spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်၊ နှစ်ဖက်အကျအဆုံးရှိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်းရှိ ပန်တိန်းကျေးရွာအနီး BGF တပ်စခန်းအပြင်ဖက်က စစ်ကောင်စီတပ်စွဲနေရာယူထားတဲ့ တပ်စခန်းတစ်ခုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီတပ်မတော်(KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ အတည်ပြု ပြောကြားပါတယ်။

“BGF စခန်းပဲလေ BGF ထဲပါတာပဲလေ။ BGF လို့ပြောတာပေါ့ ပန်တိန်းမှာရှိတဲ့ ၁၀၀၄ BGF စခန်းပေါ့နော အဲ့ဒီစခန်းအပြင်တစ်ခု ကျနော်တို့သိမ်းတာ။ အထဲတော့ သူတို့မနေတော့ဘူး အပြင်မှာနေတာ သွားတိုက်တာ ဒီမနက်။ ဒီမနက် ၄ နာရီသွားပြီးတော့ တိုက်တယ်။ ပစ္စည်းလည်းရတယ်။” လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ပြောပါတယ်။

ဒီကနေ့ မနက်စောပိုင်းက ပူးပေါင်းတပ်ဖွဲ့တွေကနေ စစ်ကောင်စီရဲ့ တပ်စွဲထားတဲ့နေရာကို ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဖက်က သေဆုံးမှုအပြင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၁၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပူးပေါင်းတပ်ဖွဲ့ကလည်း ကရင်နီတပ်မတော် (KA) ၊ KNDF ဖက်ကလည်း အကျအဆုံးရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အတောအတွင်း စစ်ကောင်စီကနေ လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကစပြီး မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်း-ကရင်နီနယ်စပ်တစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ တောင်လှ၊ မယ်တနွယ်၊ BP -13 ၊ BP – 14၊ နမ့်ပေါင် တပ်စခန်းနဲ့ မယ်စဲ့ရဲစခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပါတယ်။

ဒီကနေ့ တိုက်ပွဲမှာတော့ ကရင်နီတပ်မတော် (KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ တခြားသော တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img