spot_imgspot_imgspot_imgspot_img
Thursday, December 5, 2024
spot_imgspot_imgspot_imgspot_img

“မမ” တွေကြား အသက်ဖက်ထုပ်ရင်း ရှင်သန်နေရတဲ့ ကရင်နီလူထုတွေရဲ့ ဘဝ ဘယ်တော့အေးချမ်းမလဲ…

Author

Date

Category

မော်ဦးမြာ

၂၄ နာရီအတွင်းမှာ ဘယ်အချိန် ကိုယ့်ဘေးမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး “မမ” တွေ ဖြစ်တဲ့ ( ၁၂၀ မမ ၊ ၈၀မမ ၊၈၁ မမ ) တွေ ကျလာမလဲ ဆိုတဲ့ စိုးရိမ်မှုက အရာအားလုံးထက် လွှမ်းမိုးခံနေရတာပါ။

နေ့ခင်း စားဝတ်နေရေးအတွက် ရုန်းကန်နေချိန်လည်း စိုးရိမ်ထိတ်လန့်ရ၊ ညဖက် အိပ်စက်အနားယူချိန်မှာလည်း စိုးရိမ်ထိတ်လန့်ရနဲ့ ကရင်နီလူထုတွေဟာ ထိတ်လန့်မှုကို ရင်ဝယ်ပိုက်ပြီး ရှင်သန်နေကြရပါတယ်။

အောက်တိုဘာလဟာ စပါးစိုက်တောင်သူတွေ ရိတ်သိမ်းချိန် ရောက်ပြီမို့ တောင်သူတွေဟာ စိုးရိမ်မှုတွေကြား၊ ကြောက်လန့်မှုတွေကြားက စိုက်ပျိုးထားတဲ့ စပါးတွေကို ရင်တထိတ်ထိတ်နဲ့ ရိတ်သိမ်းနေကြရပါတယ်။ ဒီနှစ်မှာ တောင်သူတွေဟာ တိုက်ပွဲတွေကြား လက်နက်ကြီး ပစ်ခတ်မှုတွေကြားက စိုက်ပျိုးရတာဖြစ်လို့ ခါတိုင်းနှစ်ရဲ့ တဝက်လောက်သာ စိုက်ပျိုးနိုင်ကြတယ်။

“ကျနော်တို့က စပါးလာရိတ်နေရတာလည်း ရိတ်သာ ရိတ်နေရတာ ကျနော်တို့က တောထဲတောင်ထဲမှာပဲ သွားပြန်အိပ်ရတာပေါ့။ အိမ်မှာဆို ပြန်မအိပ်ရဲဘူး ဘာလို့လဲဆို လက်နက်ကြီးက အချိန်မရွေး လာနိုင်တယ်။ နားစွင့်ပြီးတော့မှ အလုပ်လုပ်နေရတယ်။” လို့ စပါးရိတ်သိမ်းပေးတဲ့ စက်သမား တစ်ဦးက သူနဲ့ တောင်သူတွေရဲ့ လက်ရှိမှာ ရင်ဆိုင်နေရတာတွေကို ပြောပြလာတာပါ။

ကြောက်ရွံ့စရာကောင်းနေပေမယ့် စားဝတ်နေရေးအတွက် ကြောက်ရွံ့မှုကို မမှုတော့ပဲ လက်နက်ကြီး ကျရောက်မှုတွေကြားက အသက်ကို ဖက်ထုပ်ပြီး နေထိုင်နေကြတာပါ။ ဒါတောင် ကရင်နီလူထုတွေဟာ ဘေးလွတ်ရာလို့ ယူဆကြတဲ့ နေရာတွေမှာ ရွေးချယ်နေထိုင်နေကြတာပါ။

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကရင်နီပြည်အတွင်းရှိ ဒေသအသီးသီးကို နေ့စဉ်ညဆက် ဆိုသလို လက်နက်ကြီးတွေကို ပစ်ခတ်လေ့ရှိပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမယ့်လည်း တဖက်သတ် လူထုတွေရှိရာ ဦးတည်ပြီး ပစ်ခတ်လေ့ရှိပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းတစ်နေရာမှာ ၂၀၂၂ခုနှစ် ဩဂုတ်လအတွင်း ကျရောက်ခဲ့တဲ့ လက်နက်ကြီးများ။ ဓာတ်ပုံ – ကန္တာရဝတီတိုင်း( မ် )

လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူ၊ ဒဏ်ရာရသူတွေအပြင် ပျက်စီးသွားတဲ့ လူနေအိမ်၊ ဘာသာရေးအဆောက်အဦးကအစ၊ တိရိစ္ဆာန်တွေအဆုံး ထိခိုက်မှုတွေ အများအပြား ရှိလာခဲ့ပါတယ်။ ကရင်နီပြည်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သားပြည်သူ ၁၀ဦးသေဆုံးခဲ့ရပြီး ၁၉ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ အောက်တိုဘာလ ၂ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှ ၁၉ရက်နေ့အထိ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးထိမှန်မှုကြောင့် ဒီးမော့ဆိုမြို့ ဒေသခံ ၅ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်မှု အများဆုံးကတော့ ဒီးမော့ဆိုမြို့နယ်နဲ့ မိုးဗြဲမြို့ဖြစ်ပါတယ်။

“ဒုန်း…..ဆိုပြီး ကြားလို့ ဘယ်ကလာလဲဆိုပြီး ထပြေးတာ ဘယ်ဟုတ်မတုန်း။ အပေါ်မှာပဲ ကျတယ်လေ။ အိမ်ထိသွားတယ်။ ပြေးသွားတော့ တအောင့်လောက်နေတော့ အဖွားဒီမှာကြည့်တဲ့ ငါ့သွေးတွေယိုနေတယ် ဆိုပြီး ပြောလာတယ်လေ မြေးက။ နောက်အဲ့မှာ သူ့ဦးလေးက လုံချည်နဲ့ သွေးတွေ သုတ်ပေးနေတုန်း ထပ်မပြေးရသေးဘူး။ နောက်တခါ ထပ်ကျတယ်လေ။ နားတွေလည်း အူကုန်တယ်လေ ဘားမကြားရတော့ဘူး။”

ဒါကတော့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေါ်မူနန်း(နာမည်လွှဲ) က သူကြုံခဲ့ရတဲ့ လက်နက်ကြီး ကျရောက်မှုနဲ့ ပတ်သက်ပြီး ပြန်လည်ပြောပြတာဖြစ်ပါတယ်။

ဒေါ်မူနန်းဟာ စစ်ဘေးရှောင်ပြည်သူတစ်ဦးပါ။ သူမနဲ့ မိသားစု စစ်ဘေးရှောင်ရင်း ခိုလှုံနေတဲ့ တဲမှာ ကံဆိုးစွာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ထိခိုက်မှုကြောင့် တဲအိမ်လေး တစ်စစီ ပျက်စီးသွားခဲ့ရပါတယ်။ ဒါ့အပြင် ရင်နှင့်စွာ အသက် ၁၃ နှစ်အရွယ် မြေးလေးဟာ လက်နက်ကြီးကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတာပါ။

“နင်တို့ ဦးလေးလည်း မီးဖိုဆောင်ထဲမှာပဲ ရှိတယ်လေ။ မြန်မြန်လာ သူ့ကို အော်တာ။ ကံတအားဆိုးတယ်။ ကလေးလည်း အဖေအမေလည်း မရှိဘူး။ ပိုက်ဆံသွားရှာတာ သူတို့အဆင်မပြေဘူးလေ။ ကိုယ်လည်း ဘားမှမသိဘူး။ ကြောက်ပါတယ်ဆို။ ဘယ်ကမှန်းမသိ သေနတ်က ပစ်လာတယ်။ သူတို့လည်း လူစိတ်မရှိဘူး။ ကိုယ်ချင်းမစာတတ်ဘူးလား မသိဘူး။” လို့ ဒေါ်နန်းမူက သူမပါးပြင်ထက်မှာ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ကာ ပြောပြရင်း အစားမထိုးမရတော့တဲ့ မြေးလေးအတွက် ရင်နှင့်စွာ ခံစားရတဲ့သက်သေက သူမရဲ့ စကားသံ၊ သူမရဲ့ မျက်ဝန်းထဲမှာ အပြည့်အဝပါပဲ။

နှစ်နှစ်ဝန်းကျင်အထိ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ကရင်နီလူထုတွေဟာ သူတို့အတွက် ဘေးလွတ်ရာဆိုတာ ရှိမနေတော့ပါဘူး။ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ နေရာတွေကို စစ်ကောင်စီတပ်တွေဟာ နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့်ပါ။

စစ်ကောင်စီတပ်တွေဟာ ထိခိုက်ကျဆုံးမှု များပြားလာတဲ့အခါ လူထုကို ပစ်မှတ်ထား ပစ်ခတ်တာမျိုး လုပ်ဆောင်လာပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ဒေသတွေက လူထုတွေဟာဆိုရင် ညဘက်တွေမှာ မီးထွန်းဖို့တောင် ကြောက်လန့်နေကြရပါတယ်။ မီးအလင်းရှိရာကို လက်နက်ကြီးတွေ ရောက်လာမှာကို တွေးပူနေတာကြောင့်ပါ။ ည တွေကို မှောင်မိုက်စွာ ဖြတ်သန်းနေရသလို နေ့ တွေကိုလည်း ကြောက်ရွံ့စွာ ဖြတ်သန်းရင်း ကုန်ဆုံးနေကြရပြီး ကံမကောင်းဘူးဆိုသူတွေကတော့ “ မမ” တွေ ကြောင့် ထိခိုက်သွားကြရတာပါပဲ။

ဒေါ်နန်းမူလိုပဲ တခြားသော ကရင်နီလူထုတွေဟာလည်း ဘေးလွတ်ရာလို့ ယူဆရတဲ့နေရာတွေကို တိမ်းရှောင်နေကြပြီး နေ့ရက်စဉ်တိုင်းကို ခက်ခဲပင်ပန်းစွာ ဖြတ်သန်းနေရတာတဖက် လက်နက်ကြီးရန်ကို နေ့စဉ်နဲ့အမျှ ကြောက်ရွံ့နေရတာတဖက်နဲ့ ရှင်သန်နေကြရတာပါ။

“ကျမ နေခဲ့တဲ့ နေရာဆို ကြုံရတာ သုံးကြိမ်လောက် ရှိပြီ။ ကျမတို့က ခက်ခဲတယ်။ စားဝတ်နေရေးခက်ခဲတယ်။ ဟိုသွားဒီသွားဖို့က စရိတ် မရှိဘူး။ အဲ့ဒါကြောင့် ဒီမှာပဲ ပတ်ပတ်လည် ပြေးပြီးနေနေတာပေါ့။ ဒီဘက်ထုရင် ဟိုဘက်ပြေး၊ ဟိုဘက်ထုရင် ဒီဘက်ပြေး အဲ့လိုပဲ ပတ်ပတ်လည် ပြေးနေရတာပေါ့။” လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သူမနဲ့ ဘဝတူ စစ်ဘေးရှောင်တွေ ဖြတ်သန်းနေရပုံကို ပြောပြနေတာပါ။

စစ်ကောင်စီတပ်တွေဟာ အကျအဆုံးများပြားလာခြင်း၊ ဆုံးရှုံးမှု များပြားလာခြင်းတွေကြောင့် ယခုလို အရပ်သားကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်လာတယ်လို့ ဆိုကြပါတယ်။

ကရင်နီပြည်တွင်းစစ်ရှောင်စခန်းတစ်နေရာ။ ဓာတ်ပုံ – ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီတပ်ဟာ ယခင်ကလို နယ်နှင်းပြီး တိုက်ခိုက်မှုတွေကို လုပ်လာဖို့ ခက်ခဲတဲ့အတွက် လက်နက်ကြီးတွေကို အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာလည်း ဖြစ်နိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက သုံးသပ်ပြောဆိုထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ခေတ်အဆက်ဆက် လူထုတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာ ဖြစ်တဲ့အတွက် လူထုတွေကြောက်လန့်အောင် လက်နက်ကြီးကို အသုံးပြုပြီး လူထုတွေရှိရာကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်နေတာ ဖြစ်ပြီး ဒါဟာ စစ်ကောင်စီတပ်ရဲ့ ဗျုဟာတခုဖြစ်တယ်လို့ သူက ဆက်လက်သုံးသပ်ထားပါတယ်။

“ ဒီလုပ်ရပ်အားလုံးဟာဟာ စစ်ရာဇဝတ်မှု မြောက်တဲ့အပြင် လူသားမျိုးနွယ်စုမှာ ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုတစ်ခုဖြစ်တယ်ဆိုတာကို ကျနော်တို့ အမြဲတမ်း ထောက်ပြလို့ ရတယ်။” လို့ ဦးဗညား စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေ နေ့စဉ်ညတိုင်း လူထုတွေကို ပစ်မှတ်ထား ပစ်ခတ်မှုအပေါ် ပြောဆိုထားတာ ဖြစ်ပါတယ်။

“ဒီလိုလျှောက်ပစ်တာမျိုးတော့ ကျနော်တို့လည်း မလိုလားဘူးလေနော။ ဟိုး…တိုက်ပွဲထဲမှာတွေ တိုက်ပွဲဖြစ်နေတာတွေ ဆိုရင်တော့ တမျိုးပေါ့နော။ အဲ့မှာပဲ ပစ်ပေါ့။ ဒီလိုမျိုး လူထုတွေကြား လျှောက်ပစ်တော့ သဘောမကျဘူးလေ။ လူထုတွေအတွက်လည်း အဆင်မပြေဘူး” လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သူ့ရဲ့ ခံစားချက်ကို ဖွင့်ပြောလာပါတယ်။

“ကျမက ဘယ်လိုခံစားရလဲဆိုရင် လိပ်ပြာလွှင့်သွားသလိုလေ။ အသိညဏ်လည်း မဲ့သွားသလိုပဲ။ ထိုင်နေတန်းလန်းတောင် ထပြေးတာလေ ယောင်ပြီးတော့ အဲ့လိုမျိုးပေါ့။ တအားလန့်သွားလို့။ နောက်ပိတ်ဆုံးတခါဆို ဘယ်လိုဖြစ်သွားလဲဆိုရင်တော့ အရမ်းကြောက်လို့ ပြေးတာ တောင်ကမ်းပါးအထိ ဒါပေမယ့်တော့ ခြေတောက်က အနောက်မှာ ကျန်ခဲ့တယ် အဲ့လိုတွေလေ။ အရမ်းခက်ခဲတယ် လက်နက်ကြီးကျတဲ့အချိန်ဆို” လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက လက်နက်ကြီးရန်ကို ကြုံတွေ့နေရချိန်မှာ သူမရဲ့ အဖြစ်အပျက်ကို ပြောပြလာတာပဲ ဖြစ်ပါတယ်။

ကရင်နီလူထုတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဘေးလွတ်ရာလို့ ယူဆထားရတဲ့ နေရာတွေမှာ ရွေးချယ်ပြီး နေထိုင်ကြပေမယ့် စစ်ကောင်စီရဲ့ “မမ” ရန်ကနေ မလွတ်မြောက်နိုင်ကြပဲ နေရပ်စွန့်ခွာရတဲ့ ဒုက္ခအပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးရန်ကိုလည်း နေ့စဉ်နဲ့အမျှ ကြောက်လန့်နေကြရပါတယ်။

ဘယ်တော့မှ ရလာမယ်မှန်း မသိတဲ့ အေးချမ်းမှုကိုတော့ မျှော်လင့်တောင့်တနေကြရဆဲပါ။

spot_img
spot_img

Recent posts