ကန္တာရဝတီတိုင်း(မ်)
မနေ့က ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ မယ်စဲ့မြို့နယ် အနီးက စစ်ကောင်စီတပ်စခန်း ၃ ခု နဲ့ မယ်စဲ့မြို့နယ် မြို့မ ရဲစခန်းကို ကရင်နီတပ်မတော် KA ၊ KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်သိမ်းယူခဲ့ပြီး တိုက်ပွဲတွေကြောင့် မယ်စဲ့မြို့နယ် ဒေသခံအပါအဝင် အဲဒီဒေသမှာရှိတဲ့ စစ်ဘေးရှောင်တွေ စုစုပေါင်း ဦးရေ တစ်ထောင်ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ခိုလှုံလာကြရတယ်လို့ မြို့ခံတွေဆီကနေ သိရှိရပါတယ်။
ရုတ်တရက် တိမ်းရှောင်နေရတဲ့ အခြေအနေဖြစ်တာကြောင့် ပစ္စည်းတွေ မသယ်ဆောင်လာနိုင်ခဲ့တဲ့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
“မနေ့ညကတော့ လူတစ်ထောင်ကျော်လောက် ရောက်လာပြီတဲ့ ထိုင်းဖက်ခြမ်းမှာ။ ပစ္စည်းလိုအပ်တာကတော့ စားစရာ၊ ရေ တို့ပေါ့။ စားဖို့သောက်ဖို့ပဲ ။ ဒါပေမယ့် သူတို့ အိပ်စရာတော့ ဘာမှ မရှိဘူး။ ဘယ်လိုအိပ်ကြလဲတော့ မသိဘူး။ ညတုန်းက။” လို့ ထွက်ပြေးတိမ်းရှောင်နေရသူများနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ထိုင်းနယ်စပ်ဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြသူတွေထဲမှာ မယ်စဲ့မြို့ခံတွေနဲ့ ဒီးမော့ဆို၊ ဖရူဆိုကနေ နယ်စပ်အမှတ် ၁၄ (BP 14) ကို လာရောက်တိမ်းရှောင်နေကြသူတွေ ပါဝင်တယ်လို့ သိရပါတယ်။
“၁၄ ကနေ စစ်ရှောင်စခန်းတွေ ရှိတယ်လေ။ အဲ့ဒီစခန်းထဲကလူတွေလည်း ထွက်ပြေးလာကြပြီ။ မနေရဲတော့ဘူးတဲ့။” လို့ အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသူများနဲ့ နီးစပ်သူတစ်ဦးက ဆက်ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၁၄ ရက်နေ့အထိ ထပ်မံတိမ်းရှောင်နေကြရတဲ့ လူထုတွေ ရှိနေဆဲဖြစ်တယ်လို့ မြို့ခံတွေဆီကနေ သိရှိရပါတယ်။