spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မည်သည့်ကဒ်မှ မကိုင်ဆောင်ထားတဲ့သူတွေ ရွေးကောက်ပွဲမှာ မဲထည့်ခွင့်ရနိုင်မလား

Author

Date

Category

စိုးထိုက်အောင်၊ အန်ထောနီ

ကယားပြည်နယ်မှာ နေထိုင်သူတွေထဲက အစိုးရအသိအမှတ်ပြု ကဒ်ပြားတစ်ခုမှ မကိုင်ဆောင်ထားသူ နှစ်သောင်းဝန်းကျင်ရှိနေပါတယ်။ အဲ့ဒီလူတွေလည်း လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရဖို့အတွက် မှတ်ပုံတင် ကဒ်ပြားထုတ်ပေးဖို့ အစိုးရအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ ပြောဆိုနေကြပါတယ်။

၂၀၁၄ ခုနှစ်မှာ အစိုးရက ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ ကယားပြည်နယ်အတွင်း နေထိုင်သူတွေထဲမှာ အသက်(၁၀)နှစ်နှင့်အထက် မည်သည့်ကဒ်မှ ကိုင်ဆောင်ထားခြင်းမရှိသူမှာ (၁၉၂၃၈) ယောက် ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်မှ ကောက်ယူခဲ့တဲ့အတွက် အခုဆို ၂၀၂၀ ခုနှစ်မှာတော့ အသက် (၁၀)နှစ်အထက် မည်သည့်ကဒ်မှ ကိုင်ဆောင်ထားခြင်းမရှိသူတွေဟာဆိုရင် အသက် ၁၈ နှစ် ပြည့်ပြီးသူတွေပဲ ဖြစ်ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း နားမလည်ဘူး၊ ရွေးကောက်ပွဲလည်း မဲမထည့်ဖူးဘူးလို့ အခုချိန်ထိ မှတ်ပုံတင်မရှိသေးတဲ့ အသက် ၄၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဖရူဆိုမြို့နယ် လောဂျာကျေးရွာက ဦးဦးရယ်က အခုလိုပြောပါတယ်။

“ကျနော် မှတ်ပုံတင်မရှိသေးပါဘူး။ ကျနော်မှတ်ပုံတင်လုပ်ချင်ပါတယ်။ ကျနော့်ရွာမှာနေလည်း ကျနော့်ရဲ့ဘုရင်ကို ရွေးခြယ်ဖို့ ကျနော် မဲသွားထည့်ပါ့မယ်။”

ကယားပြည်နယ်အတွင်း နေထိုင်သူတွေထဲက နိုင်ငံသား အသိအမှတ်ပြုကဒ်ပြား မရှိသေးသူတွေ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်မဆုံးရှုံးစေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မှတ်ပုံတင်ကဒ်တွေ ထုတ်ပေးဖို့ ဆောင်ရွက်သင့်ကြောင်း LAIN Technical Support Group က ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ထင်အောင်က ပြောပါတယ်။

“ကျတော်တို့၉၄-၉၅-၉၆ ဒီ ကျတော်တို့ပြည်နယ်ရဲ့ပြည်တွင်းစစ်ကြောင့်မို့လို့စစ်ရှောင့်ခဲ့ရတဲ့သူတွေ၊ ရွာတွေ ၊ အိမ်တွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့သူတွေ အဲ့ဒီကာလတွေမှာ ဒါ ကဒ်တွေဆုံးရှုံးခဲ့မှုတို့၊ ပုံစံ ၁၀တွေဆုံးရှုံးခဲ့ရမှုတို့ ရှိပေမဲ့ ဒါတွေကို အခုချိန်ထိ ဒါပြန်ပြီးတော့ လုပ်ဆောင်ပေးနိုင်စွမ်းတွေ တော်တော်အားနည်းနေသေးတယ်။”

မှတ်ပုံတင်မရှိသေးသူတွေ ဆန္ဒမဲပေးခွင့် မဆုံးရှုံးအောင် ဆောင်ရွက်ပေးဖို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် တွေ့ဆုံမေးမြန်းဖို့ အချိန်မပေးနိုင်ခဲ့ပါဘူး။

မှတ်ပုံတင်နံပါတ်မရှိဘူးဆိုတဲ့ ပထမအဆင့်အချက်အလက်ကို ပြန်ပြီးစစ်ဆေးဖော်ထုတ်တဲ့အချိန်မှာ အခြေအနေသုံးခုကိုတွေ့ရတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်ဝင်းနိုင် က ပြောပါတယ်။

“အဲ့တာကဘာလဲဆိုတော့ ပြုစုစဉ်အခါတုန်းက ပြုစုတဲ့အဖွဲ့ကကျန်သွားတာပေါ/ နံပတ်ဖြည့်ဖို့ကျန်သွားတဲ့ဟာကို ကျနော်တို့ရုံးနှင့် ရုံးလက်ခံအိမ်ထောင်စုစာရင်းနဲ့တိုက်ဆိုင်စစ်ဆေးတဲ့အချိန်မှာ နံပါတ်တွေ့တဲ့အတွက် ဒီနံပါတ်ကိုပြန်လည်ဖြည့်စည်းပေးနိုင်တာကတစ်ပိုင်း၊ နောက်တစ်ခုကတော့ ဒီကျနော်တို့ရုံးလက်ခံအိမ်ထောင်စုစာရင်းမှာရှိတဲ့ ကျနော်တို့ရဲ့နိုင်ငံသားစစ်ဆေးရေးကဒ်ပြားနံပါတ်ကို ကာယံကံရှင်ကအမှန်တစ်ကယ်မလုပ်ရသေးလို့ မရှိသေးတဲ့လူကတစ်ပိုင်း၊ နောက်တစ်ခုက နံပါတ်တော့မရှိဘူး ကျနော်တို့ရုံးမှာလည်း အိမ်ထောင်စုလူဦးရေစာရင်းအမည်မပေါက်သေးဘူးဆိုတဲ့ အခြေအနေသုံးခုနဲ့တွေ့ရမှာပေါ။့”

ပထမအခြေအနေဖြစ်တဲ့ မဲဆန္ဒရှင်စာရင်းပြုစုစဉ် ကျန်ခဲ့တဲ့ နံပါတ်တွေကိုတော့ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို ဒီလူတွေ နံပါတ်ရှိတယ်ဆိုတာကို အကြောင်း ပြန်ပြီးပြီဖြစ်ကြောင်း၊ ဒုတိယအခြေအနေအရတော့ အိမ်ထောင်စုဇယားရှိပြီး မှတ်ပုံတင်မရှိသေးတဲ့ သူကိုတော့ ကွင်းဆင်းဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း၊ တတိယအခြေအနေကတော့ ရုံးလက်ခံအိမ်ထောင်စုစာရင်းလည်းမရှိ မှတ်ပုံတင်လည်းမရှိတဲ့သူကိုတော့ ဌာနက သတ်မှတ်ချက် ကိုက်ညီတဲ့လူကို ယာယီအိမ်ထောင်စု လူဦးရေးစာရင်း သို့မဟုတ် တရားဝင် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးတဲ့အဆင့်ကို ဦးစွာလုပ်ပေးတယ်လို့ သိရပါတယ်။

ဒီလိုအိမ်ထောင်စု ဇယားရှိပြီးသားသူတွေထဲက မှတ်ပုံတင်မရှိသေးတဲ့သူတွေကိုတော့ Norwegian Refugee Council နဲ့ ပူးပေါင်းပြီး မှတ်ပုံတင် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ဖို့ ရှိနေပေမယ့် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် မလုပ်နိုင်ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် လဝကဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မရှိတဲ့သူတွေထဲက အများစုက ရွာပုန်း၊ ရွာရှောင်တွေဖြစ်ပြီး ပြည်ထဲရေးစာရင်းမှာ အသိအမှတ်မပြုထားတဲ့ရွာတွေကဖြစ်ပြီး စစ်ဘေးတုန်းက အိမ်ထောင်စု စာရင်းရော၊ မှတ်ပုံတင်ရော ပျက်စီးဆုံးရှုံးသွားရသူတွေ ဖြစ်တယ်လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။

“ ဟုတ်ကဲ့ တကယ်တမ်းကတော့ ဒါတွေသည်နိုင်ငံသားဖြစ်တယ် ကျတော်တို့၉၄-၉၅-၉၆ ဒီ ကျတော်တို့ပြည်နယ် ရဲ့ ပြည်တွင်းစစ်ကြောင့်မို့လို့စစ်ရှောင့်ခဲ့ရတဲ့သူတွေ၊ ရွာတွေ ၊ အိမ်တွေ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့သူတွေ အဲ့ဒီကာလတွေမှာ ဒါ ကဒ်တွေဆုံးရှုံးခဲ့မှုတို့၊ ပုံစံ ၁၀ တွေဆုံးရှုံးခဲ့ရမှုတို့ရှိပေမဲ့ ဒါတွေကို အခုချိန်ထိ ပြန်ပြီးတော့ လုပ်ဆောင်ပေးနိုင်စွမ်းတွေ တော်တော်အားနည်းနေသေးတယ်။”

ပြည်နယ်အတွင်း မှတ်ပုံတင် မရှိလို့မဲပေးပိုင်ခွင့် မရတဲ့ ကိစ္စမျိုးကို လုံးဝလက်ခံမှာ မဟုတ်ဘူး၊ မှတ်ပုံတင် မရှိတဲ့လူတွေကို မဲပေးပိုင်ခွင့် ရရှိဖို့အတွက် အရေးကြီးတယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ဦးဘီတူးက ပြောပါတယ်။

“မဲတစ်မဲကအစ အရေးကြီးတယ်။ ၂၀၁၅ တုန်းကဆိုရင် ၅၄ မဲနဲ့ ကပ်ရှုံးသွားတာရှိတယ်။ မဲတစ်မဲချင်းက အရေးကြီးသလို ပြည်သူတွေရဲ့ ဒီမိုကရေစီပါဝင်ခွင့်ကိုလည်း ဒီနေရာမှာ ဆုံးဖြတ်တဲ့အတွက် သူ့ရဲ့ တိုက်ရိုက် ဒီမိုကရေစီကို ကျင့်သုံးနိုင်တဲ့တစ်ခုတည်းသောဟာက မဲထည့်တဲ့ဟာဖြစ်တဲ့အတွက် မဲထည့်တာက အရမ်းအရေးကြီးတယ်လို့ ယူဆတယ်ပေါ့။”

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကယားပြည်နယ်မှာ လူဦးရေ နှစ်သိန်း ကိုးသောင်းနီးပါး (၂၈၆၆၂၇ ဦး) ရှိနေတဲ့ထဲမှာ မည်သည့်အသိအမှတ်ပြု အထောက်အထားကဒ်ပြားမှ မရရှိထားသူ နှစ်သောင်းနီးပါး (၁၉၂၃၈ ဦး) ရှိနေတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်းမှာလည်း အထောက်အထား ကဒ်ပြားကိုင်ဆောင်ထားခြင်းမရှိသူတွေကို အထူး စီမံချက်အနေနဲ့ ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ကယားပြည်နယ် ဒေသခံတွေထဲက အသက် ၁၈ နှစ်ပြည့်လို့ မှတ်ပုံတင်ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ( ၁၇၈၃၁၆ ) ဦး ရှိပါတယ်ရှင်။

သက်ဆိုင်ရာ အထွေထွေမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနတွေရဲ့၂၀၂၀ ၊ ဇန်နဝါရီလ ထုတ် ဒေသဆိုင်ရာ အချက်အလက်များအရ ဘောလခဲမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ စုစုပေါင်း ၄၂၈၃ဦး၊ မယ်စဲမြို့ နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၉၃၀ ဦး၊ ဖရူဆိုမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၇၇၂၈ဦး၊ ဖားဆောင်းမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၅၂၂၃ ၊ ရှားတော့မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၄၀၈၆ ဦး ၊ လွိုင်ကော်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၉၆၅၂၄ ဦး ၊ ဒီးမော့ဆိုမြို့ နယ်အတွင်းဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၅၁၇၁၇ ဦး ရှိတယ်လို့ သိရပါတယ်။

တစ်ပြည်နယ်လုံး စုစုပေါင်း မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၁၉၃၄၉၁ ရှိပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကယားပြည်နယ်တွင် လူဦးရေ ( ၂၈၆၆၂၇ ) ဦးသာ ရှိပါတယ်။

ကယားပြည်နယ်အတွင်းမှာတော့ ၂၀၂၀ ဇန်နဝါရီလအထိ လွိုင်ကော်မြို့နယ်အတွင်း တည်ရှိနေတဲ့ နိုင်ငံရေးပါတီတွေကတော့ (၁) အမျိုးသားဒီမိုဂရေစီအဖွဲ့ချုပ်ပါတီ ၊ (၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီ ၊ (၃) တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ၊ (၄) ကယန်းအမျိုးသားပါတီ ၊ (၅) ကယားပြည်နယ်ဒီမိုဂရက်တစ်ပါတီ ၊ (၆) အမျိုးသားတိုးတက်ရေးပါတီ ၊ (၇) ရှမ်းတိုင်းရင်းသားများဒီမိုဂရက်တစ်ပါတီ ၊ (၈) ညီညွှတ်သော ဒီမိုဂရက်တစ်ပါတီ ၊ (၉) အမျိုးသားဒီမိုဂရေစီအင်အားစုပါတီ ၊ (၁၀) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (၁၁) ပအိုဝ့် အမျိုးသားအဖွဲ့ ချုပ်ပါတီ စတဲ့ ပါတီစာရင်းတွေကို လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

spot_img
spot_img

Recent posts