“ မငြိမ်းချမ်းမှုတွေကြောင့် လူမျိုးမပျောက်စေချင်တော့”

မော်ဦးမြာ

ဘောလခဲမြို့နယ် ကယားပိုင်းရပ်ကွက်၊ စလဲလုံရွာ နဲ့ သံလွင်မြစ် စီးဆင်းနေတဲ့ ဖားဆောင်းမြို့နယ်က သံလွင်မြစ်ကမ်းဘေး ဝမ်အောင်းရွာတို့မှာ ယင်းတလဲ(တလိုင်း) လူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ ဒေသတွေဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှ ယင်းတလဲ လူမျိုးတွေကို လူဦးရေအနည်းဆုံးဖြစ်စေတဲ့ အဓိက အကြောင်းရင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာခန့်က ကြုံခဲ့ရတဲ့ ကပ်ရောဂါအပြင် ယခင် တိုင်းပြည်အခြေအနေ မတည်ငြိမ်တဲ့အချိန်မှာ ကြုံခဲ့ရတဲ့ စစ်ဘေးဒဏ်ကြောင့် တကွဲတပြားဖြစ်ရာကနေ လူမျိုးပျောက်ကွယ်လုနီးပါး ဖြစ်သွားရတယ်လို့ အသက် ၆၀ အရွယ် ယင်းတလဲ လူမျိုးဖြစ်ပြီး ယင်းတလဲ ရိုးရာခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ရန်နိုင်စရိုင်းက ပြောပါတယ်။

“ဖြတ်လေးဖြတ် မရှိခဲ့ရင် အရင်က လက်ကျန်လူတွေက အကုန်လုံး စုနေလို့ ရှိရင်တော့ တော်တော် တိုးတက်ပါတယ်။” လို့ ရန်နိုင်စရိုင်းက ယင်းတလဲ လူမျိုးများ နည်းပါးရတဲ့အကြောင်းရင်းကို ရှင်းပြရင်း ပြောပါတယ်။

ရှေးယခင်က လူဦးရေများတဲ့ ယင်းတလဲလူမျိုးဟာ ကယားပြည်နယ်အတွင်းမှာ ရွာပေါင်း ၆ဝ ကျော်ရှိခဲ့ဖူးပြီး စစ်ဘေးဒဏ်အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ရာကျော်( ပထမ ကမ္ဘာစစ်) အတွင်းမှာ ပလိပ် ကပ်ဘေးကြောင့် ရွာလုံးကျွတ် သေခဲ့တာမျိုးလည်း ရှိကြောင်းကို ဘိုးဘွားတွေ ပြောပြချက်အရ သိရတယ်လို့ ရန်နိုင်စရိုင်းက ပြောပါတယ်။

ပထမ ကမ္ဘာစစ်အတွင်းမှာ ကပ်ရောဂါ သုံးကြိမ် ကြုံခဲ့ရပြီး ကပ်ရောဂါကြောင့် သေဆုံးသူ လူဦးရေရဲ့ ထက်ဝက်ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာစစ်မတိုင်ခင်အထိ စလဲလုံကျေးရွာဟာ ယင်းတလဲ လူမျိုးတွေရဲ့ မြို့တော်(ပင်မနေရာ) အဖြစ် တည်ရှိနေခဲ့တယ်လို့ ရန်နိုင်စရိုင်းက ပြောပါတယ်။

ရန်နိုင်စရိုင်းနေထိုင်တဲ့ စလဲလုံကျေးရွာဟာဆိုရင် ယခင်က ယင်းတလဲလူမျိုးများ စုပေါင်းနေထိုင်ရာ နေရာဖြစ်ခဲ့ပြီး ပထမ ကမ္ဘာစစ်အတွင်းမှာ ခံစားခဲ့ရတဲ့ ပလိပ်ရောဂါကြောင့် လူဦးရေ ထက်ဝက်ကျော် အသက် ဆုံးရှူံးသွားခဲ့ရပြီး ယခုချိန်မှာတော့ လူဦးရေ ၂ ရာ ကျော်သာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်းစာရင်းတွေ ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနတွေရဲ့ ဒေသန္တရဆိုင်ရာ အချက်အလက်တွေမှာမှာတော့ ယင်းတလဲ(တလိုင်း)လူမျိုးတွေမှာရဲ့ လူဦးရေစာရင်းက ကယားအုပ်စုမှာပဲ ပေါင်းပြီးထည့်ထားလိုက်တဲ့အတွက် လက်ရှိအခြေအနေမှာ စာရင်းအတိအကျ မဖော်ပြနိုင်သေးပေ။

စလဲလုံ ရွာအဝင်လမ်းကို ကျောက်ခင်းလမ်း ခင်းထားပေမဲ့ အချိန်ကာလကြာမြင့်ပြီဖြစ်တဲ့အတွက် ကျောက်တုံးလေးတွေ ကွာတဲ့အတွက် ယာဉ်အသွားအလာအတွက် အဆင်မပြေလှပါဘူး။ ဒါပေမဲ့ ဒေသခံတွေကလည်း ဒီအခြေအနေက သူတို့အတွက် ယခင် သွားလာဖို့ အလွန် ခက်ခဲနေတာထက်စာရင် အဆင်ပြေနေလှပြီလို့ ဆိုကြပါတယ်။

အခုဆိုရင် ယင်းတလဲ (တလိုင်း) လူမျိုးတွေဟာ အားလုံးပေါင်း လူဦးရေ တစ်ထောင်ဝန်းကျင်သာ ကျန်နေတော့တယ်ဆိုတာ သူတို့တွေကလည်း သိနှင့်ပြီးသားဖြစ်ပါတယ်။ သမိုင်းအမွေအနှစ်တွေနဲ့ ရိုးရာ ယဉ်ကျေးမှုတွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ စာပေမရှိခြင်းကလည်း ယင်းတလဲလူမျိုး( တလိုင်း) တွေရဲ့ သမိုင်းတွေ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။

ယင်းတလဲစာပေကို လူမျိုးများရဲ့ စာပေသင်ရိုးညွန်းတမ်းကို ပြည်နယ်လွှတ်တော်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လ ( ၃၀) ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒါ့ကြောင့် အတည်ပြုလိုက်ပြီဖြစ်တဲ့ စာပေကို ယင်းတလဲ လူငယ်တွေအနေနဲ့ ဆက်လက်ထိန်းသိမ်းသွားမှသာလျှင် သမိုင်းမပျောက်၊ လူမျိုးမပျောက်ပဲ ဆက်လက် ရှင်သန်သွားနိုင်မှာဖြစ်တယ်လို့ ယင်းတလဲ လူမျိုး သက်ကြီးပိုင်းတစ်ဦးဖြစ်သူ စံဖေစရိုင်းက ပြောပါတယ်။

ယင်းတလဲလူမျိုးတွေဟာ တောင်ယာလုပ်ကိုင်ခြင်းနဲ့ တောကောင်လိုက်ခြင်းတွေနဲ့ အသက်မွေးဝမ်းရေးအတွက် အဓိက မှီခိုအားထားကြပါတယ်။ မြစ်ချောင်းများနဲ့ တောတောင်တွေကို မှီခိုပြီး တောင်ယာနှမ်းခင်းတွေနဲ့ ပြောင်းကောက်တွေ အဓိက စိုက်ပျိုးကြပြီး ငါးဖမ်းခြင်းနဲ့ တောကောင်လိုက်တာတွေကို မှီခိုအားထားနေကြတာ ဖြစ်တယ်။ သံလွင်မြစ် အနောက်ဘက်ခြမ်းနှင့် ပွန်ချောင်း အကြား စိုက်ပျိုးရေး ဖြစ်ထွန်းသည့် မြစ်ဝှမ်းတလျှောက်တွင် နေထိုင်လေ့ရှိပြီး အသက်မွေး ဝမ်းကျောင်းမှု အဖြစ် နှမ်း၊ ပြောင်း၊ ကောက်၊ ပဲ၊ တောင်ယာစပါးတို့ စိုက်ပျိုးပြီး သစ်ခုတ်ခြင်း၊ တောင်ယာ ခုတ်ခြင်းတို့ လုပ်ကိုင်ကြလေ့ ရှိကြပါတယ်။

“ရှင်းရှင်းပြောရရင် လုပ်အားအပေါ်မှာ ဖူလုံမှုတော့ ဘယ်ရှိမတုန်း။ သင့်ရုံလောက်ပဲ စားကြတာပေါ့။ ကုန်ရင် အကြွေးယူ၊ ပြန်ဆပ် ဒါပဲပေါ့။ အလုပ်က ဒီတောင်ယာ အလုပ်ဆိုတာ ဘယ်တော့မှ ကြီးပွားချမ်းသာတာ မရှိဘူးလေ။ စားလောက်ရုံပဲ ရှိကြတာ။ တောင်သူလယ်လုပ်၊ သာမာန်ခုတ် ဘယ်တော့မှ မကြီးပွားဘူး။ လယ်သမားလည်း ဒီလိုပဲ။ ယာသမားလည်း ဒီလိုပဲ။ ပိုလျှံတာ သိပ်မရှိလိုဘူး။” လို့ စလဲလုံကျေးရွာနေ ရန်နိုင်စရိုင်းက ပြောပါတယ်။

(ရုပ်သံဖြင့်ကြည့်ရန် နိပ်ပါ)

ယင်းတလဲ လူမျိုး အားလုံးနီးပါးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး နတ်ကိုးကွယ်မှု အနည်းငယ် ရှိပါတယ်။ ယင်းတလဲတို့တွင် ကရင်နီ မျိုးနွယ်စုဝင် တခြားသော မျိုးနွယ်စုများနှင့် တူညီတဲ့ ပွဲတော်များ ရှိပါတယ်။ တော်သလင်းလတွင် ဒီးကူ (ကောက်ညှင်းထုပ်) ပွဲတော် (ခေါ်) လိပ်ပြာခေါ်ပွဲတော်၊ ကဆုန်လတွင် တံခွန်တိုင် ပွဲတော် (ခေါ်) မိုးခေါ်ပွဲတော်နှင့် တန်ခူးလတွင် ရေနတ်ကျွေးပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

ယင်းတလဲ အမျိုးသားများက အနားတွင် အနီစ ကွပ်ထားတဲ့ အဖြူရောင် အင်္ကျီနဲ့ အဖြူရောင် ဘောင်းဘီ ဝတ်ဆင်ပြီး ခေါင်းတွင် အနီရောင်ခေါင်းပေါင်း ပေါင်းလေ့ရှိပြီး အမျိုးသမီးများမှာ အဖြူရောင် အင်္ကျီ၊ အနီကွက် ထဘီနှင့် အမည်းရောင် ခေါင်းပေါင်း ပေါင်းလေ့ရှိကာ ငွေပြားပုတီးစေ့၊ ပန်းစည်းကြိုးတို့ကို လည်ပင်းတွင် ဝတ်ဆင်လေ့ ရှိပါတယ်။ ယင်းတလဲ(တလိုင်း)လူမျိုးတွေမှာ အမျိုးသမီးတွေရဲ့ နာမည် နောက်မှာဆိုရင် မိန်း ( ကော်မိန်း၊ ဘောက်မိန်း) ဆိုပြီး မှည့်ထားကြသလို အမျိုးသားတွေရဲ့ နာမည်နောက်မှာလည်း ရိုင်း ( စရိုင်း၊ ဘရိုင်း) ဆိုပြီး မှည့်ထားကြပါတယ်။

လက်ရှိမှာတော့ ယင်းတလဲ လူငယ်များမှာ ရိုးရာဝတ်စုံကို ပွဲလမ်းသဘင်များမှလွဲပြီး ကျန်အချိန်များတွင် ဝတ်ဆင်မှု မရှိသလောက် နည်းပါးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ယင်းတလဲ ( တလိုင်း) လူမျိုးဟာ ၁၉၉၀ – ၂၀၀၀ ခုနှစ်အကြားမှာ တခြားသော တိုင်းရင်းသားတွေနည်းတူ စစ်ပဠိပက္ခကြားမှာ ရှင်သန်ခဲ့ရတဲ့ တိုင်းရင်းသားလူမျိုးတမျိုးလည်း ဖြစ်ပါတယ်။ တချိန်က လူဦးရေ အများဆုံး တိုင်းရင်းသားဖြစ်ခဲ့ပေမဲ့လည်း ကပ်ရောဂါအပြင်၊ စစ်ပဠိပက္ခကို ကြုံတွေ့ခဲ့ရတဲ့ သူတို့ လူမျိုးကတော့ အခုချိန်မှာ လူဦးရေ အနည်းဆုံး တိုင်းရင်းသားတခု ဖြစ်သွားခဲ့ပါတယ်။

ယင်းတလဲမျိုးနွယ်စုတွေနေထိုင်တဲ့  ဘောလခဲမြို့နယ် စလဲလုံကျေးရွာက မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – မော်ဦးမြာ

ကပ်ဘေးကို ရှောင်လွဲလို့ မရပဲ လူဦးရေ ထက်ဝက်ခန့် ဆုံးရှုံးသွားခဲ့ရတယ် ဆိုပေမဲ့ စစ်ဘေးကိုသာ ရှောင်လွဲခွင့် ရှိခဲ့ရင် အခုချိန်မှာ ယင်းတလဲ လူမျိုးတွေဟာ လူဦးရေနည်းပါးသွားခဲ့ပေမဲ့ ဖွံဖြိုးတိုးတက်တဲ့ လူမျိုးတမျိုးအဖြစ် ရှင်သန်သွားနိုင်တယ်လို့ ရန်နိုင်စရိုင်းက ပြောပါတယ်။

စစ်ပဠိပက္ခကာလအတွင်းမှာ မကြာခဏ ပေါ်တာထမ်းခဲ့ရတဲ့ ယင်းတလဲ အမျိုးသားတစ်ဦးဖြစ်သူ အသက် ၆၀ ကျော်အရွယ်ရှိတဲ့ စံဖေစရိုင်းက သူ ပေါ်တာထမ်းခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြရင်း သက်ပြင်းတစ်ချက်ချပြီး ယခုအချိန်မှာ ငြိမ်းချမ်းမှုကိုသာ လိုလားတော့တယ်လို့ ညည်းတွားပါတယ်။

“ ပြည်သူ့စစ်လည်း လုပ်ခဲ့ရတယ်။ ပြည်သူ့စစ်ကနေ ခံစားခွင့်လည်း မရှိ၊ နောက်ဆုံး ပြည်သူ့စစ် ပြန်ရုတ်တော့လည်း ပေါ်တာ ထမ်းရတယ်။ ကျတော်တို့ ဘောလခဲ မကဘူး။ အားလုံး ဟိုး..သံလွင် ဟိုဖက်ကမ်း BP – 9၊ စခန်း ၉ တို့ အကုန်လုံး ရောက်ခဲ့တယ်။ သွားသေတဲ့လူလည်း သေတယ်။ ပြန်လာတဲ့လူလည်း ပြန်လာတယ်။ ကျတော်ကစပဲ ဘောလခဲက လူတွေက တောစောင့်နတ်၊ တောင်စောင့်နတ် စောင့်ရှောက်လို့ ပြန်ရောက်လာခဲ့တယ်။ ကျတော်ကတော့ အကုန်လုံးကိုပဲ ငြိမ်းချမ်းစေချင်တယ်။” လို့ ပြောပါတယ်။

Comments

comments

Next Post

“ နောက်တစ်ကြိမ် ‘ မြေစာပင်’ မဖြစ်ချင်တော့ ”

Thu Jul 2 , 2020
မော်ဦးမြာ လွိုင်ကော်မြို့ကနေ မိုင် ၄ဝ ကျော် သွားရတဲ့ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲ ဖြစ်ပါတယ်။ မြောက်ပိုင်းမှာ ရှိတဲ့ ကျေးရွာအများစုဟာ တစ်ရွာနဲ့တစ်ရွာ ဝေးကွာလှတဲ့အပြင် ဆက်သွယ်ရေး မဆိုထားနှင့် လမ်းခရီးကို ခြေကျင် နှင်ရပြီး တောတောင်တွေကို ဖြတ်သန်းကာ တရွာနှင့်တရွာ ကူးလူးသွားလာနေရပါတယ်။ ကားရောက်ဖို့ ဝေလာဝေး။ ဆိုင်ကယ်တောင် အနိုင်နိုင် သွားလာနေရတဲ့ လမ်းခရီးဖြစ်ပါတယ်။“ သွားလာဖို့၊ လမ်းပန်းဆက်သွယ်ရေးလည်း အဆင်မပြေဘူး။ ဆိုင်ကယ်တောင် ကောင်းကောင်းသွားလာလို့ မရဘူး။ ကားဆို ပိုဆိုးတယ်။ ခြေကျင်ပဲ လျှောက်နေရတော့ ခက်ခဲပါတယ်။ တောထဲ၊ တောင်ထဲပဲ နေရတာ။ ခက်ခက်ခဲခဲ နေထိုင်ရပါတယ်။” လို့ ဒေါတနောကျေးရွာ ဥက္ကဌ […]

ဆက်စပ်သတင်းများ