spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့ကိုပြန်ရဖို့ အင်အားသုံးမဲ့စစ်ကောင်စီ ရှမ်းမြောက်တိုက်ပွဲအတွက် တပ် တချို့ကို ပြန်နုတ်ယူ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ်တန်းဟာ အလုံးအရင်းနဲ့ ကရင်နီပြည်ကို ဝင်ရောက်လာနိုင်ခဲ့တာ နှစ်ကြိမ် ရှိပြီဖြစ်ပါတယ်။ ယခင် ၂၀၂၂ ခုနှစ်မှာ ယာဉ်တန်း အစီး ၄၀ ဝင်ရောက်လာခဲ့တာ ရှိပါတယ်။ ယခုနှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာ ဒုတိယအကြိမ် ဝင်ရောက်လာနိုင်ခဲ့ပြီး အစီး ၇၀ နဲ့အထက် ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းက ကရင်နီပြည်ရဲ့ နယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့ကို လက်လွတ်လိုက်ရပြီးနောက်ပိုင်း မှာ နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက တပ်အင်အားတွေ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ကုန်းကြောင်း၊ လေကြောင်းနဲ့ ပို့ဆောင်နေပါတယ်။

ထောက်ပို့ယာဉ်တန်းတွေကို ပို့ဆောင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းမှာ ဖားဆောင်း၊ ဘောလခဲ မြို့နယ်ဘက်ကို ဦးတည်ပြီး မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကရင်နီဒေသခံတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ဖရူဆိုမြို့နယ် အတွင်းမှာ နေ့စဉ်ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ( နိုဝင်ဘာလ ၅ ရက်နေ့) နံနက်ပိုင်းမှာ ဒီးမော့ဆိုကနေ – ဖရူဆို လမ်းမကြီးကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကားလေးစီးကိုဖျက်ဆီးနိုင်ခဲ့ပြီး တစီးကိုသာမီးရှို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန် သုံးစီးကိုတော့ စစ်ကောင်စီတပ်သားတွေက ကရိန်းကားတွေနဲ့ လာရောက်ဆွဲယူသွားခဲ့တယ်လို့ သိရပါတယ်။ ဖျက်ဆီးလိုက်တဲ့ ကားထဲမှာတော့ ဆန်ရိက္ခာတွေအပြည့်တင်ဆောင်ထားတယ်လို့ မြေပြင် မှာရှိနေတဲ့ တော်လှန်ရေးရဲဘော်ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ဝင်ရောက်လာခဲ့တဲ့ ယာဉ်တန်းကိုလည်း တော်လှန်ရေးအင်အားစုတွေက မီးရှို့ဖျက်ဆီးနိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်လည်း ရှိခဲ့ပါတယ်။ ကရင်နီပြည်ထဲကို ဝင်ရောက်လာနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ်တန်း နှစ်ကြိမ်လုံးကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်တချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ယာဉ်ပျက်စီးမှုအရေအတွက်ကိုတော့ တော်လှန်ရေးအင်အားစုတွေက အတည်ပြုနိုင်ခြင်း မရှိပါဘူး။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ပထမ အပတ်မှာ စတင်ဝင်ရောက်လာတဲ့ ယာဉ်တန်းကိုတော့ ကြားဖြတ်တိုက်ခိုက်လာခဲ့တာ သုံးလဝန်းကျင်အထိ ရှိနေပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

ထောက်ပို့ယာဉ်တန်းမှာ စစ်ကောင်စီတပ်သားအင်အား၊ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ပါရှိပြီး ဇွန်လအတွင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရယူနိုင်ခဲ့တဲ့ မယ်စဲ့မြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီက ကြိုးပမ်းနေတာ ဖြစ်တယ်လို့ စစ်ရေးချုပ် ခူးရီးဒူ က ပြောပါတယ်။ လက်ရှိမှာတော့ ယာဉ်တန်းတချို့ဟာ ဘောလခဲမြို့ကို ရောက်ရှိနေပြီး တချို့မှာ ဖရူဆိုမြို့က အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ဒီယာဉ်တန်းမှာကတော့ အဓိက ကတော့ တပ်မ ၅၅ ပေါ့လေနော။ ဒီ ၂၀၂၃ မှာ လာတဲ့ ယာဉ်တန်းက တပ်မ ၅၅ ဖြစ်တယ်။ ရိက္ခာပို့တာလည်း ပါတယ်။ လက်နက်ခဲယမ်းပို့တာလည်းပါတယ်။ အဓိကကတော့ ဘောလခဲဖက်ကို ဖြည့်တယ်။ ဘောလခဲကနေ တဆင့် ဖားဆောင်း မယ်စဲ့တို့ကို ဆုံးရှုံးသွားတဲ့ မယ်စဲ့မြို့ကို သူတို့ ပြန်သိမ်းယူနိုင်ဖို့အတွက် ယာဉ်တန်းမှာကတော့ ရိက္ခာရော၊ လက်နက်ရော၊ လူအင်အားရော ဖြည့်တယ်လို့ ကျနော်တို့ သိရပါတယ်။” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ ဝင်ရောက်လာခဲ့တဲ့ ယာဉ်တန်းဟာ ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှာ ရှိနေသေးပြီး၊ လက်ရှိအချိန်ထိ ကရင်နီကို ဝင်ရောက်လာနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ်တန်းဟာ အစီး တရာကျော်အထိ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ မြေပြင်ထိုးစစ်ဆင်မှုကို ပြုလုပ်ဖို့ ခက်ခဲလာတာကြောင့် လေကြောင်း၊ လက်နက်ကြီးတွေကိုသာ အဆမတန် အသုံးပြုနိုင်တယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

“ကျနော်တို့ အကောင်းဆုံးဖြတ်တိုက်တဲ့ကြားက ကျော်သွားတဲ့ စစ်ကောင်စီယာဉ်တန်း တချို့တော့ ရှိတယ်။ ဒါကလည်း သူတို့ဖက်က လက်နက်ကြီးတွေ အဆမတန် အသုံးပြုတာရယ် ပြီးတော့မှ အဓိကက လေကြောင်းပေါ့လေနော။ စစ်ကောင်စီမှာတော့ ဒီနှစ်ခုဘဲ ကျန်နေပါတော့တယ်။ မြေပြင် ထိုးစစ်ဆင်မှုတွေကတော့ သူတို့ မလုပ်နိုင်တော့ဘူးလေနော။ အဓိကကတော့ လေကြောင်း တိုက်ခိုက်မှုရယ် ပြီးတော့ လက်နက်ကြီး ပစ်ခတ်မှုရယ် ဒီနှစ်ခုဘဲ သူတို့ ဆက်တိုက်ဆိုသလို အသုံးပြုတာပေါ့။” လို့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ကရင်နီမှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ အကြိမ်ရေ ၆၃၇ ကြိမ် ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကနေ ဆင်နွှဲနေတဲ့ (Operation 1027) ၁၀၂၇ စစ်ဆင်ရေး မှာ တပ်စခန်း အများအပြားကို လက်လွတ်ဆုံးရှုံးထားရတာကြောင့် ကရင်နီကို ပို့ဆောင်ထားတဲ့ တပ်ရင်းတချို့ကို ရှမ်းပြည်မြောက်ပိုင်းကို စစ်ကူပို့ဖို့ စီစဉ်နေတယ်လို့ သိရကြောင်းကို ကရင်နီတပ်မတော် KA နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောပါတယ်။

“သူတို့ကတော့ သွားတယ်လို့ ကျနော်တို့ ကြားထားတော့ အဲ့လိုဘဲထင်တယ် သုံးသပ်တယ်လေနော။ သူတို့တကယ်သွားတိုက်ပါတယ်။ ဘယ်လောက်သွားမလဲဆိုတာကတော့ ကျနော်တို့ မပြောတတ်သေးဘူး။ လောလောဆယ်ကတော့ ၅၅ လည်း တချို့ကျန်နေသေးတယ်လေ။ လာတဲ့ တပ်ရင်းတပ်ခွဲတွေက တက်ရမယ်လို့တော့ ကြားတယ်လေ။” လို့ KA စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောပါတယ်။

ဒီနိုဝင်ဘာလ အစောပိုင်းမှာပဲ ဖားဆောင်း၊မယ်စဲ့ဘက် ကို မြေပြင်စစ်ကြောင်းထိုးပြီး ထောက်ပို့ယာဉ်တန်းတွေကိုပို့ဆောင်နေတဲ့ စစ်ကောင်စီတပ်ဟာ ဖရူဆိုကနေ လွိုင်ကော်ဘက်ကို ပြောင်းပြန်စစ်ကြောင်းထိုးလာတာကလည်း မြောက်ပိုင်းစစ်ဆင်ရေးကိုကူဖို့ တပ်ကူပို့မယ်ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သုံးသပ်ချက်က မှန်တယ်လို့ ပြောလို့ရနေပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့မှာပဲ စစ်ကား အစီး ၇၀ ပါ ယာဉ်တန်းဟာ ဖရူဆိုကနေ ဒီးမော့ဆို – လွိုင်ကော်ဘက်ကို ဦးတည်ပြီး တက်သွားတာကို မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေက မျက်မြင်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ရေးချုပ် ခူးရီးဒူကလည်း မြောက်ပိုင်းမှာ 1027 စစ်ဆင်ရေးစတင်ပြီး စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေကို အများအပြား သိမ်းပိုက်လိုက်နိုင်တာကြောင့် ကရင်နီကို ရောက်နေတဲ့ တပ်မ ၅၅ က မြောက်ပိုင်းကို စစ်ကူပြန်သွားဖို့ ကြိုးစားနေတယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

ကရင်နီပြည်မှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် ဖြတ်သန်းသွားလာခြင်းတွေကို အထူးဂရုစိုက်ဖို့နဲ့ ဒီးမော့ဆိုမြို့ပေါ်က ရပ်ကွက်တွေမှာ ပြန်လာနေထိုင်ခြင်း မပြုလုပ်ကြသေးဖို့ကို တော်လှန်ရေးအင်အားစုတွေက အသိပေးတိုက်တွန်းထားပါတယ်။

spot_img
spot_img

Recent posts