုင်တာဖြစ်ပြီး လက်ရှိမှာဆိုရင် တော့ အာဏာသိမ်းပြီး တိုက်ပွဲစတင်ပြင်းထန်လာတဲ့ ၂၀၂၁ခုနှစ်၊ မေလပိုင်းကတည်း စစ်ရှောင်နေတာ တစ်နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။

အခုတော့ စစ်ဘေးဒုက္ခသည် စခန်းတစ်ခုမှာ ဝါးတဲလေးထိုးကာ နေထိုင်နေရပါတယ်။
တဲအိမ်ရှေ့မှာဆိုရင် အဖိုးကိုယ်တိုင် ဂေါ်နီအိတ်အဟောင်းနဲ့ အမိုးလုပ်ထားတဲ့ ပက်လက်ကုလားထိုင်ခုံပေါ်မှာ ထိုင်ပြီး အဖိုးတစ်ယောက် အချိန်တွေကို ဖြတ်သန်းနေပါတယ်။ အရင်က တောလည်ရတာ ဝါဿနာပါခဲ့သလောက် လက်ရှိမှာ မရနိုင်တော့တဲ့ အခွင့်အရေးတွေကြား လှောင်ပိတ် နေရတာဖြစ်ပါတယ်။

“ ကျနော် တောထဲသွားရင် ပလိုင်းလွယ်သွားတယ်။ တူမီး သေနတ်လည်းပါတယ်။ တောထဲ တစ်ယောက်တည်း သွားအိပ်တယ်။ သက်ကယ်တွေ သွားရိတ်တယ်။ ကျနော့် အမျိုးသမီးဆို မသွားနဲ့ မသွားနဲ့ ပြောတယ်။ ဒါပေမယ့် ကျနော် သက်ကယ်သွားရိတ်တာတို့ဆို အိမ်အတွက် မိုးလို့ရတယ်။ အရင်တုန်းကဆို အိမ်မှာ နေလေ့မရှိဘူး။ သေနတ်ယူ တောထဲ တစ်ည၊ နှစ်ည သွားအိပ်တယ်။” လို့ အရင်တုန်းက အချိန်တွေကို ပြန်ပြောင်းပြောပြပါတယ်။

အဖိုးရဲ့ စစ်ရှောင်တဲအိမ်လေးထဲက အိပ်တဲ့နေရာမှာဆိုရင် အရင်ကတောလည်တဲ့နေရာမှာ အသုံးပြုတဲ့ တူမီးသေနတ်တစ်လက်ရယ်၊ အဖိုးရဲ့ ဓါးမြောင်တွေရယ်၊ ပလိုင်းတွေ ကို နံရံမှာ ချိတ်ဆွဲထားတုန်းပါ။

“ ဒီမှာ ကျနော့်သွားက အိုသွားလို့ မရှိတော့တာ မဟုတ်ဘူး။ နွားရဲ့ နှာဖားကြိုး ထိုးပေးနေရင်း နွားခွေ့လို့ သွား ၃ချောင်းတောင် ကျိုးသွားတယ်။”

ခြေထောက်တစ်ဖက် ဆုံးရှုံးပြီးနောက်မှာလည်း တောင်ယာသွားတာတို့၊ ပေါင်းရှင်းတာတို့ လည်း လုပ်သလို လှည်းမတပ်ရသေးတဲ့ နွားတွေ၊ မြင်းတွေကို လည်း ကျင့်ပေးတာ လုပ်တယ်လို့ ဆိုပါတယ်။ လက်ရှိ စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် ချိုင်းထောက်နဲ့ သွားလာနေရတာဖြစ်ပြီး ခြေတုရှိပေမယ့် တိုက်ပွဲကြောင့် အသက်ဘေးလွတ်ဖို့ ပြေးရင်းကနေ ပါမလာတော့ဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း လက်နက်ကိုင်တော်လှန်တဲ့အထဲ ပါဝင်နေတဲ့ အဖိုးရဲ့ မြေးတစ်ဦးကလည်း မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ အဖိုးကိုယ်တိုင် မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးပြီး ဘဝကိုဖြတ်သန်းခဲ့ရပေမယ့် မြေးဖြစ်သူပါပါ မိုင်းကြာင့် ခြေတစ်ဖက် ဆုံးရှုံးနေရတာဖြစ်ပါတယ်။

ကရင်နီမှာဆိုရင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေကြောင့် ခြေပြတ်တာတွေရှိသလို အသက်သေဆုံးခဲ့ရတဲ့ ရဲဘော်တွေ ပြည်သူလူထုတွေလည်း အရေအတွက်တိုးလာနေဆဲဖြစ်ပါတယ်။

အဖိုးကတော့ ဒီးမော့ဆို အနောက်ဖက်ခြမ်း စစ်ဘေးဒုက္ခသည်စခန်းတစ်နေရာမှာ နေထိုင်နေတာဖြစ်ပြီး အဲ့ဒီနေရာမှာ အသက် ၆၀အထက် သက်ကြီးရွယ်အို ၁၀ဦးဝန်းကျင်ရှိပါတယ်။ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ ကရင်နီ(ကယားပြည်နယ်) မှာဆိုရင်လည်း အသက် ၇၀ နဲ့အထက် သက်ကြီးရွယ်အို ၆၆၇၃ဦး ရှိပါတယ်။

အထူးသဖြင့် အာဏာသိမ်းကာလတွေမှာ သက်ကြီးရွယ်အိုတွေအနေနဲ့ အခက်အခဲတွေ ပိုကြုံတွေ့ခံစားနေရသလို စားဝတ်နေရေးပိုင်းမှာလည်း စစ်ဘေး ဒုက္ခသည်တွေဟာဆိုရင် အလှူရှင်တွေကိုသာ အဓိက မှီခိုနေကြရတာဖြစ်ပါတယ်။

အဖိုး ဦးဘိုးရီဟာဆိုရင်လည်း စစ်ဘေးဒုက္ခသည်တစ်နေရာမှာ ချွေးမဖြစ်သူရယ် မြေး ၃ယောက်နဲ့ အတူ နေထိုင်နေပြီး အလှူရှင်တွေရဲ့ ထောက်ပံ့မှုကိုသာ မှီခိုနေရတာဖြစ်ပါတယ်။

အဖိုးကတော့ နှစ်ပေါင်း ၄၀ကျော် ကာလတစ်လျောက်လုံး မိုင်းကြောင့် ဝါဿနာတွေ၊ အလုပ်အကိုင်တွေ ကိုစွန့်လွှတ်ရတဲ့ ဘဝထဲ ပိတ်လှောင်နေခဲ့ရသလို လက်ရှိမှာလည်း စစ်အာဏာသိမ်းမှုကြောင့် ပိုပြီးတော့တောင် မွန်းကြပ်နေတဲ့ ဘဝကို မငြိမ်းချမ်းမှုကြား ဆက်လက်ရှင်သန်ရင်း ငြိမ်းချမ်းလာမယ့် တစ်နေ့ကို မျှော်လင့်နေဆဲပဲ ဖြစ်ပါတယ်။

“မပြန်နိုင်တော့ဘူး။ ပြန်ရင် လမ်းပေါ်မှာ သေနတ်နဲ့ ပစ်နေဦးမယ်။ ပြန်ချင်တယ် ဒါပေမယ့် အခုမပြန်နိုင်သေးဘူး။” လို့ ဦးဘိုးရီကပြောပါတယ်။

spot_img
spot_img

Recent posts