spot_imgspot_imgspot_imgspot_img
Thursday, February 13, 2025
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နယ်အတွင်းက တပ်စခန်းတွေကို စစ်ကောင်စီဆုတ်ခွာ၊ ပြည်သူတွေ နေရပ်မပြန်ကြသေးဖို့ KA အသိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်စွဲနေရာယူထားတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်နီပြည် တပ်မတော်(KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ဒီကနေ့ (နိုဝင်ဘာ ၂၇ရက် ) မှာ ပြောပါတယ်။

“မရှိတော့ဘူးနော်။နောက်ဆုံး ပန်တိန်းစခန်း ပန်တိန်းစခန်းလည်းမရှိတော့ဘူး ရှင်းပြီးပြီ။ နှစ်ရက်ရှိပြီ ရှင်းပြီးတာ၊ ၂၄ ရက်နေ့စပြီး သူတို့ထွက်ခွာတာလေးနော်” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းတခုဖြစ်တဲ့ ပန်တိန်းစခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ တပ်ဆုတ်သွားခဲ့တာဖြစ်တယ်လို့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းက ကရင်နီပြည်နဲ့ ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့မြို့ကို စစ်ကောင်စီက လက်လွတ်လိုက်ရပြီးနောက်ပိုင်းမှာ နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက တပ်အင်အားတွေ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ကုန်းကြောင်း၊ လေကြောင်းနဲ့ ပို့ဆောင်နေတာရှိပါတယ်။ လွိုင်ကော်မြို့နယ်အတွင်းမှာ ဖော်ဆောင်နေတဲ့ (၁၁.၁၁) စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းမှာ မယ်စဲ့မြို့နယ်အတွင်းက စစ်ကောင်စီ တပ်သားတွေ ဆုတ်ခွာသွားပြီလို့ ဖားဆောင်း PDF မှ တာဝန်ရှိသူတဦးကလည်း ဆိုပါတယ်။

“မယ်စဲ့ ဘက်ခြမ်းမှာတော့ ဒီ ပန်တိန်းက ရှိနေတဲ့ စစ်ကောင်စီတပ်တွေတော့ ဆုတ်သွားပြီ ပေါ့နော်” လို့ ဖားဆောင်း PDF မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

လက်ရှိ မယ်စဲ့မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေ မရှိတော့ပေမဲ့ အရပ်သားပြည်သူတွေကတော့ မယ်စဲ့ မြို့ထဲ ပြန်နေကြတာမရှိသေးဘူးလို့သိရပါတယ်။ စစ်ကောင်စီက အရပ်သားပြည်သူတွေရှိရာနေရာတွေကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတာရှိတဲ့အတွက် လုံခြုံရေးကို ဂရုစိုက်ပြီး နယ်မြေအခြေအနေကို စစ်ဆေးမေးမြန်းပြီးမှသာ ပြန်နေထိုင်သင့်တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က အသိပေးပြောဆိုပါတယ်။

“လောလောဆယ်တော့ မနေသေးဘူးထင်တယ်။ အခြေအနေမေးကြည့်ကြည့်မယ်။ ပြန်နေလို့ ရမရ ပေါ့နော်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။

လက်ရှိမှာတော့ မယ်စဲ့မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွေ မရှိတော့ဘဲ စစ်ကောင်စီဖက် တပ်ဆုတ်သွားတဲ့အပေါ် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အသိပေးထုတ်ပြန်တာတော့ မရှိသေးပါဘူး။

spot_img
spot_img
spot_img

Recent posts