မယ်စဲ့နယ်စပ်ကုန်သွယ်ရေးစခန်းသို့ရာသီပေါ်သီးနှံသာ တင်ပို့နိုင်သည့်အတွက်အရှုံးပေါ်

မူအက်စတာ

ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှုတွင် ကယားပြည်နယ်မှ ရာသီပေါ်သီးနှံများသာ တင်ပို့နိုင်သည့်အတွက် ဒေသခံကုန်သွယ်ရေးပွဲစားများ နစ်နာနေကြောင်း မယ်စဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောသည်။

“သူ့ကာလ မဟုတ်သေးလို့ပါ။ ပို့ကုန်က အများအားဖြင့် ကြက်သွန်ဖြစ်တယ်ကော။ ကြက်သွန်ထွက်တဲ့ ကာလမဟုတ်သေးလို့ ပို့ကုန်နည်းတာပေါ့ အဲဒီသဘောပါပဲ။ ခုချိန် ငရုပ်သီးဆိုလည်း ခုချိန်ဆို မရှိသေးဘူးလေနော သူ့ရာသီကာလ မဟုတ်သေးဘူး။ ပို့ကုန်က ကြက်သွန်တို့ ငရုပ်သီးတို့လို ပို့တဲ့အတွက် ဒီအချိန်ကာလမှာ မထွက်သေးဘူး။ ရာသီသီးနှံမထွက်တဲ့အတွက် မပို့နိုင်သေးတဲ့ အတွက်ရှုုံးတာပေါ့” ဟု ပြောသည်။

ထိုင်းနိုင်ငံမှ အဓိကအားဖြင့် အလှကုန်ပစ္စည်းနှင့် အချိုရည်၊ ပင်လယ်စာစသည့် အသင့်စားအစားအစာများကို တင်သွင်းနေပြီး ကယားပြည်နယ်မှ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ စသည်တို့သာ တင်ပို့နိုင်ခဲ့သည်။ ကုန်ဝင်ကုန်ထွက်မှာ ကယားဖက်မှ သွင်းကုန်ပိုများနေကြောင်း ဦးမျိုးသန့်က ဆက်ပြောသည်။

ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး တစ်ဖက်နိုင်ငံ၏ စီးပွားရေးမူဝါဒ အပြောင်းအလဲကိုလည်း လေ့လာသင့်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းနိုင်နိုင်ထွေးက ပြောသည်။

“တစ်ဖက်နိုင်ငံက စီးပွားရေးမူဝါဒဘယ်လိုရှိတယ်၊ စီးပွားရေးဆောင်ရွက်နိုင်မှု စီးပွားရေးဇုန်ပြင်ဆင်ထားမှု ရှိ/မရှိ မသိဘဲနဲ့ နာမည်ရရေးတစ်ခုတည်းအတွက်ဘဲ ကိုယ့်ဖက်က သီးသန့်သွားလုပ်နေတယ်၊ သက်ဆိုင်ရာ အာဏာပိုင်လို့ပြောပေမယ့် သူများဖက်ကလည်း သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားရပါတယ်။ ထိုင်းနိုင်ငံဆိုပေမယ့် နိုင်ငံရေးရဲ့ စီးပွားရေးမူဝါဒ သက်ဆိုင်ရာဒေသအသီးသီးရဲ့ စီးပွားရေးဆုင်ရာ စီမံကိန်းဖေါ်ဆောင်မှု စတာတွေကို အဆင့်ဆင့် သူတို့လည်း ထည့်သွင်းစဉ်းစားရသေးတာ။ တစ်ဖက်နိုင်ငံရဲ့ စီးပွားရေးမူဝါဒကိုမသိဘဲ ကိုယ့်ဖက်ကဘဲ သွားလုပ်နေလို့မရဘူး”ဟု ပြောသည်။
ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံကြား ကုန်သွယ်ရေးလမ်းကြောင်နှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရသည် ထိုင်းအစိုးရနှင့် တွေ့ဆုံသည့်အချိန်တိုင်း ကုန်သွယ်ရေးလမ်းကြောင်း အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ရန် တိုက်တွန်းပြောဆိုကြောင်း ဦးမျိုးသန့်က ပြောသည်။

“ခဏခဏကတော့ သွားတိုင်း ဟိုဘက်အစိုးရနဲ့ ဒီဘက်အစိုးရဆုံလိုက်တိုင်း လမ်းကိစ္စပဲ တောက်လျှောက်ပြောနေတာ။ သူတို့ဘက်က အဓိကကတော့ သစ်တောပေါ့ သစ်တောထိန်းသိမ်းတဲ့သူတွေက ဥပဒေက ခွင့်ပြုလို့မရသေးတဲ့အတွက် သူတို့ဘက်ကလည်း ကြိုးစားနေတုန်းပေါ့။ ရဖို့အလားအလာတော့ ရှိပါတယ်။ ဒါမဲ့ ခုထိတော့မရသေးပါဘူး။ သူတို့ဘက်ကလည်း ကြိုးစားတယ် ဒီဘက်ကလည်း တိုက်တွန်းတယ်။ ဒီအချိန်ထိတော့ ကြိုးစားနေဆဲပေါ့။ ရဖို့အလားအလာတော့ ရှိပါတယ်” ဟု ဦးမျိုးသန့်က ပြောသည်။

ကယားပြည်နယ်ဖက်၌ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာစေရန်အတွက် ကုန်သွယ်ရေးလမ်းကို ထပ်မံတိုးချဲ့နေပြီ ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကို ယခင်နှစ် ၂၀၁၆ခုနှစ် အောက်တိုဘာလတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Comments

comments

Next Post

ဥပဒေစိုးမိုးရေး ချိုးဖောက်မှု ဝန်ထမ်းများပတ်သက်နေဟု ကယားပြည်နယ်လွှတ်တော်ဥက္ကဌဝေဖန်

Wed Oct 4 , 2017
ထျိုးမြာ/ကန္တာရဝတီတိုင်း(မ်) ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၌ ချိုးဖောက်ရာတွင် ဝန်းထမ်းများပါဝင်မှုများရှိနေသည်ဟု ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက ဝေဖန်ပြောဆိုလိုက်သည်။   “သစ်ကသွားကြားထိုးသံမဟုတ်ဘဲနဲ့ တစ်ခြားပြည်နယ်ကို ရောက်နေတဲ့ကိစ္စတွေဟာ ဂိတ်တွေအဆင့်ဆင့်ရှိပြီးမှ ရောက်တဲ့ကိစ္စတွေဟာ ဌာနဆိုင်ရာတွေပါပါတယ်။ ကျနော်ဒီတရားဥပဒေစိုးမိုးရေးကို ပြောချင်တာကတော့ ကျနော့်မှာ သက်သေအထောက်အထားအခိုင်အလုံရှိပါတယ်။ ဒီကနေလုပ်ပေးမယ်ဆိုရင်တော့ ကျနော်တင်ပေးမယ်။ မလုပ်ပေးဘူးဆိုရင်တော့ ကျနော်က နိုင်ငံတော်အတိုင်ပင်ခံကို ကျနော်တင်တော့မယ် ”ဟု လွှတ်တော်ဥက္ကဌက ပြောကြားသည်။ စက်တင်ဘာလ (၂၈) ရက် Famous Hotel တွင် ပြုလုပ်သည့် ကယားပြည်နယ်တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြသည့်အခမ်းအနားတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။   ထို့အပြင် လက်နက်ကိုင်များအနေနှင့်လည်း မိသားစုစားဝတ်နေရေးအတွက် သစ်ခဲများထုတ်ယူရာတွင် တစ်ခြားနိုင်ငံများတွင်သာ ကြီးပွားသွားမည်ဖြစ်သောကြောင့် […]

ဆက်စပ်သတင်းများ