spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းယူနေစဉ် လေကြောင်းတိုက်ခိုက် ခံရတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့

ကန္တာရဝတီတိုင်း( မ် )

ပြီးခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့က ကရင်နီပြည် မယ်စဲ့မြို့၊ ပန်တိန်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူနေစဉ် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ အဆမတန်ပစ်ခတ်လာမှု ကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက် တိုက်လေယာဥ်နဲ့ (၂၅) ကြိမ် လာရောက်ဗုံးကြဲခဲ့သလို ပွိုင့် ဖိုက် တွေနဲ့လည်း ပစ်ခတ်မှုရှိခဲ့တယ်လို့ ကရင်နီတပ်မတော်( KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ဆိုပါတယ်။

“ လေယာဥ်က ၂၅ ကြိမ်လောက် ဗုံးလာကြဲပြီးတော့ ပွိုင့်ဖိုက် တွေနဲ့ပစ်တယ်လေ။ ပန်တိန်းမှာ ၁၇ ရက်နေ့ကပေါ့။ ” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာဟာ ယခင်က က.လ.လ.တ ရဲ့ BGF ၁၀၀၄ တပ်ရင်း ရှိနေခဲ့တဲ့ နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်ခါသိမ်းယူခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဇွန်လ ၂၉ ရက်နေ့မှာပဲ ပြန်လည်တိုက်ခိုက်ပြီး တပ်စွဲထားတာဖြစ်ပါတယ်။

“ ကျနော်တို့ ၁၇ ရက်နေ့တုန်းက ကျနော်တို့ ပန်တိန်းတပ်စခန်းကို ဒုတိယအကြိမ် ထပ်တက်သိမ်းဖို့ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထပ်ကြိုးစားပါတယ်။ ဒါပေမဲ့ သိမ်းတဲ့အချိန်မှာ ကျနော်တို့ စခန်းက ၅၀ ရာခိုင်နှုန်းလောက်က သိမ်းနိုင်ပြီးပြီခင်ဗျ။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ သိမ်းဖို့ကျန်သေးတယ်။ အဲဒီသိမ်းတဲ့အချိန်မှာ လေယာဥ်တွေက တောက်လျှောက်လာတယ်ဗျ။ “ လို့ ကရင်နီအမျိုးသားလွှတ်မြောက်ရေးတပ်ဦး ( KNPLF )က တွဲဖက် အထွေထွေအတွင်းရေးမှူး ရဲဘော် လောရင်းစိုးက ပြောပါတယ်။

အဆိုပါ စခန်းကို မသိမ်းယူနိုင်ခဲ့ပဲ ပြန်လည်ဆုတ်ခွာလာခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိနိုင်သလို ကရင်နီအမျိုးသားလွှတ်မြောက်ရေးတပ်ဦး ( KNPLF )ရဲ့ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရတယ်လို့ ရဲဘော်လောရင်းစိုးက ဆက်ပြောပါတယ်။

အဆိုပါ ပန်တိန်းက စခန်းဟာ မယ်စဲ့မြို့ကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အရေးပါတဲ့ စခန်းနေရာဖြစ်နေတဲ့အတွက် စစ်ကောင်စီက အပြင်းအထန်ကာကွယ်နေတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုကြပါတယ်။

spot_img
spot_img